ဆန္ဒပြမှုအားလျော့အောင် စစ်ခေါင်းဆောင်တွေ စောင့်ဆိုင်းနေတယ်လို့ သုံးသပ်

မြန်မာ့တပ်မတော်ဟာ ဆန္ဒပြ လှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ၁၉၈၈ ခုနှစ် နဲ့ ၂၀၀၇ ခုနှစ် အဓိကရုဏ်းတွေတုန်းကလဲ သွေးထွက်သံယို ဖြစ်ရပ်တွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာ တွေ့ရတယ်လို့ IHS Janes နိုင်ငံတကာ စစ်ရေးမဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။

IHS Janes နိုင်ငံတကာ စစ်ရေးမဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis။

မြန်မာ့တပ်မတော်ဟာ ဆန္ဒပြ လှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ၁၉၈၈ ခုနှစ် နဲ့ ၂၀၀၇ ခုနှစ် အဓိကရုဏ်းတွေတုန်းကလဲ သွေးထွက်သံယို ဖြစ်ရပ်တွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာ တွေ့ရတယ်လို့ IHS Janes နိုင်ငံတကာ စစ်ရေးမဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံတကာအခြေအနေတွေအရ နိုင်ငံတကာက စစ်ရေးအရအရေးယူဖို့ ဖြစ်နိုင်ခြေ အလွန်နည်းတဲ့အတွက်၊ မြန်မာစစ်တပ်ဟာ ဆန္ဒပြတောင်းဆိုမှုတွေ အားလျော့သွားတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ရင်း အာဏာတည်မြဲအောင် ဆက်လုပ်သွားလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - အခုဆိုရင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေတဲ့ ဆန္ဒပြ ပြည်သူတွေထဲက အချို့ဟာ မြန်မာ့ တပ်မတော်ကို နိုင်ငံတကာက စစ်ရေးအရ တိုက်ခိုက်အရေးယူတာမျိုးလုပ်ဖို့ တောင်းဆိုလာတာ ရှိနေပါတယ်။ အတိတ်ကို ကြည့်မယ်ဆိုရင် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်ရုံလောက်နဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို မထိခိုက်ဘူး သုံးသပ်ထားတာတွေလည်း ရှိပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာ့ တပ်မတော်ကို စစ်ရေးအရ တိုက်ခိုက်ပြီး အရေးယူခံရတာမျိုး အမှန်တကယ်ဖြစ်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ထင်ပါသလား။

■ လက်ရှိ အခြေအနေမှာ မြန်မာ့ တပ်မတော်ကို စစ်ရေးအရ တိုက်ခိုက်ပြီး အရေးယူဖို့ ဖြစ်နိုင်ခြေ အလွန့်အလွန်မှ နည်းပါတယ်။ လက်ရှိ နိုင်ငံတကာ အခြေအနေတွေအရ နေတိုး အဖွဲ့က ယူဂိုဆလားဗီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ခဲ့တုန်းက အခြေအနေမျိုး မဟုတ်တော့ပါဘူး။ အဲဒီနောက်ပိုင်း အီရတ် နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ရင် အာဏာရှင်တွေကို ဖြုတ်ချလိုက်နိုင်ပေမယ့်၊ နောက်ပိုင်း အဲဒီနိုင်ငံတွေမှာ ဖရိုဖရဲဖြစ်ပြီး ကျန်ခဲ့တာတွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ကို စစ်ရေးအရ အရေးယူတိုက်ခိုက်တာဟာ အနောက်နိုင်ငံအစိုးရတွေအတွက် ဘာမှ အကျိုးမရှိနိုင်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံထဲကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်တပ်တွေ ရောက်လာတာကို ပေကျင်းအစိုးရက သည်းခံမှာ မဟုတ်တာလည်း သေချာပါတယ်။ ဒါ့အပြင် စစ်ရေးအရ အရေးယူတိုက်ခိုက်တဲ့ လမ်းကြောင်းကို ရွေးလိုက်ပြီဆိုရင် နောက် ပြန်ဆုတ်ဖို့ တော်တော် ခက်ခဲပါတယ်။ မြန်မာနိုင်ငံက ဘယ်ပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်မလဲ။ ဘယ်လို နည်းလမ်းနဲ့ တိုက်ခိုက်မလဲ၊ boots on the ground လိုခေါ်တဲ့ မြေပြင် တပ်သားတွေ လွှတ်မှာလား၊ ဒါမှမဟုတ် လေကြောင်းကနေ ပစ်ခတ်ရုံ သက်သက်ပဲလား၊ စတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်ရပါလိမ့်မယ်။ စစ်ရေးအရ အရေးယူတဲ့ နည်းလမ်းက အနောက်နိုင်ငံ အစိုးရတွေ အတွက် နည်းနည်းမှ ဆွဲဆောင်မှု မရှိပါဘူး။ ဒါပေမယ့် မြန်မာ့တပ်မတော်ဟာ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းလို့ ပြည်သူတွေ ရာဂဏန်း၊ ထောင်ဂဏန်းလောက်အထိ သေကြေကြတာမျိုး ဖြစ်လာရင်တော့ နိုင်ငံတကာကနေ စစ်ရေးအရ တိုက်ခိုက်ပြီး အရေးယူတာမျိုး ဖြစ်နိုင်ခြေက ပိုများလာနိုင်ပါတယ်။

