အာဏာရှင်ဆန့်ကျင်ရေးကြောင့် ဒုက္ခိတဖြစ်သွားတဲ့ အမေ့လျော့ခံ လူငယ်တစ်ဦး
ဆန္ဒပြပွဲတစ်ခုမှာ စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ကိုဖြိုးဆိုသူ လူငယ်တစ်ယောက်ကတော့ ခြေတစ်ဖက်ကို ပေးဆပ်ခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ သာမန်လူတွေလို ခြေလက်အင်္ဂါအစုံမရှိတာကြောင့် အလုပ်အကိုင်ရဖို့အတွက် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
- 2022-08-26
-
-
-
သူ့အမည်က ကိုဖြိုးပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် သစ်ဆိုင်ကွေ့မှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဘယ်ဘက်ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။
အဲ့ဒီဆန္ဒပြပွဲမှာ သူက ရှေ့တန်းဒိုင်းကာအဖြစ် တာဝန်ယူခဲ့တာကြောင့် ပစ်ခတ်ဖြိုခွင်း ချိန်မှာ ရဲနဲ့ စစ်တပ်ရဲ့ ကျည်ဆန်ဟာ သူ့ကို အရင်ဆုံးထိမှန်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ မတ်လ ၁၇ ရက်နေ့က ရန်ကုန်က စစ်ဆေးရုံတစ်ခုမှာ သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကို ဖြတ်တောက်လိုက်ရပါတယ်။ ဒါပေမဲ့ ဒဏ်ရာထဲ ချုပ်ရိုးစတွေ ကျန်ခဲ့တာကြောင့် နောက် ထပ် အကြီးစားခွဲစိတ်မှု နှစ်ကြိမ် ထပ်လုပ်ခဲ့ရပါတယ်။
ကိုဖြိုးဟာ စစ်တပ် အာဏာမသိမ်းခင်က တောင်ဒဂုံစက်မှုဇုန်ထဲမှာ ပွဲစားအလုပ် လုပ်ကိုင် သူပါ။ အခု ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်သွားချိန်မှာတော့ အရင်လို ပွဲစားအလုပ် ဆက် လုပ်လို့ မရတော့ပါဘူး။ ဒါ့ကြောင့် မိသားစုဝမ်းရေးအတွက် ပြီးခဲ့တဲ့လထဲမှာ ဆိုင်ကယ် ဘေးတွဲတစ်စီးကို မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ ဝယ်ယူပြီး ဝင်ငွေရှာဖို့ သူကြိုးစား ခဲ့ပါတယ်။
ဒါပေမဲ့ ၁၀ ရက်အကြာ အခုလ ၈ ရက်နေ့မှာ သူ နောက်တစ်ကြိမ် ထပ်အဖမ်းခံရပါတယ်။ သတ်မှတ်ထားတာတွေ မလုပ်ဘူး၊ ဥပဒေနဲ့မညီဘူးဆိုပြီး ဘေးတွဲဆိုင်ကယ်လည်း အသိမ်းခံလိုက်ရပါတယ်။
“ကျနော့်ကို ဘေးတွဲလေးတစ်စီးလောက် ကူညီပေးပါဆိုတော့ အဲ့အစ်ကိုက လုပ်ပေး တယ်။ သူလည်း သူ့အသိတွေနဲ့ စပ်ပြီးတော့ ဘေးတွဲလေးတစ်စီးရအောင် လုပ်ပေး တယ်။ ဘေးတွဲက ဆယ်ရက်တောင် မခံဘူး။ ၈ ရက်နေ့မှာ ထပ်ပြီးတော့ အဖမ်းခံ ရတယ်။ ကျနော်တို့ ရပ်ကွက်တွေမှာ ထုတ်ပေးထားတဲ့ ရောင်ပြန်အင်္ကျီတွေနဲ့ သူတို့ရပ်ကွက် တံဆိပ်လေးတွေနဲ့ အဲ့ဒါမလုပ်လို့ဆိုပြီး”
