ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လထဲမှာ ပြန်စတင်တော့မယ့်အကြောင်း မေးမြန်းချက်
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက ရပ်နားထားခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့် မတ်လထဲမှာ ပြန်လည်စတင်တော့မယ်လို့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထား တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပြောပါတယ်။
-
2015-02-22 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက ရပ်နားထားခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့် မတ်လထဲမှာ ပြန်လည်စတင်တော့မယ်လို့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပြောပါတယ်။
NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသီဟထွန်း။ ။ဆရာ ဦးနိုင်ဟံသာခင်ဗျ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးနိုင်ဖို့ မနေ့က ထိုင်းနိုင်ငံမှာပဲ ကျနော်တို့ MPC အဖွဲ့နဲ့ ဆရာတို့ NCCT အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ် ခင်ဗျ၊ အဓိက ဘယ်လိုသဘောတူညီချက်တွေများ ရခဲ့လဲခင်ဗျ။
ဦးနိုင်ဟံသာ။ ။ကျနော်တို့ တရားဝင်ပေါ့ဗျာ UPWC နဲ့ ကျနော်တို့ NCCT နဲ့ ဟိုးစက်တင်ဘာလကတည်း က ဆွေးနွေးပွဲပျက်သွားတဲ့ကိစ္စကို ပြန်လည်ပြီးတော့မှ ဆက်လက်ဆွေးနွေးသွားနိုင်ဖို့ပေါ့လေ အဲ့ဒါကိုညှိနှိုင်းကြ တာပါ၊ မကြာခင်မှာ ကျနော်တို့ လာမယ်မတ်လထဲမှာ ပြန်လည်တွေ့ဆုံဖို့ပေါ့လေ အဲ့ဒါတော့ သဘောတူညီမှု ရခဲ့တယ်။
ကိုသီဟထွန်း။ ။ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှလည်း UNFC ရဲ့ ကိုးကန့်တိုက်ပွဲနဲ့ ပတ်သက် ပြီးတော့ နိုင်ငံရေးအရပြောဆိုထားတာ ရှိတော့လေ၊ မနေ့ကသူတို့နဲ့ ဆွေးနွေးတဲ့အခါမှာရော ဒီအချက်တွေ ထည့်သွင်းဆွေးနွေးခဲ့တာမျိုးရော ရှိလားခင်ဗျ။
ဦးနိုင်ဟံသာ။ ။ကျနော်တို့ အဲ့ဒီကြေညာချက်မှာ ဖော်ပြထာတဲ့အတိုင်းပေါ့ဗျာ၊ ဒါတွေကို စစ်ရေးနည်းနဲ့ဖြေ ရှင်းနေရင် ပြီးမှာမဟုတ်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ အဖြေရှာဖို့သင့်တယ် စသည်ဖြင့်ပေါ့လေ ကျနော် တို့ ကြေညာချက်ပါ သဘောထားအတိုင်း သူတို့ကိုပြောပြပါတယ်။
ကိုသီဟထွန်း။ ။မတ်လဆန်းမှာ တွေဖို့ဆွေးနွေးပွဲကရော လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ပိုပြီးတော့ နီးစပ်မှုရှိလာတယ်လို့ ပြောလို့ရမလားခင်ဗျာ။
ဦးနိုင်ဟံသာ။ ။အပြတ်တော့ ပြောလို့မရသေးဘူးလေ၊ တွေ့တဲ့အခါကျမှပဲ သဘောထားတွေ အမြင်တွေ သိလာတဲ့အပေါ်မှာမှ ပြောလို့ရမယ်လေနော်၊ လာမယ့်ပွဲမှာမှ ရှင်းရှင်းလင်းလင်း သိနိုင်တဲ့အနေအထားရှိတယ်ဗျ။
ကိုသီဟထွန်း။ ။ကိုးကန့်နဲ့တိုက်ပွဲမှာ ဝ လည်းပါတယ်၊ ကေအိုင်အေလည်းပါတယ်၊ မိုင်းလားလည်း ပါတယ်ပေါ့နော်၊ အဲ့ဒီတော့ သူတို့အဖွဲ့တော်တော်များများကလည်း UNFC အဖွဲ့ဝင်ဖြစ်တဲ့အခါကျတော့ ဒီကိစ္စကို တပ်မတော်ကနေပြီးတော့ တာဝန်ယူဖြေရှင်းပေးရမယ်၊ ပါတဲ့အဖွဲ့တွေပြောထားတော့လေ ဆရာ့အနေနဲ့ ဒီကိစ္စမှာ ဘယ်လိုများ သုံးသပ်ချင်လည်းခင်ဗျ။
