မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတပ်တွေရဲ့ စစ်အင်အား နှိုင်းယှဉ်သုံးသပ်ချက်

မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းတဲ့ လုပ်ရပ်တွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့် စစ်ရေးစွမ်းရည်အရတော့ အင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲ ဖြစ်တဲ့အပြင်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အား နှစ်မျိုးလုံးအရ တပ်မတော်ကို ယှဉ်နိုင်ဖို့ အများကြီးလိုသေးတယ်လို့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ စစ်တပ်ကို လေ့လာစောင့်ကြည့်နေတဲ့ IHS Janes စစ်ရေး မဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။

စစ်ကောင်စီ ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: Handout/AFP

မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းတဲ့ လုပ်ရပ်တွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့် စစ်ရေးစွမ်းရည်အရတော့ အင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲ ဖြစ်တဲ့အပြင်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အား နှစ်မျိုးလုံးအရ တပ်မတော်ကို ယှဉ်နိုင်ဖို့ အများကြီးလိုသေးတယ်လို့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ စစ်တပ်ကို လေ့လာစောင့်ကြည့်နေတဲ့ IHS Janes စစ်ရေး မဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ ဖက်ဒရယ်အာမီအနေနဲ့ တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်လာရင် အောင်မြင်ဖို့ အလားအလာ ဘယ်လို ရှိမလဲ ဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - ပထမဆုံးအနေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်အင်အားနဲ့ ပရော်ဖက်ရှင်နယ် စစ်တပ်ပီသမှု အဆင့်အတန်းကို ဘယ်လို သုံးသပ်ပါသလဲ။

မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ အင်အားအကောင်းဆုံး စစ်တပ်တစ်ခုဖြစ်ပါတယ်။ ကျည်းတပ် တစ်ခုထဲမှာတင် တပ်သား ၃သိန်းခွဲလောက် ရှိပါတယ်။ ဒါ့အပြင် ရေတပ်နဲ့ လေတပ်တွေကိုလည်း မကြာခင်က အဆင့်မြှင့်တင်ထားပါတယ်။ ဒါကြောင့် တပ်မတော်ဟာ အင်အားတောင့်တင်းတဲ့ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခု ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်တယ်ဆိုတာ တိုက်ခိုက်ရေး ရှုထောင့်ကကြည့်ပြီး ပြောတာပါ။ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်ဆိုတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ပရော်ဖက်ရှင်နယ် ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ စစ်ရေးအမြင်အရ ကြည့်မယ်ဆိုရင်တော့ တပ်မတော်ဟာ စစ်ဆင်ရေးတွေ ထိထိရောက်ရောက် လုပ်နိုင်စွမ်းရှိတဲ့ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

RFA - မြန်မာစစ်တပ်ရဲ့ စစ်အင်အားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်တပ်အင်အားဟာ အထူးသဖြင့် NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ် အင်အားကရော ဘယ်လို ရှိပါသလဲ။