စစ်ဆေးမေးမြန်းပြီး ရက်အနည်းငယ်အကြာမှာ ပြန်လွတ်လာပေမယ့် ဒုက္ခိတတစ်ဦးအနေနဲ့ သူ့ရဲ့မိသားစုအတွက် ပုံမှန်ဝင်ငွေရှိမယ့် အလုပ်ရဖို့က ခက်ခဲလွန်းတယ်လို့ ကိုဖြိုးက ပြော ပါတယ်။ ကညနရုံးမှာ ပွဲစားလုပ်ဖို့ တစ်ခါတစ်ရံ အလုပ်သွားရှာပေမယ့် သူအဆင်မပြေ ပါဘူး။
အသိမ်းခံလိုက်ရတဲ့ ဘေးတွဲဆိုင်ကယ်ကို ပြန်ရွေးပြီး အလုပ်ပြန်စဖို့ ကြိုးစားနေပေမယ့် ပြန်ရွေးရမယ့် ငွေကျပ် တစ်သိန်းက သူ့အတွက် ခက်ခဲလှပါတယ်။ ဘေးတွဲဆိုင်ကယ်ဟာ သူ့ရဲ့ ဒုတိယခြေထောက်ဖြစ်တယ်လို့ ကိုဖြိုးက ပြောပါတယ်။ သူ့မှာ လေးနှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ခြေထောက်ဖြတ်လိုက်ရတဲ့နောက်မှာ သားအတွက် နိစ္စဓူဝ ကိစ္စတွေကို မကူညီနိုင်တော့သလို သူ့ရဲ့ နေ့စဉ် ဖြတ်သန်းရတဲ့ ဘဝကိုလည်း အားမရဘူးလို့ ကိုဖြိုးက ဆိုပါတယ်။
ခြေတစ်ဖက် ဖြတ်လိုက်ရပြီးတဲ့နောက် နေ့စဉ် သွားရေးလာရေးမှာ ခက်ခဲတာကြောင့် မိတ်ဆွေတစ်ဦးဖြစ်တဲ့ ကိုမျိုးကြီး က နေ့စဉ် လာရောက်ကူညီပေးနေပါတယ်။ ကိုဖြိုး အတွက် အခုချိန်မှာ အဓိက လိုအပ်နေတာက သူ့မိသားစု နေ့စဉ် ဝမ်းရေးကို ဖြေရှင်း နိုင်မယ့် အလုပ်အကိုင်တစ်ခုသာ ဖြစ်တယ်လို့ မိတ်ဆွေ ကိုမျိုးကြီး က ပြောပါတယ်။
“အလုပ်အကိုင်လေး တစ်ခုလောက်တော့ သူ့အတွက် အကူအညီလိုမယ်လို့ထင်တယ်။ ဒါမှလည်း သူတို့ သားအဖနှစ်ယောက်အတွက် ရှေ့ရေးက အဆင်ပြေမှာကိုး။ ဒီလိုမျိုးပဲ သူတစ်ပါးဆီက အကူအညီတောင်းဖို့ အတွက်ကျတော့လည်း အစ်ကိုက အဲ့လိုလည်း အကူအညီတောင်းမှာ မဟုတ်လောက်ဘူး။ သူတို့ သားအဖနှစ်ယောက်အတွက် လုပ် ကိုင်စားသောက်လို့ရမယ့် အလုပ်တစ်ခုလောက်ရမယ်ဆိုရင် သူတို့သားအဖနှစ်ယောက် အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်”
ခြေတုအသုံးပြုတာ မကြာသေးတာကြောင့် ကိုဖြိုး မကြာခဏ လဲကျတတ်သလို ချိုင်း ထောက်နဲ့ သွားလာတဲ့အခါမှာလည်း ချိုင်းနာပြီး ကြာကြာမသွားနိုင်တာကြောင့် အခက် အခဲရှိနေတယ်လို့ ကိုမျိုးကြီးက ပြောပါတယ်။
"ကျနော့်သားလေး ပညာတတ်ရင်ရပြီဆိုတဲ့အတွေးနဲ့ ဒီလောက်ထိ ဖြတ်သန်းနေရတာ”
အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်မိလို့ ဒုက္ခိတဖြစ်သွားရတဲ့ ကိုဖြိုးကတော့ တစ်ခါတစ်ရံ လောကကြီးထဲကနေ ထွက်သွားဖို့လောက်အထိ စိတ်ဓာတ်ကျပေမယ့် သားလေးရဲ့ ရှေ့ရေး ကို တွေးပြီး အခက်အခဲတွေကို ကြိုးစား ရင်ဆိုင်နေရတယ်လို့ RFA ကို ပြောပါတယ်။
