မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီနဲ့ မေးမြန်းချက်

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေးစီမံခန့်ခွဲမှုအပါအဝင် စွမ်းရည်မြှင့်သင်တန်းတွေ ပို့ချနေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေးစီမံခန့်ခွဲမှုအပါအဝင် စွမ်းရည်မြှင့်သင်တန်းတွေ ပို့ချနေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ရဲမှူးချုပ် သူရဘိုနီနဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်ကျော်အောင်။        ။ ဒုရဲချုပ်တို့ မြန်မာရဲတပ်ဖွဲ့နဲ့ EU ဥရောပနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ လေ့ကျင့်ရေးသင်တန်းတွေ ပူးပေါင်းလုပ်ဆောင်နေတယ် ဘယ်လောက်ထိခရီးရောက်နေပါပြီလဲ ခင်ဗျာ။

ရဲမှူးချုပ် သူရဘိုနီ။                ။ အခုဆိုရင် ၁ နှစ်ကျော်သွားပြီပေါ့၊ ၁ နှစ်နဲ့ ၂ လနီးပါးလောက်ရှိပြီပေါ့။

ကိုကျော်ကျော်အောင်။        ။ ဘယ်လိုသင်တန်းတွေကို အဓိက သင်ယူလေ့ကျင့်နေတာပါလဲခင်ဗျ။

ရဲမှူးချုပ် သူရဘိုနီ။                ။ အဓိက ကတော့သူက သင်တန်းရယ်လို့မဟုတ်ဘဲနဲ့ Project ပေါ့နော်၊ သူရဲ့စီမံကိန်းက ၁၈ လစီမံကိန်းပေါ့၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေစတယ်၊ အခုပြီးမှာကတော့ ၂၀၁၅ မတ်လ ၁၅ ရက်မှာပြီးမယ်၊ အဲ့မှာအပိုင်း ၄ ပိုင်းရှိတယ်၊ အပိုင်း ၁ လို့ပဲကျနော်ပြောလိုက်မယ်၊ အဲ့ဒါကတော့ လူထုလူဝေး စီမံခန့်ခွဲတဲ့ အတတ်ပညာပေါ့၊ အပိုင်း ၂ ကျတော့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်၊ နောက်အပိုင်း ၃ ကတော့ မူဝါဒပိုင်း ဥပဒေဆိုင်ရာတွေ၊ နောက်ခါကျတော့ government လို့ခေါ်တဲ့ အပိုင်းဆိုင်ရာကို သူကသင်တာမဟုတ်ဘူး၊ ကျနော်တို့ကို ဥပဒေတွေ၊ ကျင့်စဉ်တွေ၊ ကျင့်ထုံးတွေ အဲ့ဒါတွေကို ဒီမိုကရက်တစ်အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေအောင်ဆိုပြီးတော့ သူတို့ပြန်ပြီးတော့ သုတေသနလုပ်ပြီးတော့မှ ဒါကျနော်တို့နဲ့ သူတို့ပညာရှင်တွေနဲ့ပေါင်းပြီးလုပ်တဲ့အပိုင်းပေါ့၊ နောက်ဆုံးတစ်ပိုင်းကတော့ အပိုင်း ၄ ကတော့ မီဒီယာနဲ့ လူနေမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီး လုပ်ဆောင်တဲ့လုပ်ငန်းတွေပေါ့။

ကိုကျော်ကျော်အောင်။        ။ ဒီသင်တန်းကာလတစ်လျှောက်မှာ ရဲအရာရှိ ဘယ်လောက်ကိုများ ပို့ချလိုက်နိုင်ပါလဲခင်ဗျာ။

ရဲမှူးချုပ် သူရဘိုနီ။                ။ ၇ထောင်ကျော်ကတော့ သူတို့ကနေတိုက်ရိုက်ပို့ချပေးတာ၊ ၇ထောင်ကျော်လောက်ရှိပြီ၊ ကျနော်တို့ဘာသာ ဆင့်ပွားနေတာနဲ့ဆိုတော့ ၅ သောင်းဝန်းကျင်လောက်ရှိပြီ။

