အခက်အခဲတွေကြားက အင်းလေး ပန်းပဲဆရာ

အင်းလေးကန်ရဲ့ အနောက်ဘက်က သန်းထောင်ဈေးထောင့်မှာ ပန်းပဲဆရာ ဦးမျိုးမြင့်တစ်ယောက် သူရဲ့ပန်းပဲဖိုကထွက်တဲ့ စိုက်ပျိုးရေးနဲ့ မီးဖိုချောင်သုံး သံထည်ပစ္စည်းလေးတွေကို ရောင်းနေပါတယ်။

အင်းလေးကန် အနောက်ဘက် သန်းထောင်ဈေးထောင့်မှ ပန်းပဲဆရာ ဦးမျိုးမြင့်၏ ပန်းပဲလုပ်ငန်းအား ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ရဲ့ အနောက်ဘက်က ငါးရက်တစ်ဈေးဖြစ်တဲ့ သန်းထောင်ဈေးထောင့် တစ်နေရာမှာ အသက် ၅၂ နှစ်အရွယ် ပန်းပဲဆရာ ဦးမျိုးမြင့်တစ်ယောက် သူရဲ့ပန်းပဲဖိုကထွက်တဲ့ စိုက်ပျိုးရေးနဲ့ မီးဖိုချောင်သုံး သံထည်ပစ္စည်းလေးတွေကို ရောင်းနေပါတယ်။

ဦးမျိုးမြင့်က မိရိုးဖလာပန်းပဲလုပ်ငန်းကို သူအသက် ၃၀ အရွယ်ကတည်းက ယောက္ခမဖြစ်တဲ့ ပန်းပဲဆရာကြီးဆီကနေ သင်ယူခဲ့ပြီး ဒီပညာနဲ့ မိသားစုကို လုပ်ကျွေးနေတာပါ။

"ခါတိုင်း ဓား ၅ ချောင်းလောက် ရောင်းရပေမယ့် အခုက တစ်ချောင်း လောက်ပဲရောင်းရတယ်"

သူလုပ်ရောင်းတဲ့ပစ္စည်းတွေက အရွယ်အစားမျိုးစုံ ဓားနဲ့ ကတ်ကြေးတွေ၊ မီးဖိုချောင်နဲ့ စိုက်ပျိုးရေးသုံး သံထည်ပစ္စည်းတွေဖြစ်တယ်လို့ ဦးမျိုးမြင့်က ပြောပြပါတယ်။

''ဒီဓားရှည်ကတော့ ခရမ်းချဉ် (ရေခြံ) စိုက်ခင်းတန်းတွေ ရှင်းတဲ့အခါ ချဲ့ထွင်ဖို့အတွက် သုံးပါတယ်။ ဒီခမ ကောက်လို့ ခေါ်တဲ့ ဓားကောက်ကတော့ မြက်ရှင်းတာပါ။ ဒီ သံပြား ဒေသအခေါ် (သန်းဆောင်) ကတော့ လယ်ထဲမှာ မြေကြီးတူးတဲ့အခါ သုံးတာပါ။ ဒါကတော့ မီးဖိုတွေမှာသုံးတဲ့မီးညှပ်လေးပေါ့''

ဦးမျိုးမြင့်ရဲ့ပန်းပဲဖိုကထွက်တဲ့ ဓား၊ ကတ်ကြေး၊ ဝါးလုံးတပ်ပြီးမြက်ရှင်းတဲ့ ဓားကောက်တွေကို ဒေသခံတွေက လယ်ယာလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဆေးလိပ်ခုံလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။

ဈေးနေ့တွေမှာ ပစ္စည်းသစ်တွေရောင်းသလို ပစ္စည်းအဟောင်းတွေကိုလည်း ပြင်ပေးပါတယ်။

ဆေးလိပ်ခုံပိုင်ရှင် အသက် ၄၅ နှစ်အရွယ် ဒေါ်နွဲ့ယဉ်ဝင်းက သူတို့ခုံမှာ ဆေးလိပ်လိပ်ရင်သုံးတဲ့ ကတ်ကြေးတွေကို ဦးမျိုးမြင့်ရဲ့ ပန်းပဲဖိုမှာပဲ လာပြင်တယ်လို့ ပြောပါတယ်။