“အခုနောက်ပိုင်းဆိုရင် ထမင်း၊ ဟင်းက အစ သားအဖနှစ်ယောက်အတွက် အကုန်လုံး ကိုယ့်ဘာသာပဲချက်စားရတယ်။ အိမ်မှုကိစ္စအစအဆုံးရော စီးပွားရှာဖို့၊ ပိုက်ဆံရဖို့ရော ကိုယ့်ဘာသာပဲ တစ်ယောက်တည်း လုပ်နေရတဲ့အတွက် တော်တော်လေးကို တစ်ခါ တလေ လောကကြီးထဲက ထွက်သွားချင်တယ်။ အဲ့လို ထွက်သွားဖို့ ဆိုပြန်တော့လည်း ကလေးကရှိနေလို့။ ခြေထောက်အတွက်မို့ စိတ်ဓာတ်ကျတာတော့မဟုတ်ဘူး။ တစ်ခါ တလေ ကိုယ့်ကိုယ်ကိုယ် ဘာမှမလုပ်နိုင်ဘူး”
သူဟာ ဆန္ဒပြပွဲတွေမှာ အရှေ့ဆုံးက ပါဝင်ခဲ့ပေမယ့် ဘယ်ပါတီစွဲမှ မရှိဘဲ စစ်အာဏာသိမ်း တာကို မကြိုက်လို့ မတရားမှုကို ဆန့်ကျင်တာလို့ ကိုဖြိုးက ဆိုပါတယ်။ စစ်အာဏာမသိမ်း ခင်က ရပ်ကွက်ရုံးမှာ အရန်မီးသတ်အနေနဲ့ စေတနာ့ဝန်ထမ်းတာဝန် သူ ထမ်းဆောင်ခဲ့ဖူး ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ခန့်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလက် အောက်မှာ တာဝန်မထမ်းချင်တာကြောင့် စေတနာ့ဝန်ထမ်း မီးသတ်ဝန်ထမ်းဘဝကိုလည်း သူ နုတ်ထွက်လိုက်ပါတယ်။
မိဘတွေက ဆင်းရဲနွမ်းပါးတာကြောင့် သူ ငယ်ငယ်က ပညာဆုံးခန်းတိုင်အောင် မသင်ခဲ့ ရပေမယ့် သားလေးကိုတော့ ပညာတတ်ဖြစ်စေချင်တယ်လို့ ဒုက္ခိတဖခင် ကိုဖြိုးက ပြောပါတယ်။
“ဖြစ်စေချင်တာကတော့ ကျနော်တို့လည်း ပညာမတတ်ဘူး။ သားလေးကိုတော့ ပညာတတ်ဖြစ်စေချင်တဲ့အတွက် လေးနှစ်မပြည့်ခင်ကတည်းက မူကြိုသွားထား ထားတာ။ တစ်လမှ မပျက်ဘူး။ ကျနော် ခြေတုသွားတပ်တဲ့အချိန် တစ်လတော့ နုတ်သွားတယ်။ ပြန်လာတော့ မူကြိုပြန်ထားတယ်။ ဒါမှပဲ ကျနော့်အတွက်က မချမ်းသာရင်နေ ကျနော့်သားလေး ပညာတတ်ရင်ရပြီဆိုတဲ့အတွေးနဲ့ ဒီလောက်ထိ ဖြတ်သန်းနေရတာ”
ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် ဒုက္ခိတတစ်ယောက်ဖြစ်လာတဲ့ ကိုဖြိုးကို အာဏာပိုင်တွေက အခုချိန်ထိလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေတာကြောင့် မလုံခြုံသလို ခံစားရတယ်လို့ ကိုဖြိုးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့အချိန် ၁၈ လ ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၂၂၄၈ ဦး သေဆုံးခဲ့ပြီး ၁၂,၁၃၀ ဦး လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပါတယ်။
ဒါပေမဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ကိုယ်လက်အင်္ဂါစွန့်လိုက်ရပြီး ကိုဖြိုးလို အသက်ငယ်ငယ်နဲ့ ဒုက္ခိတဖြစ်သွားရတဲ့ လူငယ် ဘယ်လောက်များများ ရှိနေသလဲဆိုတာကို ဘယ်အဖွဲ့အစည်းကမှ မှတ်တမ်းပြုစုနိုင်ခြင်း မရှိသေးပါဘူး။