ဒုက္ခသည်ပြန်လာရေးအစီအစဉ်အပေါ် UNHCR နဲ့ဆက်သွယ်မေးမြန်းချက်
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဖက်နားလည်မှုစာချွန်လွှာကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးကြပါတယ်။
-
2018-06-06 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဖက်နားလည်မှု စာချွန်လွှာကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Giuseppede Vincentiis ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
--------------------------------
NRK - ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေပြန်ခေါ်ရေးအတွက် မြန်မာအစိုးရက ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ MOU နားလည်မှုစာချုပ်ချုပ်တာဟာ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စိုးရိမ်ပူပန်မှုတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်လာတာလို့ပြောနိုင်မလား။
Giuseppe - ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေထဲက ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပြန်လာချင်တဲ့သူတွေကို လက်ခံဖို့အတွက် မူဘောင်လုပ်ငန်းစဉ်ချမှတ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ကုလသမဂ္ဂ၊ အထူးသဖြင့် UNHCR ဆိုတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ဆိုတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တို့နဲ့ နှစ်ဖက်နားလည်မှုစာချွန်တော်မှာ သဘောတူချုပ်ဆိုတာဟာ အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးဖြစ်လို့ ဒီနေ့လက်မှတ်ထိုးတဲ့ကိစ္စဟာ ဒါတွေကို အကောင်အထည်ဖေါ်ဖို့ စလိုက်တာဖြစ်တယ်လို့ ကျနော့်အနေ နဲ့ပြောပါရစေ။
NRK - ဒီနေ့ချုပ်ဆိုတဲ့စာချုပ်မှာ အချက်ဘယ်နှစ်ချက်လောက် သဘောတူလဲ။ ဆိုလိုတာက ဒုက္ခသည် ၆ သိန်းကျော်လောက်ကို ဘယ်အချိန်ကာလလောက်အတွင်း အပြီးပြန်ခေါ်မယ်ဆိုတာမျိုးပေါ့။
Giuseppe - အခုသဘောတူစာချုပ်မှာ အချိန်ကာလသတ်မှတ်ချက်မပါပါဘူး။ ဆိုလိုတာက ဒုက္ခသည်တွေအနေနဲ့ သူတို့ဟာသူတို့ ကိုယ့်ဆန္ဒအရပဲ ပြန်ချင်တဲ့အကြောင်းလျှောက်ထားရမှာပါ။ ဒါဟာအရေးအကြီးဆုံးပါပဲ။ ကျနော်တို့ဒီနေ့ချုပ်ဆိုတဲ့စာချုပ်က ရခိုင်ပြည်မှာနေတဲ့ လူ့အသိုင်းအတွက် ယုံကြည်မှုရှိအောင်ပံ့ပိုးပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့သူတွေလည်း ပြန်နေတဲ့အခါ သူတို့ဘဝတွေအတွက် စဉ်းစားနိုင်အောင် ဖန်တီးပေးဖို့ဖြစ်ပါတယ်။
NRK - နောက်အရေးကြီးတဲ့ကိစ္စတခုက ဒုက္ခသည်တွေထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ကလေးတွေဖြစ်နေလို့ ပြန်ခေါ်တဲ့အခါ သူတို့ကိုဘယ်လိုစောင့်ရှောက်မှာလဲဆိုတာ ထောက်ပြနေကြပါတယ်။
Giuseppe - ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ကလေးတွေ ပြန်လာရေးကလည်း သူတို့မိဘတွေရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။ သူတို့ပြန်လာတဲ့အခါမှာတော့ ဘဝကို ဂုဏ်သိက္ခာရှိရှိနဲ့ ကောင်းကောင်းမွန်မွန်ပြန် တည်ဆောက်နိုင်ဖို့ အာမခံချက်ပါ။ ဒါဟာဘာလဲဆိုရင် လုံခြုံတဲ့အခြေအနေမှာ ပုံမှန်ဘဝတွေပြန်စနိုင်ဖို့၊ လက်တွေ့မှာ စာသင်ကျောင်းတွေပြန်သွားနိုင်ဖို့ဖြစ်ပြီး၊ ဒီအတွက် ပြန်ကြဖို့ ဒုက္ခသည်တွေက လျှောက်ထားရမှာပါ။
NRK - နောက်တချက်ကဒီလိုပါ။ ကျနော်တို့သိရသလောက်ဆိုရင် ဒုက္ခသည်တွေက နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ငြင်းဆန်နေကြတယ်လို့ ကြားထားတဲ့အတွက်၊ သူတို့က UNHCR ရဲ့ အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလား။
Giuseppe - ဒုက္ခသည်တွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ UNHCR က အကောင်အထည်ဖေါ်ပေးနိုင်မှာပါ။ ဒါကြောင့် နှစ်ဖက်သဘောတူစာချုပ်က အရေးကြီးတယ်လို့ပြောတာပါ။ အဲဒီစာချုပ်အရ ဒီလုပ်ငန်းစဉ် တွေမှာ UNHCR နဲ့ UNDP တို့က ပါဝင်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဘာလို့ဆိုရင် ဒီစာချုပ် မချုပ်ခင်က ပါဝင်ဆောင်ရွက်လို့ မရခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ အခုဆိုရင် လွတ်လွတ်လပ်လပ် အခြေအနေကိုစောင့်ကြည့်ဖို့၊ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ သတင်းအချက်အလက် မျှဝေပေးဖို့တွေလုပ်နိုင်မှာဖြစ်ပြီး၊ ရလာတဲ့အချက်အလက်တွေ ကိုလည်း ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်တွေကို အခြေအနေတွေပြောပြနိုင်မှာဖြစ်ပါတယ်။
NRK - တခြားတဘက်အနေနဲ့ပြောရရင်လည်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေ အတိုင်း လိုက်ပါလာလိမ့်မယ်လို့ထင်ပါသလား။
Giuseppe - ကျနော်က မြန်မာပြည်ဘက်အခြမ်းမှာ တာဝန်ယူရတာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကိုတော့ ပြောမပြတတ်ပါဘူး။
NRK - သြော်၊ ဟုတ်ကဲ့။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ UN ရုံးခန်းသစ်ဖွင့်ဖို့၊ ဒါမှမဟုတ် တိုးချဲ့ဖို့အစီအစဉ်များရှိပါသလား။
Giuseppe – UNHCR ရုံးတွေက ဘူးသီးတောင်နဲ့မောင်တောမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ရှိနေပါတယ်။ ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး။ အခု MOU စာချုပ်အရ ဝန်ထမ်းတွေအနေနဲ့ မောင်တောက ရုံးကို ဝင်ထွက်သွားလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ဝန်ထမ်းတွေ ပိုပြီးလွှတ်ဖို့လည်း အစီအစဉ်ရှိပါတယ်။
NRK - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Giuseppe – ဟုတ်ကဲ့။ ပြောရတာလဲ ကျေးဇူးတင်ပါတင်ဗျာ။