NLD ဘောလခဲ အမတ်လောင်း စိုင်းလင်းလင်းဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း
ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ USDP ပါတီကနေ ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်မှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမယ့်အတွက် စိန်ခေါ်မှုကြီးမားပေမယ့် ဒီတစ်ကြိမ်မှာ NLD ပါတီ အောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း NLD ပါတီရဲ့ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦး ကပြောပါတယ်။
-
စိုးစိုးထက်
2020-09-18 -
-
-
ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ USDP ပါတီကနေ ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်မှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမယ့်အတွက် စိန်ခေါ်မှုကြီးမားပေမယ့် ဒီတစ်ကြိမ်မှာ NLD ပါတီ အောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း NLD ပါတီရဲ့ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦး ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရတဲ့ အကြောင်းရင်း
နိုင်ငံပြုပြင်ပြောင်းလဲဖို့က လူငယ်တွေလိုတယ်ပေါ့။ တစ်ဖက်မှာလည်း လူကြီးတွေလည်း သူတို့အတွေ့အကြုံနှင့် သူတို့ အခြေခံပြီးတော့ နိုင်ငံတော်ကို တည်ဆောက်နေကြတယ်ပေါ့။ ဒါပေမဲ့ ကျနော်လည်း လူငယ်ရဲ့ ရှုထောင့်ကနေ နိုင်ငံရေးကို တစ်ဖက်တစ်လှမ်းကနေ ဝင်ပြီးတော့ ကူညီတည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ရွေးကောက်ပွဲဝင်ရတာဖြစ်ပါတယ်။
မေး ။ ကိုယ်စားလောင်းဝင်မပြိုင်ခင် အတွေ့အကြုံ
အရင်တုန်းကတော့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းမှာလည်း မိုင်းအသိပညာပေးတွေ လုပ်ဖူးတယ်။ ပြီးတော့ ကရင်နီ လူ့စွမ်းအားအရင်းမြစ်ဌာနမှာလည်း ကျနော်နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေလည်း ပါဝင်ပြီးတော့ ကူညီဖူးတယ်။ ပြီးတော့ ကယားပြည်နယ် အခြေစိုက် ကန္ဒရဝတီတိုင်းမ် မှာသတင်းထောက်နဲ့ သတင်းလုပ်ငန်းအဖြစ် ပါဝင် လုပ်ကိုင်ဖူးတယ်။ ပြီးတော့ ကျနော်လက်ရှိ စီးပွားရေးပေါ့နော် KAYAH Brother ကုမ္ပဏီမှာလည်း အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် လုပ်ခဲ့တယ်ပေါ့။ လက်ရှိမှာတော့ မော်ကုမ္ပဏီရဲ့ CEOအနေဖြင့်တော့ တာဝန် ထမ်းဆောင်နေတယ်။
မေး ။ ကိုဗစ် ၁၉ ကာလမှာ မဲဆွယ်စည်းရုံးပုံ
အခုလက်ရှိတော့ အဓိကတော့ အွန်လိုင်းမဲဆွယ်စည်းရုံးရေးကိစ္စတွေ လုပ်နေတယ်။ ပြီးတော့ မြေပြင် ကွင်းဆင်းတာတွေလည်း စလုပ်နေပါပြီ။ မြေပြင်ကွင်းဆင်းတာတော့ အဓိကတော့ စည်းရုံးဟောပြောတာ ထက်စာရင် တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ လူနည်းနည်းနဲ့ စည်းရုံးမှုမျိုးပဲ အဲလိုစနစ်မျိုးပဲ ပိုကျင့်သုံးဖို့ များလိမ့်မယ်။
