၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင် မြို့ပြပြောက်ကျားအဖွဲ့တွေ ဖမ်းဆီးခံရမှုများလာနိုင်
၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင် မြေပြင်သပိတ်ဆင်နွှဲနေကြသူတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ တော်လှန်ရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေများလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ကပြောပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-01-08 -
-
-
၂၀၂၃ အထွေထွေရွေးကောက်ပွဲမတိုင်ခင် မြေပြင်သပိတ်ဆင်နွှဲနေကြသူတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ တော်လှန်ရေးသမားတွေနဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ယူဆတဲ့ နိုင်ငံရေးသမားတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေများလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ကပြောပါတယ်။
အကျဉ်းထောင်အတွင်း လူဦးရေများနေတာကို လျှော့ချတဲ့အနေနဲ့ ရာဇဝတ်သားအများအပြားနဲ့ နိုင်ငံရေးသမားတချို့ကို စစ်ကောင်စီက နေ့ကြီးရက်ကြီးတွေမှာ လွှတ်ပေးနေပြီး နောက်ပိုင်းမှာ အကျဉ်းထောင်တွေအတွင်း ရာဇဝတ်သားတွေမရှိတော့ဘဲ ဗုံးခွဲမှု၊ လက်နက်မှု စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးသမားတွေသာ များလာနိုင်စရာရှိတယ်လို့ သူက သုံးသပ်ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့က မကွေးတိုင်း၊ မင်းဘူးမြို့နယ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးနဲ့ သားသမီးသုံးဦးကို စစ်ကောင်စီက တိမ်းရှောင်နေတဲ့နေရာအထိ ရှာဖွေဖမ်းဆီးခဲ့တဲ့အခြေအနေ၊ မစ္စတာရှောင်တာနဲလ်ကို မြန်မာပြည်နဲ့ ပတ်သက်လို့ မဟုတ်မမှန်တွေပြောတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လွတ်ငြိမ်းကို ပြန်ရုပ်သိမ်းတယ်လို့ ကြေညာချက်ထွက်ပေါ်နေတဲ့အပေါ် သဘောထားအမြင်၊ NUG၊ NUCC နဲ့ CRPH လို တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဘက်က လုပ်ဆောင်ဖို့လိုအပ်နေတဲ့ အခြေအနေတွေအပေါ် ကိုမင်းသွေးသစ်ရဲ့သဘောထားကို RFA နှင့် စကားပြောခြင်းအစီအစဉ်ကနေ မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။