ဦးနိုင်ဟံသာ။ ။အစိုးရ ရေတွက်လိုက်တဲ့အဖွဲ့တွေက တစ်ချို့အဖွဲ့တွေက သူတို့မပါဘူးလို့ ပြောတယ်ဗျာ၊ ကျနော်တို့လည်း နည်းနည်းအလှမ်းဝေးနေတော့ တကယ့် အနေအထားမှန်ကိုလည်း ကျနော်တို့ကတော့ ကျနော်တို့ လည်းမသိဘူးလေ၊ ပွဲကတော့ကြည့်ရတာ ဒီလိုပဲဖြေးဖြေးချင်းနဲ့ပဲ တဖြည်းဖြည်းချင်းနဲ့ပဲ ကျယ်လာနိုင်တယ်လေ၊ ကျယ်လာရင် ဖြေရှင်းဖို့ရာက ပိုပြီးတော့ ခက်သွားလာနိုင်တယ်လို့ ကျနော်က အဲ့လိုမြင်တယ်ဗျ၊ ဖြေရှင်းလာ တာလည်း နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါးရှိနေပြီလေ၊ ဒီလိုပဲဆက်ဖြေရှင်နေရင်လည်း ပြီးမှာမဟုတ်ဘူး၊ စိတ်ရှည်ရှည်နဲ့ပေါ့ဗျာ ဖြစ်တည်တဲ့အနေအထားအပေါ်မှာ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးလို့ ကျနော်က အဲ့လိုမြင်တယ်ဗျ။
ကိုသီဟထွန်း။ ။တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ အဓိက ဘယ်အချက်တွေကြောင့် အတားဆီးဖြစ်တယ်လို့များ ဆရာသုံးသပ်လို့ရနိုင်မလဲခင်ဗျ။
ဦးနိုင်ဟံသာ။ ။တပ်မတော်ဘက်နဲ့ဆိုင်တဲ့ကိစ္စတွေက အများကြီးပေါ့ဗျ၊ အဓိကအားဖြင့်ကတော့ ကျနော်တို့ တပ်မတော်ကို အနာဂတ်မှာ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် အပစ်အခက်ရပ်စဲပြီးရင် ကျနော်တို့ဘက်က ဘယ်လို အနေအထားမျိုးနဲ့ ရပ်တည်နိုင်မလဲ၊ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုဆက်လုပ်ကြမလဲ စသည်ဖြင့်ပေါ့ဗျာ၊အဲ့ဒီလို ဒီသဘောထားတွေက မရှင်းလင်းသေးတော့ ယုံကြည်ဖို့ရာလည်း စိတ်မချရသေးတဲ့အနေအထားမျိုး တိုက်ပွဲတွေက ဒီလိုပဲဆက်ဖြစ်နေရင် အဲ့ဒါယုံကြည်မှုတွေက ပိုပိုပြီးတော့ လျော့ကျသွားတာပေါ့။
ကိုသီဟထွန်း။ ။ဒီပုံစံဆိုရင်ဆရာရေ ကျနော်တို့ အပစ်အခက်လက်မှတ်ရေးထိုးပွဲက တိုက်ပွဲအခြေ အနေကြောင့် အေးစက်သွားတဲ့အဘောမျိုးရှိတယ်၊ အဲ့ဒါအရှိန်မြှင့်ဖို့ကျတော့ ဘာတွေလိုအပ်မယ်လို့များ ဆရာပြောလို့ရမလဲခင်ဗျ။
ဦးနိုင်ဟံသာ။ ။ကျနော်တို့ဘက်ကတော့ အခုဖြစ်တဲ့ကိစ္စတွေက ဒီနိုင်ငံရေးနဲ့ ဆပ်စပ်နေတဲ့အနေ အထားတွေလေ၊ တစ်နိုင်ငံလုံးမှာလည်း ပြောမယ်ဆိုရင်တော့ တခြားတိုင်းရင်းသားတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စလိုပါပဲ၊ အခုကိစ္စပလည် တခြားတိုင်းရင်းသားတွေနဲ့ သိပ်တော့ကွာတာမဟုတ်ဘူးဗျ၊ ဒါကြောင့်ဒါတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ကို နည်းနည်းဦးစားပေးတဲ့အနေနဲ့ပေါ့ဗျာ တိုက်ပွဲတွေကို ရပ်တန့်ပေးနိုင်ဖို့ လျော့ချပေးနိုင်ဖို့ ဒါတွေကိုဦးစားပေးသင့်တယ်လို့ ကျနော်အဲ့လိုမြင်တယ်။
ကိုသီဟထွန်း။ ။ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် RFA က ဆရာနိုင်ဟံသာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။