ပုဂံမြို့ဟောင်းက အနှစ် ၅၀ မြင်းလှည်းဆရာ
ပုဂံလို့ ပြောလိုက်ရင် တန်ခိုးကြီး ဘုရားစေတီတွေနဲ့အတူ လှပတဲ့ မြင်းလှည်းနဲ့ မြင်းခွာသံ တညံညံကို အတူတွဲပြီး မြင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မြင်းစာ မတတ်နိုင်တာနဲ့ တခြား ခေတ်ပေါ်အစားထိုး ယာဉ်တွေကြောင့် ဆက်လက်လုပ်ကိုင်သူ အတော်နည်းသွားပြီလို့ ပြောပါတယ်။
- 2022-10-14
-
-
-
သူ့အမည်က ဦးမောင်မောင်ပါ။ အသက်က ၇၀ ပါ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် ခရီးသွားမြို့တော်လို့ တင်စား ခေါ်ဝေါ်တဲ့ ပုဂံဒေသမှာ မြင်းလှည်းမောင်းနေတာ အနှစ် ၅၀ ရှိပါပြီ။ မြင်းမလေး မိချောနဲ့ မြင်းလှည်း လိုင်စင်နံပါတ် ၁၂၀ ကိုမောင်းပြီး ပုဂံကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကို သူ နေရာအနှံ့ လိုက်ပါပို့ဆောင်ပေးပါတယ်။
မိဘဘိုးဘွားတွေလက်ထက်မှာ တောင်သူမျိုးရိုးဖြစ်ပေမယ့် သူ့အသက် ၂၀ မှာ အဖေက မြင်းလှည်းဝယ်ပေးရာကစလို့ မြင်းလှည်းဆရာ ဖြစ်လာခဲ့တာပါ။
"လုပ်ငန်းကိုင်ငန်း မကောင်းဘူးဆိုရင်တော့ မြင်းရောင်းစားရတော့မှာပဲ"
"နဂိုတုန်းက ကျနော်တို့ အဖေ၊ အမေများ၊ အဘများ၊ အဘွားများက တောင်သူလုပ် တာလေ။ နှမ်းတွေ ပြောင်းတွေ၊ မြေပဲတွေကောင်းလို့ ယာကရတဲ့ တစ်နှစ်က အဖေ ကလည်း မြင်းလှည်းလေးတစ်စီး ဝယ်ပေးရင် ကောင်းမှာပဲ ဆိုပြီးတော့ မြင်းလှည်း ဝယ်လိုက်တာ။ အဲကနေ အခုအချိန်အထိ မောင်းတာပဲ။ ကျနော် မောင်းခဲ့တဲ့လှည်းက ၂၆ ဟိုမှာ အမေများ၊ အဖေများအိမ် ထားခဲ့ရတာ။ ဒါကိုယ့်ဟာကိုယ်ကျမှ အစိုးရက နည်းနည်း တိုးပေးတာ။ နံပါတ်တိုးပေးတော့ ကျနော်က ကိုယ်ပိုင်မြင်းလှည်း ဖြစ်သွား တာ"
သူ မြင်းလှည်းစဆွဲချိန် လွန်ခဲ့တဲ့ အနှစ် ၅၀ က တစ်ယောက်ကို ငါးမူးသာ ရပေမယ့် အဲဒီအချိန်က ငွေကြေးက တန်ဖိုးရှိတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။
လက်ရှိမှာတော့ ခရီးသည်ရှိတဲ့အချိန်ဆို တစ်နေ့ကို ကျပ် နှစ်သောင်းကနေ သုံးသောင်း လောက်အထိ ရပေမယ့် အစစအရာရာ စျေးတက်နေတာကြောင့် အသုံးမခံဘူးလို့ ဆိုပါ တယ်။
ဘုရားဖူးဧည့်သည်တွေက သဗ္ဗညု၊ ရွှေဂူကြီး ဘုရားတွေဆီကိုသွားချင်ရင် ကျပ် ငါးထောင်၊ ရွှေကွန်ခြာဘုရားကို တစ်သောင်းနဲ့ တဝဂူဘုရားကို သွားရင်တော့ ကျပ်နှစ်သောင်း သူ သတ်မှတ်ထားပါတယ်။ ဘုရားဖူးဧည့်သည်တွေက အေးအေးဆေးဆေး နာရီနဲ့ စီးချင်ရင် တော့ တစ်နာရီကို ကျပ် ၁၃၀၀ နှုန်း သတ်မှတ်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဗစ်မတိုင်ခင်ကလောက် ဧည့်သည်မများလို့ တချို့ရက်တွေဆို ခရီးသည်တစ်ယောက်မှ မရဘူးလို့ ဦးမောင်မောင်က ပြောပါတယ်။