ကိုကျော်ကျော်အောင်။        ။ ရဲချုပ်ခင်ဗျား၊ ရဲအရာရှိတော်တော်များများကိုလေ စခန်းတွေကို ဆက်ကြည့်တဲ့အခါ သတင်းမီဒီယာတွေဆိုရင်ဖုန်းမဖြေရဲဘူး၊ ဒါနဲ့ပတ်သက်ပြီးတော့ သင်တန်းမှာပို့ချတာရှိလားခင်ဗျာ၊ မီဒီယာနဲ့ ဘယ်လိုဆက်သွယ်ရမယ်၊ လူထုနဲ့ ဘယ်လိုထိတွေ့ရမလဲ၊

ရဲမှူးချုပ် သူရဘိုနီ။                ။ မှန်တယ်၊မှန်တယ်၊ အဲ့ဒီဟာတွေက ဒါအခုမှစတာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းကတော့ ခင်ဗျားတို့ မီဒီယာတွေနဲ့ ကျနော်တို့ရဲတပ်ဖွဲ့နဲ့က ဘာပဲပြောပြော တစ်ယောက်နဲ့တစ်ယောက်က သဟဇာတ မရှိကြဘူး၊ မီဒီယာအဖွဲ့ရေးရင်လဲ မကောင်းတာပဲရေးကြတယ်၊ ကောင်းတာဆိုမရေးကြဘူး၊ ဒီဟာတွေကလဲ ဖြစ်တဲ့ခါကျတော့ သူတို့ဖက်ကစိုးရိမ်တာပေါ့၊ ခင်ဗျားတို့ မီဒီယာနဲ့ ကျနော်တို့က ပေါင်းပြီးလုပ်မှအောင်မြင်မှာ၊ တစ်ကယ်လို့ ရဲဖက်ကနေပြီးတော့ ပြည်သူလူထုကို သိစေချင်တဲ့ ဟာရှိရင် ခင်ဗျားတို့ဖက်ကနေပြီးတော့ မှန်မှန်ကန်ကန်လုပ်ပေးဖို့လိုတာပေါ့ဗျာ၊ ဒါကျနော့်ဘက်က မြင်တဲ့အမြင်ပါ၊

ကိုကျော်ကျော်အောင်။        ။ နောက်တစ်ခုက ရဲချုပ်ရယ် ပဋိပက္ခတွေပေါ့နော်၊ ဥပမာ ဟိုတနေ့ကဆိုရင် ရဲနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်တော့ ပစ်ခတ်လို့ရွာသားတွေ ဒါဏ်ရာရတာရှိတယ်၊ ဒီလို ပဋိပက္ခတွေကို ကိုင်တွယ်တာနဲ့ပတ်သက်ပြီးတော့ ရဲချုပ်တို့ဘယ်လိုတွေများ ဆောင်ရွက်နေတာရှိလဲခင်ဗျာ၊ သင်တန်းမှာပေါ့လေ

ရဲမှူးချုပ် သူရဘိုနီ။                ။ အဲ့ဒါကတော့ သူ့နေရာနဲ့သူ စီမံခန့်ခွဲတဲ့အပိုင်းတွေရှိပါတယ်၊ ဒါကျနော်တို့က နောက်ဆုံးအဆင့် လက်နက်နဲ့ပစ်ခတ်ရတယ်ဆိုရင် ကျနော်တို့ကနိုင်ငံတစ်ကာအဆင့်တိုင်းပဲ ရော်ဘာကျည်ဆန်နဲ့ ပစ်ရတာပဲရှိတယ်၊ ကျနော်တို့က မဖြစ်မနေမှ အနည်းဆုံးအင်အားနဲ့သုံးရမယ်ဆိုတာရှိပြီးသားပါ၊ အဲ့ဒါကတော့ ကျနော်အလုပ်ရှိနေသေးလို့နောက်မှဖြေမယ်ဗျာ၊ အဲ့ကိစ္စကတော့ကျနော်နဲ့ မဆိုင်ဘူး၊ ကျနော်ကလေ့ကျင့်ရေးအပိုင်းနဲ့ပဲဆိုင်တယ်၊ အဲ့ကိစ္စကိုတော့ သက်ဆိုင်တဲ့ဌာနကိုပဲ မေးပါ။

ကိုကျော်ကျော်အောင်။        ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ရဲမှူးချုပ် သူရဘိုနီ။                ။ ဟုတ်၊ဟုတ်၊ဟုတ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org