''အရည်အသွေးကောင်းလို့ ဒီမှာပဲ အမြဲတမ်း နှစ်တိုင်းလိုလိုလာပြင်ဖြစ်တယ်။ ဒီ (ကတ်ကြေး) ကတော့ ဆေးလိပ်လိပ်တဲ့အချိန် အဆီခံညှပ်ဖို့ပါ''

ဦးမျိုးမြင့်ရဲ့ ဇနီးကတော့ အသက် ၄၂ နှစ်အရွယ် ဒေါ်ချယ်ရီပါ။ သူကလည်း ပန်းပဲလုပ်ငန်းအတွက် သံကို မီးပြင်းပြင်းပေးဖို့နဲ့ လိုအပ်တဲ့အပူရနိုင်အောင် ဖားဖိုကူဆွဲရင်း ဈေးရောင်းပါတယ်။

''ဈေးထဲရောက်ရင် အဝန်ခင်းအဝန်ဖြုတ် မီးမွှေး၊ ဖိုထိုးတာတွေပြင်ဆင်ရပြီး ဖောက်သည်လာအပ်တဲ့ သူတွေလုပ်ခိုင်းတာလုပ်ရပါတယ်''

ဒီအလုပ်ကနေ တစ်နေ့ဝင်ငွေ ပျမ်းမျှကျပ် တစ်သောင်းခွဲလောက်တော့ ရတယ်လို့ ဒေါ်ချယ်ရီက ပြောပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ဟဲယာရွာမ ပန်းပဲရပ်ကွက်မှာ နေကြတာမို့လို့ ဈေးနေ့တွေမှာ ရောင်းနိုင်ဖို့အတွက် မနက်အာရုဏ်မတိုင်ခင် ၄ နာရီလောက်ကတည်းကစပြီး အိမ်ကထွက်ရပါတယ်။ ပြီးတော့ အင်းလေးကန်ဝန်းကျင်က ဈေးရှိတဲ့နေရာတွေကို စက်လှေနဲ့သွားကြတာပါ။

ငါးရက်တစ်ခါခင်းတဲ့ ဈေးနေရာတွေကို တစ်နေ့တစ်ဈေးနဲ့ လေးရက်သွားရောင်းပါတယ်။ တစ်ရက်ကို အိမ်မှာပန်းပဲလုပ်ပါတယ်။ အဲဒီအခါ တစ်ခါတလေ လူငှားခေါ်ရပြီး အလုပ်သမားခ ၇,၀၀၀ ကျပ်ပေးရ ပါတယ်။

ဦးမျိုးမြင့်ရဲ့ပန်းပဲဖိုမှာ နေ့စားဝင်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် ကိုဇေယျာလင်းက တစ်နေ့တာ ပန်းပဲလုပ်ငန်းမှာ ဓားအရွယ်အစားအမျိုးမျိုးကို လူအင်အားနဲ့လုပ်ရတဲ့အကြောင်း ရှင်းပြပါတယ်။

''ဒီလိုဓားမမျိုးတွေက အရွယ်ကြီးတော့ လူတစ်ယောက်တစ်နေ့ကို ၆ ချောင်း လောက်လုပ်ရပါတယ်၊ ဒီထက်နည်းနည်းငယ်တဲ့ ဓားကျတော့ ၈ ချောင်းလောက် လုပ်ရတယ်။ ဒီလို ဓားအရှည်ကျတော့ ၂ ချောင်းလောက် လုပ်ရတယ်။ လူလေးယောက် ဝိုင်းလုပ်ရင်တော့ ၈ ချောင်းလောက်ပြီးပါတယ်''

မိရိုးဖလာပန်းပဲလုပ်ငန်းနဲ့ပဲ အနှစ်နှစ်ဆယ်ကျော် မိသားစုကိုကျွေးမွေးစောင့်ရှောက်လာတဲ့ ဦးမျိုးမြင့် တစ်ယောက် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်ကစပြီး အရောင်းအဝယ် ပါးလာတဲ့အတွက် မိသားစု စားဝတ်နေရေး ခက်ခဲလာခဲ့ပါတယ်။