RFA - လက်ရှိ အချိန်မှာ မြန်မာစစ်တပ်ကနေ ဆန္ဒပြ တောင်းဆိုသူတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လို နည်းဗျူဟာကို သုံးနေတယ်လို့ ထင်ပါသလဲ။

၁၉၈၈ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ် တုန်းက ဆန္ဒပြ တောင်းဆိုသူတွေကို အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိ အချိန်မှာတော့ မြန်မာ စစ်တပ်ဟာ တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ချင်တဲ့ သဘော ရှိပါတယ်။ မြန်မာစစ်တပ်ဟာ ဆန္ဒပြသူတွေကို အလျှင်စလို ဖြိုခွင်း သွားဖို့ အစီအစဉ် မရှိဘဲ အလွန်အကျွံမဖြစ်အောင် ထိန်းရုံပဲ ထိန်းတဲ့ constraint strategy (ကွန်စရိန်းရန့်) ကို သုံးနေတယ်လို့ သုံးသပ်ပါတယ်။ အခုတွေ့ရသလောက်ကတော့ အာဏာသိမ်းအစိုးရက ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ တစ်မြို့နဲ့ တစ်မြို့ ကိုင်တွယ်ပုံခြင်း မတူပါဘူး။ အခုအချိန်မှာ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေမှာ ရဲတပ်ဖွဲ့တွေကိုပဲ အဓိက အသုံးပြုတာရယ်၊ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကလည်း assault rifles မဟုတ်ပဲ ခုခံကာကွယ်ရာမှာ အဓိက သုံးပြုတဲ့ shotgun အမျိုးအစားဖြစ်တာရယ်၊water cannon နဲ့ ရော်ဘာကျည်ဆန် တွေကို အဓိက အသုံးပြုနေတာရယ်ကို ကြည့်ခြင်းအားဖြင့် မြန်မာ စစ်တပ်ဟာ ၁၉၈၈ နဲ့ ၂၀၀၇ ခုနှစ် အဓိကရုဏ်းတွေ တုန်းကလို သွေးထွက်သံယို အဖြစ်အပျက်တွေ မ ကြုံရအောင် တတ်နိုင်သလောက် ရှောင်ရှားချင်တဲ့ သဘောရှိပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် သူတို့အတွက် ဘာမှ အကျိုးမရှိနိုင်ပါဘူး။ တပ်မတော်အနေနဲ့ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ဆန္ဒပြ လှုပ်ရှားမှုတွေ တဖြည်းဖြည်းနဲ့ အားလျော့သွားဖို့ မျှော်လင့်ထားပါတယ်။ အချိန်က သူတို့ဘက်မှာ ရှိတယ်ဆိုတာ သိတဲ့အတွက်၊ တပ်မတော်ဟာ ဒီ ဆန္ဒပြပွဲတွေ အားလျော့သွားတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း သူတို့ အာဏာတည်မြဲဖို့ ဆက်လုပ်သွားမယ်လို့ သုံးသပ်ပါတယ်။

RFA - မြန်မာစစ်တပ်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းတုန်းကလို သွေးထွက်သံယို အဖြစ်တွေ မဖြစ်အောင် ရှောင်ကြဉ်ဖို့ ဘာကြောင့်လိုတာလဲ ခင်ဗျ။