"ခရီးသည်အခြေအနေက အရင် ဟိုတုန်းကတော့ ရှိတယ်ဗျ။ ကိုဗစ်ဖြစ်ပြီးတော့ လူက တော်တော်လေးကို ပျောက် ထွက်သွားတာ။ အခုရက်လေးတော့ ပြန်ပြီးတော့ လာတော့ လာကြပါတယ်၊ ဒါပေမဲ့ ဟိုတုန်းကလို မပေါများတော့ဘူး။ ဟိုအရင် ကိုဗစ်မဖြစ်ခင်က တော်တော်များတယ်။ နိုင်ငံခြားသားဧည့်သည်တွေရော ဗမာဧည့်သည်တွေရော တော်တော်ကို များများစားစား ပုဂံကို လာကြတယ်။ အခုနောက်ပိုင်းက သိပ်မဟုတ် တော့ဘူး။ ပါဆင်ဂျာတွေ အလာနည်းတဲ့ အခါကျတော့ တစ်ခါတစ်ခါ တစ်ပြားမှ မရဘူး။ တစ်ခါတစ်ခါကျတော့ ရတယ်။ အခုကျတော့ လုပ်ငန်းက သိပ်မကောင်းတော့ဘူးပေါ့"
ဝင်ငွေရှိရှိ မရှိရှိ၊ ခရီးသည်ရရ၊ မရရ ဦးမောင်မောင်ကတော့ ပုဂံမြို့ဟောင်း သရပါတံခါး အနီးက တောင်ဘီလယ်ယား ရွာမှာနေထိုင်ပြီး သူ ဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်နေပါတယ်။
အရင်က တောင်ယာလုပ်လိုက်၊ မြင်းလှည်းမောင်းလိုက် တစ်လှည့်စီ လုပ်ခဲ့ဖူးပေမယ့် အခု အသက်ကြီးလာတော့ မြင်းလှည်းမောင်းတဲ့အလုပ်ကိုပဲ သူ စွဲစွဲမြဲမြဲ ဆက်လုပ်နေတာပါ။
ဒီအလုပ်ကိုပဲ ဆက်လုပ်နေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဦးမောင်မောင်ဟာ သူနဲ့ ဘဝတစ်လျှောက်လုံး အတူရှိလာတဲ့ မြင်းတွေကို ချစ်မြတ်နိုးပြီး ကရုစိုက်လွန်းတာပဲ ဖြစ်တယ်လို့ သမီးဖြစ်သူ မကြည်ကြည်ဆွေ က ပြောပါတယ်။
"သားသမီးတွေက သားကို မြင်းလှည်းမောင်းခိုင်းပြီးတော့ သူက တောင်သူလုပ်တာ။ အသက်ကြီးလာတော့ တောင်သူ အလုပ်မခံတော့ဘဲ မြင်းလှည်းပြန်မောင်းတာ။ မြင်းလည်း သူက ဂရုတစိုက်ကျွေးတယ်။ ဝါသနာလည်းပါတော့ သူ့ မြင်းကို အပိန်မခံဘူး။ ညလည်းညမို့လို့ ထထကျွေးတာ။ မြင်းကလည်း အကျင့်ပါနေတာ၊ ညကျလည်း မအိပ်ဘူး တောင်းနေတာ။ တခွပ်ခွပ်နဲ့။ အဖေက ငါးနာရီခွဲရင် သွားရတယ် ဂိတ်တွေ ဘာတွေထိုး မဲနှိုက်ရတာ"
အရင်က ပုဂံညောင်ဦးမှာ မြင်းလှည်းတွေ များခဲ့ပေမယ့် လက်ရှိမှာတော့ ရိုးရာအစဉ်အလာ ကြီးတဲ့ မြင်းလှည်းလုပ်ငန်းကို တောင်ဘီလယ်ယားရွာက ဒေသခံတွေပဲ အစဉ်အလာအရ ဆက်လုပ်နေကြတာလို့ မကြည်ကြည်ဆွေက ပြောပါတယ်။
မြို့နယ်စည်ပင်ကနေ မြင်းလှည်းလုပ်ငန်းလိုင်စင် ချပေးထားတာ အစီးရေ ၃၀၀ ခန့် ရှိပေ မယ့် ခရီးသည် မရတာကြောင့် အခုလက်ရှိ အစီး ၁၀၀ ဝန်းကျင်ပဲ ကျန်တော့တယ်လို့ လည်း ဦးမောင်မောင်နဲ့ဘဝတူ မြင်းလှည်း သမားတွေက ပြောပါတယ်။
အရင်ခေတ်က ပုဂံလို့ ပြောလိုက်ရင် တန်ခိုးကြီး ဘုရားစေတီတွေနဲ့အတူ လှပတဲ့ မြင်းလှည်းနဲ့ မြင်းခွာသံ တညံညံကို အတူတွဲပြီး မြင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မြင်းစာ မတတ်နိုင်တာနဲ့ တခြား ခေတ်ပေါ်အစားထိုး ယာဉ်တွေကြောင့် ဆက်လက် လုပ်ကိုင်သူ အတော်နည်းသွားပြီလို့ မြင်းလှည်းဆရာ ဦးစိုးတင့်က ပြောပါတယ်။
