ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုပြီးဆုံး

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တဲ့ကိစ္စနဲ့ဆိုင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၄/၂၀၁၉)ကို ၂၀၁၉ မတ်လ ၁၂ ရက်နေ့ နေပြည်တော်မှာကျင်းပစဉ် Photo: Pyidaungsu Hluttaw FB

 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တဲ့ကိစ္စနဲ့ဆိုင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့လိုအပ်တယ်ဆိုပြီး ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားတဲ့ အဲဒီဥပဒေကြမ်းကို ကိုယ်စားလှယ် ၇၀ နီးပါး ဆွေးနွေးခဲ့ရာမှာ ဒီကနေ့ ၂၁ ဦး ဆွေးနွေးတာပါ။

မွန်အမျိုးသားပါတီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟက ဖယ်ဒရယ်စနစ်ဖြစ်ဖို့ဆိုရင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်တယ်လို့ အခုလို ပြောပါတယ်။

"ဖက်ဒရယ်စနစ်ဖြစ်ဖို့ဆိုရင် ကျနော်တို့က ဖက်ဒရယ်ဖွဲ့စည်းပုံ လိုအပ်ပါတယ်။ ပြည်ထောင်စု ဖွဲ့စည်းပုံကို မကျော်ပဲနဲ့ ပြည်နယ်တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်ထောင်စုဖွဲ့စည်းပုံကို မဆန့်ကျင်ဘဲနဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့်ပေါ့၊ ဥပဒေပြုရေးအာဏာရော၊ အုပ်ချုပ်ရေးအာဏာရော၊ တရားစီရင်ရေးရော အဲဒီမှာ Mother Law ကို မဆန့်ကျင်ဘဲနဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိမှပဲ ကျနော်တို့ ဒါ တကယ့် အနှစ်သာရရှိတဲ့ ဖက်ဒရယ် စနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်"

ဒါ့အပြင် ဖက်ဒရယ်စနစ်ဖြစ်ဖို့ ပုဒ်မ ၂၆၁ ပြင်ရုံတင်မဟုတ်ပဲ ဆက်စပ်တဲ့ အခြားပုဒ်မတွေပါ ပြင်ဖို့လိုအပ်တယ်လို့လည်း ဦးနိုင်သီဟက ပြောပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့

"ဖြစ်နိုင်တာပေါ့ ခုချိန်က ၂၆၁ ပြင်ဖို့ကိုလဲ ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားပြီးပြီ။ နောက်ဖွဲ့စည်းပုံ ပြည်နယ်နဲ့တိုင်းဒေသကြီး ဖွဲ့စည်းပုံပြင်ဖို့ဆိုတာကလည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားပြီးပြီ။ အဲတော့ သိတယ် ပြည်နယ်ဖွဲ့စည်းပုံရေးမယ့် သူတွေက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ မဆန့်ကျင်ရဘူး၊ အဲဒီဘောင်ထဲက ရေးရမှာ"

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပူဂင်ကမ်းလျန်က ဖွဲ့စည်းပုံပြင်ရေးမှာ အာဏာရ NLD ပါတီနဲ့ တပ်မတော်တို့ ဆွေးနွေးသင့်တယ်လို့ အခုလို ပြောပါတယ်။

"လွှတ်တော် အခင်းအကျင်းမှာ NLD နဲ့ တပ်မတော် အင်အားအကြီးမားဆုံး၊ သူတို့ အရင်ဆွေးနွေးလိုက်၊ ဆွေးနွေးရင် မပြင်နိုင်စရာမရှိဘူးလေ၊ ခုကမ္ဘာကြီးမှာ အရင်တုန်းက စစ်ဖြစ်တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတောင် ဆွေးနွေးနိုင်တယ်၊ သူတို့ လူမျိုးလည်းမတူ ဘာသာလည်းမတူဘူး၊ ကျနော်တို့ လူမျိုးလည်းတူ ဘာသာလည်းတူတယ် ဘာလို့ မဆွေးနွေးနိုင်ရမလဲ၊ အဲဒါဦးထည့်စဉ်းစားလို့ရှိရင် သန်း ၅၀ ပြည်သူရဲ့ မျက်နှာကိုထောက်ပြီး တချို့ကိစ္စ လျော့ပြီးဆွေးနွေးလို့ ရပါတယ်"

မွန်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

"ပါတီနဲ့ အစုအဖွဲ့ ၂ ခုလုံး ညီညီညွတ်ညွတ်နဲ့ ပြင်ဆင်မှုဆောင်ရွက်နိုင်မှ ဒီ ၂၀၀၈ ကြီးကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်"

USDP ပါတီက တင်သွင်းတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာသုံးသပ်ခဲ့တဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တပေါင်းတည်းဆွေးနွေးဖို့ အကြံပြုထားတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ ပုဒ်မ ၂၆၁ ကို သီးခြားဆွေးနွေးဖို့ တောင်းဆိုနေကြပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို လာမယ့် ဧပြီလ ၂၂ ရက်မှာ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ဆုံးဖြတ်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org