ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2019-03-03 -
-
-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ
(ကျော်ဇောဝင်း၊ သန့်ဇင်ဦး၊ ကျော်ထွန်းနိုင်)
"၈ ယောက်နဲ့အရင် စရုန်းတာ။ ဖေ့စ်ဘွတ်မှာလည်း တင်စရာရှိတာတင်တယ်။ ဒီပွဲကိုလာပြီး အားပေးကြပါ ဘာညာဆိုပြီးတင်ပေးတာ၊ တစ်ယောက်က ၂ သိန်းထည့်၊ သုံးသိန်းထည့် ၊ ငါးသိန်းထည့်နဲ့ ဒီလိုချတာ၊ ကိုယ့်အင်အားနဲ့ကိုယ်လုပ်တာ။ ဘယ်အဖွဲ့အစည်းကနေပြီးတော့မှလာပြီး မင်းတို့အဖွဲ့ ဒီဟာလုပ်ဖို့ဆိုပြီး ၅ သိန်းတို့၊ ၁၀ သိန်းတို့ ၁၅ သိန်းတို့လာပြီး ထောက်ပံ့တာ တစ်ခုမှမရှိဘူး"
ပွဲဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူ ပြောခဲ့တာပါ။
ဒီနေ့ ပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ စာရေးဆရာမ သွေး(စစ်ကိုင်း) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးထွန်းကြည် တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့်တဲ့အကြောင်း ဟောပြောခဲ့ပါတယ်။
"နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတော်ရဲ့ အုတ်မြစ်၊ ဟောဒီမှာ နှစ်ပေါင်းများစွာကြာပြီ မြို့တော်ခန်းမ အဆောက်အဦကြီး၊ အဲဒီအဆောက်အဦမှာ အုတ်မြစ်မပါဘူးလား၊ အဲဒီအုတ်မြစ်က စနစ်တကျချထားတော့ နှစ်ပေါင်းရာနဲ့ချီပြီး ခံ့ခံ့ညားညား ရန်ကုန်မြို့တော်ကြီးရဲ့ ကျက်သရေဆောင်၊ ဒီမုခ်ဦး ဒေါင်းရုပ်နောက်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောခဲ့ဖူးတယ်၊ တကယ်လို့သာ အဲဒါကြီးက အုတ်မြစ်မကောင်းရွဲ့စောင်းနေရင် ဒီလိုလှလှပပ ခန့်ခန့်ထည်ထည်ကြီး ထွက်ပါ့မလား ၊ ဒီလောက် သက်တမ်းကြာရှည်ခံပါ့မလား၊ နိုင်ငံတော် အခြေခံဥပဒေဆိုတာ အောက်ခြေအုတ်မြစ် ၊ အဲဒီအောက်ခြေအုတ်မြစ်ကိုယ်တိုင်က လိမ်ပြီးရွဲ့စောင်းနေရင် နိုင်ငံတော်ရဲ့ ဒီမိုကရေစီကလ ည်း လိမ်ပြီးရွဲ့စောင်းနေမှာပေါ့"
စာရေးဆရာ ထင်လင်းဦး ပြောခဲ့တာပါ။
ဒီနေ့မှာ ဟောပြောပွဲနဲ့ အတူ ပြည်သူတွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်မှတ်တွေလည်း ကောက်ခံခဲ့ပါတယ်။
လှိုင်မြို့နယ်က ရောက်ရှိလာတဲ့ ပြည်သူတစ်ဦးက---
"၂၀၀၈ ကတော့ အရင်တုန်းကတော့ ပြည်သူ့ဆန္ဒ မပါဘူးပေါ့နော်၊ ခုကတော့ ပြည်သူ့ဆန္ဒပါတဲ့ ခြေဥအသစ်ကို ဆွဲစေချင်တယ်၊ ဒါကြောင့် ဆွဲတဲ့ ကိစ္စတွေ လုပ်တာကိုလည်း ကျနော်တို့ ထောက်ခံပါတယ်ပေါ့နော်"
သန်လျင်မြို့ကနေ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒေါ်သန်းငြိမ်းက ပြည်သူလုထု ဆန္ဒနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်လာစေချင်တယ်လို့ ပြောပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံက ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ လုံးဝမကိုက်ညီတဲ့၊ နိုင်ငံသား အများစုမပါဝင်ပဲနဲ့ သူတို့သဘောနဲ့သူတို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံကြီးကို နိုင်ငံသားတွေက ထောက်ခံပါတယ် ဆိုပြီးတော့မှ အတင်းရော အဓမ္မရော တစ်ဖက်စွန်းရောက်ပြီး လုပ်ထားတဲ့ ဖွဲ့စည်းပုံ ဆိုတာ သိတဲ့အတွက် ဒီဖွဲ့စည်းပုံကို ပြင်စေချင်တယ်၊ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံကို လိုချင်တယ်။ အဲဒါကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ဒီနေရာကို ရောက်လာရတာပါ"
ဒီနေ့ပွဲကို နိုင်ငံရေးပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့စည်းတွေ၊ ပြည်သူလူထုတွေ စုစုပေါင်း လူဦးရေ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်ခင်ဗျာ။