အင်းလေးကန် အနောက်ဘက် သန်းထောင်ဈေးထောင့်မှ ပန်းပဲဆရာ ဦးမျိုးမြင့်၏ ပန်းပဲလုပ်ငန်းအား ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လောင်စာဈေးတက်လာတာ၊ သူ့ပစ္စည်းတွေဝယ်တဲ့ တောင်သူတွေလည်း စိုက်ပျိုးရေးမှာ အထွေထွေ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဒါကြောင့် မိသားစုစားဝတ်နေရေး ကျပ်လာတယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။

''အသစ်ဝယ်သမားက နည်းလာတယ်။ ခါတိုင်း ဓား ၅ ချောင်းလောက် ရောင်းရပေမယ့် အခုက တစ်ချောင်း လောက်ပဲရောင်းရတယ်။ အဟောင်းပြင်တာလောက်ပဲ နည်းနည်းပါးပါး လုပ်ရတယ်။ တစ်ဈေးကို လေး၊ ငါး၊ ဆယ်ချောင်းလောက်ပဲ (အဟောင်းပြုပြင်) လုပ်ရတယ်။ အရောင်းအဝယ်ပါးတော့ အရင်လို အလုပ်လုပ်လို့ အဆင်မပြေဘူး။ ဈေးရောင်းကောင်းပြီး အဆင်ပြေတဲ့ ဈေးနေ့ရှိသလို အဆင်မပြေတဲ့ ဈေးနေ့လည်းရှိတယ်။ တစ်ဈေးကို တစ်သောင်းခွဲလောက်ပဲ ဝင်ပါတယ်။ စားဖို့နဲ့ ကလေးစားရိတ်၊ မုန့်ဖိုး တစ်ဈေး ပတ် (တစ်ရက်) ကို တစ်သောင်းခွဲလောက် ကုန်ပါတယ်''

ဦးမျိုးမြင့်တို့ ဇနီးမောင်နှံမှာ အသက် ၁၈ နှစ်အရွယ် အိမ်ထောင်ကျပြီဖြစ်တဲ့ သမီးတစ်ယောက်နဲ့ အသက် ၉ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ သားအငယ်ကို ဗုဒ္ဓဘာသာယဉ်ကျေးမှု ထုံးစံအတိုင်း ရှင်ပြုပေးချင်ပေမယ့်လည်း အဆင်မပြေ သေးတဲ့အတွက် အလှမ်းဝေးနေသေးတယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။

''သမီး မိန်းကလေးတစ်ယောက်က ၁၈ နှစ်ရှိပြီး ယောက်ျားလေးကတော့ ၉ နှစ်ပဲရှိသေးတယ်။ ၉ နှစ် အရွယ်ရှိပြီဖြစ်လို့ ရှင်ပြုပွဲလုပ်ရနေပြီ၊ အလုပ်အဆင်မပြေသေးတော့ ရှင်ပြုပွဲလုပ်ဖို့ ကြိုးစားနေတုန်းပါ။ ဒီနှစ်တော့ အလုပ်အဆင်မပြေတော့ လုပ်နိုင်မယ်မထင်တော့ဘူး''

အင်းလေးကန်ဟာ တစ်ချိန်က ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်စားတဲ့ သဘာဝအလှအပတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ထင်ရှားလှပါတယ်။ အဲဒီအပြင် အင်းလေးရဲ့ ပန်းပဲဖိုတွေကထွက်တဲ့ ရိုးရာ ဓား၊ ကတ်ကြေး စတဲ့ သံထည်လက်မှုပစ္စည်းတွေကလည်း အရည်အသွေးနဲ့ လက်ရာကောင်းတဲ့အတွက် ဈေးကွက်ရှိခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဒေသထွက်ပစ္စည်း ဈေးကွက်ကို ပြန်ပြီးဦးမော့လာမယ့်အချိန်ကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org