ထန်တလန်လုပ်ရပ် လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုလို့ HRW သုံးသပ်

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို အင်အားအလွန်အကျွံ သုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်သလို၊ ဒီလုပ်ရပ်ဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပြောဆိုလိုက်ပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကို တွေ့ရစဉ် .

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်ခဲ့ တာဖြစ်သလို၊ ဒီလုပ်ရပ်ဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပြောဆိုလိုက်ပါတယ်။

မေး - ထန်တလန်ရဲ့ဖြစ်ရပ်ဆိုးကို မစ္စတာဖေးလ်ရောဘတ်ဆန် အနေနဲ့ သိပြီးပြီလို့ထင်ပါတယ်။ အဲတော့ ဒီဖြစ်ရပ်ကိုဘယ်လိုသုံးသပ်နိုင်မလဲခင်ဗျ။ ဒီဖြစ်ရပ်က လူမျိုးတုံးသုတ်သင်မှုနဲ့ ဆက်နွယ်နေပါလား။

ဖြေ - ဒီကိစ္စကတော့ လူမျိုးတုံးသုတ်သင်မှု မြောက်တယ်ဆိုတာမျိုးတော့ သက်သေအထောက်အထား မရှိသေးပါဘူး။ တကယ်က အလှမ်းဝေးတဲ့ဒေသဖြစ်တဲ့အတွက် သတင်းအချက်အလက် တိတိကျကျရဖို့ ခက်နေပါတယ်။ မြန်မာ့တပ်မတော်က အင်အားအလွန်အကျွံသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် တယ်လို့တော့ ကျနော်တို့ ပြောနိုင်ပါတယ်။ သူတို့ကို ပုန်ကုန်နေတဲ့သူတွေ အဲဒီထန်တလန် မြို့ထဲမှာရှိနေ တယ်လို့ ယုံနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နှိမ်နင်းဖို့ စဉ်းစားတာပါပဲ။ ဒါဟာ အင်အားအလွန်အကျွံသုံးပြီး ပြည်သူတွေကို တိုက်ခိုက်တာပါ။ ဒါကြောင့် စစ်ရာဇဝတ်မှုဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင် ပါတယ်။ ပြီးတော့ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ အဲဒီမှာဖြစ်နေတဲ့ အခြေအနေက ပြည်သူကို စနစ်တကျနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ သိတယ် မဟုတ်လားဗျာ။ အတိတ်ကာလတုန်းက လုပ်ခဲ့သလို ဖြတ်လေးဖြတ်စနစ်သုံးနေပြီး တရားဥပဒေအရပဲ လုပ်နေတယ်ဆိုတာမျိုးပြဖို့။ ဒါဟာ တကယ့်ကို လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပါပဲ။ အခုအခြေအနေမှာ စစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပြောဖို့ပါပဲ။ အဲဒီမှာဆိုရင် လူတွေက မြို့ကိုစွန့်ခွာထွက်ပြေးသွားရပြီ။ အဲဒီအနီးအနားက တောတောင်တွေမှာပဲရှိပြီး မြို့ကိုပဲ ဝိုင်းထား ဝိုင်းထား၊ ဒါဟာ အခုလို တိုက်ခိုက်ဖို့ အကြောင်းပြချက် မဖြစ်သင့်ပါဘူး။

မေး - အခုဖြစ်ရပ်ကို PDF တွေက သူတို့နဲ့တိုက်ပြီးတဲ့နောက် မီးရှို့တာလို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောနေပါတယ်။ အဲဒီလိုပြောတာကို ခင်ဗျားအနေနဲ့ ယုံကြည်ပါသလား။

ဖြေ - ကျနော်ထင်ပါတယ်၊ ဒါဟာ ဆင်ခြေသက်သက်ပါပဲ။ မြို့ကို တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်တာဟာ သူတို့တဖွဲ့တည်းပဲရှိပါတယ်။ လက်နက်ကြီးကျည်ကျပြီဆိုတာနဲ့ မီးလောင်မယ်ဆိုတာ အသေအချာပါပဲ။ ဒါဟာ အတိတ်နဲ့ယှဉ်ပြောရရင် ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ကိုယ့်ရွာကိုယ်၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးသွားတယ်လို့ အပြစ်ပုံချတဲ့ တပ်မတော်ရဲ့ လုပ်ရပ်အတိုင်းပါပဲ။ အခုတခါထပ်ပြီး တပ်မတော်က အကြီးအကျယ်လိမ်ဖို့ကြိုးစားတာပါ။ ဒါကို ဘယ်သူမှ မယုံပါဘူး။ ကျနော် ထင်ပါတယ်။ ဒီလိုပြောတာကို လူတိုင်းပျက်ရယ်ပြုနေမှာပါ။ ပြောရေးဆိုခွင့်ရှိ သူက သူ့ဟာသူတောင် ဟာသဖြစ်နေမှာပါ။

မေး - အိမ်မီးလောင်သွားတဲ့သူတွေထဲက တစ်ယောက်က ကျနော်တို့ RFA ကို ပြောပါတယ်။ ဒီအချိန်မှာ Save Myanmar ဆိုတဲ့စကားဟာ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ မလုံလောက်တော့ပါဘူးတဲ့။ အဲတော့ တရားမျှ တမှုရှာနေတဲ့ သူတို့အတွက် မစ္စတာရောဘတ်ဆန် အနေနဲ့ တစ်ခုခုများ အကြံပေးနိုင်မလား။