မေး ။ ပြိုင်ဘက် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းကြောင့် ကြုံတွေ့ရမယ့် စိန်ခေါ်မှု
ဦးစိုးသိန်းက ကျနော်လက်ရှိပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အခက်အခဲဆုံးပြိုင်ဘက် ဖြစ်လာနိုင်တယ်ပေါ့။ သူကအရင်ကလည်း ပြည်ထောင်စုဝန်ကြီးရဲ့ဝန်ကြီးဖြစ်ခဲ့တယ် နောက်ပြီးတော့ သူ့ရဲ့ အတွေ့အကြုံလည်းများတယ်။ ပြီးတော့သူ့ရဲ့ background အင်အားလည်း တောင့်တင်းခိုင်မာတယ်ဆိုတော့ ကျနော်အနေနဲ့ သူ့နဲ့ယှဉ်ပြိုင်ရမယ်ဆိုတော့ ခက်တယ်ပေါ့။ ဒါပေမဲ့ အတတ်နိုင်ဆိုတော့ ကျနော်က ဒေသခံ တိုင်းရင်းသားဖြစ်တဲ့အတွက်ကြောင့် သူသည်ဒေသခံတော့မဟုတ်ဘူး ဒါပေမဲ့ အင်အားကြီးမားတယ် ဒီနှစ်ခုအပေါ်မှာပဲ အဓိကစိန်ခေါ်ချက်ရှိတယ်။
မေး ။ ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှု
တစ်ကယ်တမ်းက လူတွေက ဘောလခဲမှာလည်း NLD ဆိုတာ မနိုင်ခဲ့ဘူးလေ အစဉ်အလာအရ ကြံ့ခိုင်ရေးပဲ အများစုနိုင်ခဲ့တယ်။ ၂၀၁၀ ကော ၂၀၁၅ ကော။ ဒီနောက်ပိုင်းတော့ တက်သစ်စ ကျနော်တို့လို လူငယ်တွေလည်း ပြိုင်ပြီဆိုတော့ သူတို့ဦးစိုးသိန်းလိုလူမျိုးတွေ အတွေ့အကြုံ ရင့်ကျက်တဲ့သူတွေ ပြီးတော့ နောက်ခံအားကောင်းတဲ့ သူတွေပေါ့။ အဓိကကတော့ ကျနော်တို့ပါတီရဲ့ ပုံရိပ်နဲ့ပဲသွားမှာပါ ပြီးတော့ ကျနော့်ရဲ့ဒေသခံဖြစ်တည်မှုဆိုတဲ့ ပုံစံမျိုးနဲ့ပဲ အဓိကထားပြီးပြိုင်ရမှာပါ။
မေး ။ ဘောလခဲမြို့နယ်က တပ်မဲ အခြေအနေ
စစ်တပ်အင်အားက လေးပုံပုံရင်တစ်ပုံလောက်တော့ရှိမယ် ၂၅ ရာခိုင်နှုန်းပေါ့။ ၉၀၀/၁၀၀၀ အဲလောက်ဝန်းကျင် လောက်တော့ရှိမယ်ပေါ့ စစ်တပ်မဲကတော့ ၉၀၀ ကျော်ရှိမယ် နယ်ခြားစောင့်တပ်ကတော့ မသိသေးဘူးပေါ့နော် အဲတာရှိတယ်။ အဓိက စစ်တပ်နဲ့ဆိုင်တဲ့ အုပ်စုကလေးပုံပုံရင် တစ်ပုံရှိတယ်။ ဆိုတော့ စစ်တပ်ကမဲတွေ ကျနော်တို့ ရလား မရလားဆိုတာ သေချာမသိသေးဘူးပေါ့နော် ခန့်မှန်းရခက်တယ်။ တစ်ဖက်ပိုင်းက အရပ်သားတွေရဲ့မဲတော့ လေးပုံသုံးပုံရှိမယ် အဲဒီအပေါ်မှာပဲ ကျနော်တို့အားထည့်ပြီးတော့ ပြိုင်ရမယ့်သဘောရှိတယ်။
မေး ။ တပ်မဲမရခဲ့ရင် NLD ရဲ့ အောင်နိုင်ခြေ မျှော်လင့်ချက်
NLD ကစစ်တပ်မဲကို မရခဲ့ဘူး။ စစ်တပ်မဲကို ရခဲ့မယ်ဆိုရင်တော့ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမယ်ပေါ့။ ဒီတစ်ခေါက်က နိုင်မယ်လို့မျှော်လင့်ထားတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအများချည်းတော့ မမျှော်မှန်းရဲပြန်ဘူး ဘာကြောင့်လဲဆိုရင် လူတွေရဲ့ နိုင်ငံရေးအသိအမြင်တွေလည်း ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မြင်တယ်လေ။ လူထုရဲ့ ရွေးကောက်ပွဲ ရလဒ်အဆုံးအဖြတ်ပေးမှာကို သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်တွေပဲ အဓိကကျမှာပေါ့။