"တချို့ကျ လှည်းရှိတယ် မြင်းတွေရောင်းပစ်တာ။ အလုပ်မဖြစ်တော့ ဝယ်ကျွေးရ တဲ့သူအတွက် စရိတ်က မကိုက်ဘူး။ ဦးတို့ကို တောင်သူလေးအလုပ်က တစ်ဖက်က ခံနေတော့ မြင်းတွေကို ရောင်းချင်နေတာ၊ ကိုယ်က ပေးထားတုန်းက ၁၅ သိန်း လောက်ပေးထားရတာ။ အခုပေးတာကျတော့ ခုနစ်သိန်း၊ ရှစ်သိန်း။ ဦးရဲ့ မြင်း ဆိုလို့ရှိရင် ခြောက်သိန်းလောက် ရရင်ကို ရောင်းမှာ။ ရှာမကျွေးနိုင်တော့ဘူး အဲလို ဖြစ်နေတာ။ ခေတ်ကတော့ ခေတ်ပေါ်ပဲ မူတည်မှာပဲ။ ခေတ်ကောင်းရင်တော့ မြင်းလှည်းခေတ် ပြန်ကောင်းဖို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပုဂံညောင်ဦးပဲ မြင်းလှည်းလေးတွေနဲ့ အဆင်ပြေတာလေ။ ခေတ်မကောင်းရင်တော့ ပြုတ်ကုန်မှာပဲ"
မြင်းတွေကို ပြောင်းရိုး၊ မြေစာမြက် ကျွေးရပြီး မြင်းတစ်ကောင်းရဲ့ ကုန်ကျစရိတ်က တစ်နေ့ကို ကျပ် လေးထောင်ခန့် ရှိတယ်လို့ သူက ပြောပါတယ်။
ပုဂံညောင်ဦး ဒေသခံတွေဟာ ဘဝတစ်လျှောက်လုံး ခရီးသွားလုပ်ငန်းကိုသာ အမှီပြု အသက်မွေးရပြီး ကိုဗစ်နဲ့ ပြည်တွင်းစစ်ကြောင့် ခရီးသည်အလာနည်းသွားတာ သုံးနှစ် ကျော်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပုဂံမှာ ရိုးရာမြင်းလှည်းစီးရတာကို နှစ်သက်သဘောကျတဲ့ နိုင်ငံခြားသားဧည့်သည်တွေ အခုနောက်ပိုင်း မလာသလောက် နည်းသွားသလို ပြည်တွင်း ခရီးသွားဧည့်သည်တွေက လည်း အရင်ထက် နည်းပါးသွားတယ်လို့ ဆိုပါတယ်။
ခေတ်ပေါ် လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တွေ မပေါ် သေးတဲ့အချိန်က မြင်းလှည်းဆရာတွေ အလုပ်ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ခေတ်စနစ်က ပြောင်းလဲ၊ ကိုဗစ်ကပ်ရောဂါက နှိပ်စက်တဲ့အပြင် နောက်ထပ် အပိုဖြစ်လာတဲ့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် တချို့ရက်တွေမှာ ဆန်နဲ့ ဆီ ဖိုးတောင် ဝင်ငွေ မရဘူးလို့ အနှစ် ၅၀ မြင်းလှည်းဆရာ ဦးမောင်မောင်က ပြောပါတယ်။
နောက်ဆုံး ကြံရာမရရင်တော့ သူ အင်မတန်မြတ်နိုးတဲ့ မြင်းတွေကို ရောင်းပစ်ပြီး သားသမီး လုပ်စာပဲ ထိုင်စားရတော့မယ်လို့ အနှစ် ၅၀ မြင်းလှည်းဆရာ ဦးမောင်မောင်က ဝမ်းနည်း စကား ဆိုပါတယ်။
"စားဖို့သောက်ဖို့ကတော့ တစ်ခါတစ်ခါကျတော့လည်း တော်တော်လေး ကျပ်တည်း တယ်ဗျ။ စားဖို့သောက်ဖို့ အမြဲရှာလို့ မရတဲ့အခါကျရင်တော့ အဓိက ကတော့ ဆန်၊ ဆီ၊ ဆားပေါ့ဗျာ၊ ခရီးသည်လာရင်တော့ ဒီနေ့ရတာ ဒီနေ့စားပေါ့ဗျာ။ အခု ခရီးသည် အလာ နည်းတဲ့အခါကျတော့ ဈေးသည်အိမ် အကြွေးယူရတာပေါ့။ လုပ်ငန်းကိုင်ငန်း မကောင်း ဘူးဆိုရင်တော့ မြင်းရောင်းစားရတော့မှာပဲ။ သားသမီးလုပ်စာ ထိုင်စားရတော့မှာပေါ့ ဗျာ"
လက်ရှိ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းက အခါကြီးရက်ကြီးနဲ့ ရုံးပိတ်ရက်ရှည်တွေမှာ ပြည်တွင်းခရီးသည်တွေသာ အလာများပြီး အရင်ကလို ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ အထူးစည်ကားလာဖို့ကို အားလုံးက မျှော်လင့်နေကြပါတယ်။