ဖြေ - ဟုတ်ပါတယ်။ မြန်မာ့အရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုကတော့ တောက်လျှောက်ကို ကျဆုံးနေပါတယ်။ ဒါဟာ သံသယဖြစ်စရာကို မရှိပါဘူး။ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်နေတယ်။ ဒီဖြစ်ရပ်တွေကို အရေးယူဖို့ ကြန့်ကြာနေတယ်။ ဒီဟာကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ်သင့်နေပါပြီ။ သူတို့အနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးသင့်ပါပြီ။ ပြဿနာကတော့ တရုတ်နဲ့ရုရှားကပိတ်ဆို့ ထားတာပါပဲ။ ဒါကြောင့် လူတိုင်းသတိပြု သင့်တာက တရုတ်နဲ့ရုရှားဟာ မြန်မာပြည်မှာ စစ်ကောင်စီကို ထောက်ပံ့ကူညီခြင်းအားဖြင့် Crime against humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတယ်ဆိုတာ ပါပဲ။ ဒါကြောင့် သူတို့မှာလည်း တာဝန်ရှိပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ကူမှာကို ခွင့်မပြုဘဲ ငြင်းပယ်ဖို့နဲ့ မြန်မာပြည်သူတွေကို ပြန်တိုက်ဖို့ သူတို့က ထောက်ပံ့နေတယ်။ မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ နောက်ခြေတလှမ်းကို မရောက်အောင်လုပ်ပေးနေ တယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်ကို ဒီလုပ်ရပ်ဆိုးတွေ အဆုံးသတ်ပြီး ပြည်သူတွေ တရားမျှတမှု အတွက် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှာကို ကြောက်နေတယ်။

မေး - ဟုတ်ကဲ့ပါ။ အခုလိုဆိုရင် ခင်ဗျားတို့အဖွဲ့ဖြစ်ဖြစ်၊ ခင်ဗျားတို့မိတ်တွေအဖွဲ့တွေပဲဖြစ်ဖြစ် တခြားနိုင်ငံ တကာ အဖွဲ့တွေပဲဖြစ်ဖြစ် ဒီပြည်သူတွေကို တစ်ခုခုများ ကူညီနိုင်မလားခင်ဗျာ။

ဖြေ - တကယ်တော့ ကျနော်တို့ လုပ်နိုင်တာတွေလုပ်နေပါတယ်။ နိုင်ငံတကာက အရေးယူလာအောင် ကျနော် တို့က သူတို့ကိုယ်စား ပြောပေးနေပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို အများသိအောင် ကျနော်တို့ ဆက်ပြီးတင်ပြပြောဆိုနေမှာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေ ဆောင်ရွက်လာအောင် ကျနော်တို့က ဆက်ပြီးတောင်းဆိုပေးနေမှာပါ။ ခင်ဗျားသိတဲ့အတိုင်း ကျနော်တို့က အစိုးရတရပ် မဟုတ်ပါဘူး။ ကုလသမဂ္ဂ မှာဝင်ပြီး ဆုံးဖြတ်ပေးနိုင်တဲ့သူတွေ မဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျနော်တို့ ဆက်ပြီး စုံစမ်းဖော်ထုတ်နေမှာပါ။ အပြစ်ရှိတဲ့သူတွေ ဘယ်သူတွေလဲဆိုတဲ့စာရင်းကို ဆက်ပြီးဖော်ထုတ်နေ မှာပါ။ ပြီးတော့ ဒီလိုအကြမ်းဖက်လုပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီခေါင်းဆောင်ဖြစ်တဲ့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် အနေနဲ့ရော စစ်ကောင်စီထဲက ထိပ်တန်းအဖွဲ့ဝင်တွေရော တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာ အောင် တောက်လျှောက်တောင်းဆိုနေမှာပါ။

မေး - နောက်ဆုံးမေးခွန်းကတော့ ဒီလိုပါ။ အာဆီယံက သဘောတူထားတဲ့ အချက် ၅ ချက်ကို မြန်မာစစ်ခေါင်း ဆောင်တွေ လိုက်နာအကောင်အထည် ဖော်နေတယ်လို့ထင်လားခင်ဗျ။

ဖြေ - ဒါကတော့ရှင်းပါတယ်။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် လိမ်ညာနေတာကို အာဆီယံက သဘော ပေါက်နေပြီဖြစ်လို့ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာတောင် ချန်ထားခဲ့တာလေ။ ဘာကြောင့်လဲဆိုရင် သဘောတူချက်တွေကို အကောင်အထည်ဖော်တဲ့အခါ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင် ရွက်မှု မရှိလို့ပဲ။ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ပြီး သဘောတူချက်တွေ ဆောင်ရွက်လာတဲ့ အထိ အာဆီယံအနေနဲ့ ဒီမူဝါဒနဲ့ပဲ ဆက်ပြီးသွားသင့်ပါတယ်။ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက် လိုအပ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ဝင်ခွင့်ရပြီး စစ်ကောင်စီက တရားစွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားတွေ၊ အရေးပါတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ပေးတွေ့ရမယ်။ သူတို့အနေနဲ့ စစ်ကောင်စီက ကစားတာမျိုး မဟုတ်ဘဲ တကယ့်စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာအောင် လုပ်ရမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org