မေး ။ အနိုင်ရခဲ့ရင် အဓိကဘာတွေလုပ်ပေးမလဲ။
အကယ်၍ ကျနော်နိုင်ခဲ့ရင် ကျနော်လုပ်ပေးမယ့် အဓိကအချက် သုံးချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ ကျနော်တို့ ကယားပြည်နယ် ဘောလခဲမြိုမှာဆိုရင် စီးပွားရေးလုပ်ငန်းမှာ တောင်သူတွေအများဆုံးပဲ။ သူတို့ရဲ့ ထွက်ကုန်သီးနှံတွေက ဈေးကွက်ခိုင်မာမှုရှိအောင်လုပ်ရမယ်။ ဘာလို့လဲဆိုရင် ကယားပြည်နယ်ရဲ့ အတိုင်းအတာ အရဆိုရင် ဈေးကွက်မခိုင်မာလို့ ဆုံးရှုံးရတဲ့ ပမာဏက လယ်ယာမြေအသိမ်းခံရတဲ့ ပမာဏထက် ဆုံးရှုံးမှု ပိုများနေတယ်။ ဆိုတော့ အဲဒီကိစ္စကို ကျနော်နိုင်ငံတော်ရဲ့ အခြေခံမူတွေမှာအထိ သတ်မှတ်ပေးနိုင်အောင်ပေါ့နော် အဓိကကတော့ နှမ်းနှင့် ပြောင်းပေါ့နော် ဒီကိစ္စတွေကို ကြိုးစားသွားမယ်။ ဒုတိယတစ်ချက်ကတော့ လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းပေါ့ အဲကိစ္စကိုလည်း ဆောင်ရွက်ပြီးတော့ လုပ်သွားဖို့ရှိတယ်။ ဘာလို့လဲဆိုရင် လူငယ်တွေအများစုက လုပ်ငန်းခွင်မှာ ဝင်နိုင်တဲ့လူတွေရှိတယ် လုပ်ငန်းခွင် ဝင်မယ်ဆိုလည်း သူတို့နဲ့ကျွမ်းကျင်ရာဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ အဆင်သင့် မဖြစ်တာရှိတယ်ပေါ့။ အဲကိစ္စ အားထည့်ပြီးလုပ်ရမယ်။ နောက်တစ်ချက်ကတော့ တောင်သူတွေ မြေယာပိုင်ဆိုင်မှု သူတို့ လက်ဝယ်ပိုင်ဆိုင်ဖို့အတွက် တရားဝင်ဖြစ်အောင်ပေါ့။ ဆိုကြစို့ ပုံစံ ၇ မရှိတဲ့တောင်သူတွေဆို များသေးတယ်လေ။ သူတို့ကို အသိပညာတွေပေးရမယ် ပြီးတော့ သူတို့အတွက် အကာအကွယ်ဖြစ်တဲ့ ဥပဒေမျိုးလည်းများများ ဖြန့်ဝေရမယ်ပေါ့။ ဒီကိစ္စကိုအားထည့်ဖို့ရှိတယ် ပြီးတော့ လယ်ယာမြေမှာတောင်သူအတွက် အကာအကွယ်ဖြစ်တဲ့ ဥပဒေတွေပေါ့။ ဒီဟာလည်းလုပ်ဆောင်ဖို့ ရည်မှန်းထားတယ်။
မေး ။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြုတ်ချခံရမှု နဲ့ NLD ကိုယ်စားလှယ်လောင်းတွေအပေါ် သက်ရောက်မှု
ဝန်ကြီးချုပ်ဟောင်း အယ်ဖောင်းရှိုက သူလုပ်ခဲ့တဲ့ကိစ္စကြောင့် ဖြစ်သွားခဲ့တယ်ပေါ့။ ဒီအပေါ်မှာ ကျနော်တို့ပါတီ ကယားပြည်နယ်အနေနဲ့ ပြီးတော့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့တော့ ဘာမှသိပ်ပြီးတော့ သက်ရောက်မှုမရှိပါဘူး။ သူ့ကိစ္စ သူလုပ်ခဲ့တဲ့အမှား သူကိုယ်တိုင်ပဲခံရတယ်လို့ သဘောထားတယ်ပေါ့။ အခုလိုမျိုး အရေးယူတဲ့ကိစ္စမျိုးလည်း ကျနော်တို့ကြိုဆိုတယ် ဘာလို့လဲဆိုရင် အဲတာက ဒီမိုကရေစီပဲလေ လွှတ်တော်နဲ့ အစိုးရ အပြန်အလှန် ထိန်းကျောင်းမှုကနေ ဖြစ်လာတဲ့ကိစ္စက ကျနော်တို့ လက်ခံရမှာပဲ။