၁၉၈၈ခုနှစ်တုန်းကလို သွေးထွက်သံယို အဖြစ်အပျက်တွေ ထပ်ဖြစ်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း အစိုးရကို မရှုတ်ချပဲ နေဖို့ မလွယ်တော့ပါဘူး။ ဒါ့အပြင် ပြည်တွင်းမှာလဲ မုန်းတီးနာကြည်းမှုတွေလည်း တိုးလာပါလိမ့်မယ်။ နိုင်ငံတကာက ဆန့်ကျင်ရှုတ်ချမှုတွေလည်း အခုအထိ ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ သူတို့အနေနဲ့ အတိတ်က အဖြစ်အပျက်တွေကနေ သင်ခန်းစာ ယူလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အရင်တုန်းက စစ်အစိုးရဟာ ဆန့်ကျင်ဘက် အမြင်တွေနဲ့ ဆန္ဒပြ တောင်းဆိုမှုတွေကို လုံး၀ သည်းမခံပါဘူး။ ဒီ ဆန္ဒပြ တောင်းဆိုမှုတွေဟာ တဖြည်းဖြည်း ကြီးထွားလာပြီး အစိုးရ ပြုတ်ကျတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ယူဆခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရကို ဆန့်ကျင်ဆန္ဒပြတိုင်း အလောတကြီး ဖြိုခွဲဖို့ မလိုဘူးဆိုတာ သဘောပေါက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။

RFA - အခုအချိန်မှာ အစိုးရ ရုံးဌာနတွေက ဝန်ထမ်းတွေ တော်တော်များများကလည်း စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ civil disobedience လှုပ်ရှားမှုတွေမှာ ပါဝင်နေကြပါတယ်။ ဒီ လှုပ်ရှားမှုတွေကြောင့် စစ်တပ်က အာဏာသိမ်းထားတာ မအောင်မြင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါသလား။

■ မြန်မာနိုင်ငံက အစိုးရ ရုံးဌာနတွေက ဝန်ထမ်းတွေ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းပဲ သပိတ်မှောက်ကြမယ်ဆိုရင် အစိုးရ ယန္တရားတစ်ခုလုံး ဆက်ပြီး လည်ပတ်ဖို့ ခက်ခဲမှာ အမှန်ပါပဲ။ မေးစရာရှိတာက သူတို့ ဘယ်လောက်ကြာကြာ သပိတ်မှောက်နိုင်မလဲဆိုတာပါ။ အစိုးရဝန်ထမ်းတွေဟာ သိပ်ပြီး ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့အားလုံးမှာ ဝမ်းရေးအတွက် နဲ့ မှီခိုနေတဲ့ မိသားစုဝင်တွေအတွက် ပူပန်ဖို့ ရှိကြပါလိမ့်မယ်။ အခုအချိန်မှာ မြန်မာပြည်သူတွေ တော်တော်လေး သွေးပူနေကြတဲ့အတွက် ဒီ civil disobedience လှုပ်ရှားမှုတွေ ရက်သတ္တပတ်နဲ့ ချီပြီး ကြာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့ ဘာဆက်ဖြစ်မလဲ မပြောနိုင်ပါဘူး။ သူတို့တွေ လစာမရပဲ ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာအပေါ်မှာပဲ မူတည်ပါလိမ့်မယ်

RFA - အာဏာသိမ်း စစ်အစိုးရဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြ တာတွေ ကြုံနေရတဲ့ အချိန်မှာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်တာတွေ မကြားရသလောက်ပါပဲ။ ဘာကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ကြတာလို့ ထင်ပါသလဲ။

အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကသာ မြန်မာစစ်တပ်ကို ထိုးစစ်ဆင်လာရင် တော်တော် အကြပ်အတည်းတွေ့မှာပါ။ ဒါပေမယ့် စစ်တပ်က သူတို့ အာဏာသိမ်းလိုက်တာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်မှု မရှိစေရဘူးလို့ ကြေညာထားပါတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေအတွက် NCA စာချုပ်ထဲက သဘောတူညီချက်တွေကလည်း ဆက်ပြီး တည်မြဲနေပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ခုအချိန်မှာ ပြည်မက ဗမာ အင်အားစု နှစ်ခု ပဋိပက္ခဖြစ်နေတာကို စောင့်ကြည့်နေကြတဲ့ သဘောရှိပါတယ်။ ပြည်မက အင်အားစုနှစ်ခုရဲ့ ပဋိပက္ခ ဘယ်လို ရလဒ်ထွက်လာမလဲဆိုတာ ကွဲကွဲပြားပြားသိရတဲ့အချိန်မှာ တိုင်းရင်းသား တပ်ဖွဲ့တွေဘက်ကလည်း တုံ့ပြန်မှုရှိလာပါလိမ့်မယ်။ အခုအချိန်မှာ ဗမာအရပ်သားခေါင်းဆောင်ကို ကူညီဖို့ သက်သက်အတွက် မြန်မာစစ်တပ်ကိုသွားပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိနိုင်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org