စစ်ရေး စွမ်းရည်အရ ကြည့်မယ်ဆိုရင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA, TNLA MNDAA AA နဲ့ SSPP (North) ငါးဖွဲ့ဟာ Gruella army လို့ခေါ်တဲ့ ပြောက်ကျားတပ်ဖွဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ သူတို့ဟာ ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ နိုင်ငံအဆင့် conventional army တွေ မဟုတ်ပါဘူး။ စစ်သည်အင်အားအရ နှိင်းယှဉ်ကြည့်မယ်ဆိုရင် ဒီတပ်ဖွဲ့တွေမှာ တပ်သားတစ်သောင်းခွဲကနေ နှစ်သောင်းဝန်းကျင်ပဲ ရှိပါတယ်။ လက်နက် အင်အားအရဆိုရင်လည်း တပ်မတော်မှာ သိသိသာသာ ပိုများတဲ့ လက်နက်အင်အားတွေ ရှိနေပါတယ်။မြန်မာစစ်တပ်မှာ များပြားတဲ့ လက်နက်ခဲယမ်းတွေ၊ မြေပြင် တိုက်ခိုက်ရေးတင့်ကားတွေ၊ နဲ့ ဂျက်တိုက်လေယာဉ် နဲ့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်တွေ ပါဝင်တဲ့ လေတပ် အင်အားတွေ ရှိပါတယ်။ လက်နက်အင်အားအရ နှိုင်းယှဉ်မယ်ဆိုရင် (ဒေးဗစ်နဲ့ ဂိုလိုင်းရတ်) David and Goliath ဆိုတဲ့ ပုံပြင်ထဲက ဘီလူးကြီးနဲ့ ငလက်မလေးလိုပါပဲ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ရိုင်ဖယ်သေနတ်တွေ၊ ပခုံးထမ်းလောင်ချာတွေနဲ့ မော်တာဒုံးကျည်တွေလို အပေါ့စား တိုက်ခိုက်ရေးလက်နက်တွေကိုပဲ အများဆုံး အသုံးပြုနိုင်ပါတယ်။ သူတို့မှာ လေတပ်အင်အားမရှိတာလည်း သေချာပါတယ်။ သူတို့မှာရှိတဲ့ အကြီးဆုံးလက်နက်က တပ်မတော်ရဲ့ လေတပ်စခန်းနဲ့ မြေပြင် အခြေစိုက် စခန်းတွေကို အဝေးကနေ လှမ်းပစ်လို့ရတဲ့ 170 mm မြေပြင်ပစ် ဒုံးကျည်လိုမျိုး လက်နက်မျိုးထက် မပိုနိုင်ပါဘူး။ ဒီလို ပြောက်ကျား တပ်ဖွဲ့တွေဟာ စစ်တပ်ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ နဲ့ လမ်းတံတားတွေကို ဖြတ်တောက်လိုက်တာတို့၊ စစ်တပ်ရဲ့အခြေစိုက်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး အလျင်အမြန် ဆုတ်ခွာသွားတာမျိုး မကြာခဏလုပ်ပြီး စစ်တပ်ကို အင်အားချိနဲ့အောင် လုပ်ဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါပေမယ့် သမရိုးကျ တိုက်ပွဲတွေမှာ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မယ်ဆိုရင်တော့ စောစောကပြောသလိုပဲ ဘီလူးကြီးနဲ့ ငလက်မလေး လိုပဲ ဖြစ်နေပါလိမ့်မယ်။

RFA - မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထပ်ပြီး တိုက်ပွဲဖြစ်ပွားရင် ဘယ်လို စစ်ရေး ဗျူဟာမျိုးနဲ့ တိုက်ခိုက်နိုင်သလဲ။ နောက်ပြီး စစ်တပ်ဘက်ကကရော သူတို့ရဲ့ စစ်ရေးဗျူဟာ အောင်မြင်ဖို့ ဘယ်လို နောက်ဆုံးပေါ် လက်နက်တွေ ထုတ်သုံးလာမယ်လို့ ထင်ပါသလဲ။

မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ မြေပြင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်စေပြီး လေကြောင်းကနေ ပစ်ကူပေးတဲ့ပုံစံကို အသုံးပြုပါတယ်။ ရခိုင်မှာ ရခိုင့်တပ်တော် AA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ၊ ကချင်ပြည်နယ်မှာ KIA နဲ့ တိုက်တဲ့ တိုက်ပွဲတွေနဲ့ ရှမ်း ပြည်နယ်မြောက်ပိုင်းမှာTNLA တပ်ဖွဲ့တွေနဲ့ တိုက်တဲ့ တိုက်ပွဲတွေအားလုံးမှာ ဒီနည်းဗျူဟာကို သုံးပြီး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေ ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် တပ်မတော်ရဲ့အဓိကအားသာချက်က မြေပြင်တပ်ဖွဲ့တွေကို လျော့သုံးပြီး၊ လေတပ် အင်အားနဲ့ လက်နက်ကြီးတွေကို ပိုပြီး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ရုရှားလုပ် MI35 တိုက်ခိုက်ရေးသုံး ရဟတ်ယဉ်တွေနဲ့ ရက်ခ် 130 မြေပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ထုတ်သုံးနိုင်ပါတယ်။ ဒါ့အပြင် သူတို့မှာ တရုတ်လုပ် JF17 ဂျက်တိုက်လေယာဉ်တွေလည်း ရှိပါတယ်။ မြေပြင်မှာဆိုရင်လည်း 105 mm နဲ့ 122 mm အမြောက်တွေ နဲ့ ဒုံးကျည်အမြောက်အများကို တပြိုင်နက် ပစ်ခတ်နိုင်တဲ့ multiple barrel rocket launchers တွေကို ထုတ်သုံးလာနိုင်ပါတယ်။ တပ်မတော်က ဒီလက်နက်တွေ အားလုံးကို တစ်စုတစ်စည်းထဲ အသုံးပြုလိုက်မယ်ဆိုရင် တော်တော် ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် နှစ်ဘက် တပ်ဖွဲ့တွေ ရင်ဆိုင် တိုက်ခိုက်ကြမယ် ဆိုရင် သမရိုးကျ နိုင်ငံအဆင့် စစ်တပ်နဲ့ ပြောက်ကျား တပ်ဖွဲ့တွေ ရင်ဆိုင်တွေ့ကြတဲ့ တိုက်ပွဲ ပုံစံမျိုး ဖြစ်လာပါလိမ့်မယ်။ ပြောက်ကျား တပ်တွေဘက်က နယ်မြေ ကျွမ်းကျင်မှု ရှိပြီး လျှင်လျှင် မြန်မြန် ရွေ့ပြောင်းနိုင်မယ်။ ရုတ်တရက် အငိုက်ဖမ်းပြီး ဝင်တိုက်တာမျိုး လုပ်ပြီး ပျောက်ကွယ်သွားတာမျိုး လုပ်နိုင်ပါလိမ့်မယ်။ တပ်မတော်ဘက်ကတော့ လက်နက် အင်အား ပိုကောင်းပြီး၊ လေကြောင်းက ပစ်ကူနိုင်တဲ့ အားသာချက်တွေ ရှိနေပါတယ်။

RFA - လက်ရှိ အခြေအနေမှာ တိုင်းရင်းသား တပ်ဖွဲ့တွေအားလုံးကို ဖက်ဒရယ်အာမီ တပ်စုကြီးတစ်ခုအဖြစ်နဲ့ စုပေါင်းလိုက်မယ်ဆိုရင် တပ်မတော်နဲ့ လက်နက်အင်အား လူအင်အားခြင်း ယှဉ်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ် လို့ ထင်ပါသလား။

စစ်တပ်တစ်တပ်ရဲ့ စွမ်းအားကို ကိန်းဂဏန်း တစ်ခုတည်းနဲ့ နိုင်းယှဉ်ပြီး ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ကျွန်တော် ခန့်မှန်းမိတာကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ NCA လက်မှတ်ထိုးထားတဲ့ PPST အဖွဲ့တွေနဲ့ မြောက်ပိုင်း FPNCC အဖွဲ့ဝင် တပ်ဖွဲ့ အားလုံးကို ပေါင်းစည်းလိုက်မယ်ဆိုရင် လူအင်အား ခုနှစ်သောင်းခွဲဝန်းကျင်လောက်ထိ ရှိနိုင်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့ လူအင်အားထက် အများကြီး နည်းနေပါသေးတယ်။ ဒါပေမယ့် နှစ်ဖက်လုံးမှာ အားနည်းချက် အားသာချက်တွေ ရှိနေပါတယ်။ လက်ရှိ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက တပြိုင်နက်ထဲ တပ်မတော် တပ်ဖွဲ့တွေကို လာရောက်တိုက်ခိုက်တဲ့ အခြေအနေမျိုး မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံက စစ်တိုင်းအားလုံးမှာ တပြိုင်နက် တိုက်ပွဲတွေ တိုက်ရတဲ့ အခြေအနေမျိုး ကြုံရရင် တပ်မတော်ဘက်က တော်တော် အကျပ်အတည်းတွေ့နိုင်ပါတယ်။ တကယ်လို့ တပ်မတော်ဟာ ရခိုင်မှာ ရခိုင့်တပ်တော်နဲ့ ကရင်မှာ KNLA နဲ့ ကချင်မှာ KIA နဲ့ ရှမ်းမြောက်မှာလည်း TNLA တပ်ဖွဲ့တွေနဲ့ အားလုံး တစ်ပြိုင်နက် စစ်မျက်နှာတွေ ဖွင့်ပြီး တိုက်ရမယ်၊ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း မြို့ကြီးတွေက ဆန္ဒပြ ပြည်သူတွေကိုလည်း အင်အားသုံး နှိမ်နှင်း တာတွေ ဆက်လုပ်ရမယ် ဆိုရင် သူတို့ရဲ့ စစ်အင်အား အရင်းအမြစ်တွေ တော်တော်လေး ဖြန့်ကျက်ပြီး သုံးရတဲ့အတွက် အားလျော့လာမှာပါ။ တပ်မတော်ရဲ့ လူအင်အားနဲ့ လက်နက်အင်အားက ကြီးမားပေမယ့် အကန့်အသတ်မရှိတာတော့ မဟုတ်ပါဘူး။ တဖက်မှာလည်း အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ဟာ တိုင်းရင်းသားတပ်ဖွဲ့တွေအပေါ်မှာ Divide and Rule လို့ခေါ်တဲ့ ဗျူဟာကို ကျင့်သုံးပြီး တိုက်ခဲ့တာ တွေ့နိုင်ပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသား အဖွဲ့ တစ်ဖွဲ့နဲ့ အပစ်ရပ်ပြီး အခြားတစ်ဖွဲ့ကို သွားတိုက်လေ့ရှိပါတယ်။ နောက် အဲဒီအဖွဲ့နဲ့ အပစ်ရပ်ပြီး ပထမ အပစ်ရပ်ထားတဲ့ အဖွဲ့ကို ပြန်လာတိုက်တာမျိုး တပ်မတော်က အမြဲလုပ်လေ့ရှိပါတယ်။ များသောအားဖြင့် တိုင်းရင်းသား တပ်ဖွဲ့တွေဘက်ကလည်း အဲဒီထောင်ချောက်ထဲကို ဝင်ရောက်သွား လေ့ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ လူထုအုံကြွမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ တိုင်းရင်းသား တပ်ဖွဲ့ အားလုံးက တပြိုင်နက် ထိုးစစ်ဆင်လာရင်တော့ တပ်မတော်အတွက် တော်တော်လေး ထိခိုက်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို တိုင်းရင်းသား တပ်ဖွဲ့တွေ အားလုံးပူးပေါင်းပြီး တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လာရင်တောင် တပ်မတော်က သေချာပေါက် ရှုံးနိမ့်လိမ့်မယ်လို့ တွက်လို့ မရသေးပါဘူး။ ကျွန်တော့်သုံးသပ်ချက်ကတော့ တပ်မတော်ဘက်က လုံးဝရှုံးနိမ့်သွားဖို့ဆိုရင် ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေထဲမှာ တပ်မတော် ထိပ်တန်း ခေါင်းဆောင် အချို့ စိတ်ဝမ်းကွဲပြီး၊ တပ်တွင်း ခွဲထွက်မှုတွေ ဖြစ်လာမှ ဖြစ်ပါလိမ့်မယ်။ စစ်ရေးတိုက်ခိုက်မှု တစ်ခုတည်းကြောင့်တော့ တပ်မတော်ဘက်က သူတို့ရဲ့ အာဏာကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org