ကွတ်ခိုင်နဲ့သိန္နီအကြား တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်အကြား တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့်သိန္နီမြို့နယ်အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ဒုက္ခသည်တစ်ချို့ကို ၂ဝ၁၉ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Kan Thar/RFA)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်အကြား မန်ပြိန်းရွာနဲ့၊ ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်ခြေတစ်ဝိုက်နဲ့၊ ကွတ်ခိုင်မြို့အထွက် နမ့်ကွပ်ရွာအနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ မစိုးရိမ်ဘုန်းကြီးကျောင်း၊ ခိုလုံရွာ ဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက် (၈) တောင်တန်းသာသနာပြုကျောင်း၊ ရပ်ကွက် (၂) ဧဒင်ဥယျာဉ် ခရစ်ယာန်ကျောင်းနဲ့လွယ်ကန်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရသူ တစ်ထောင့်နှစ်ရာလောက် ရှိနေပါတယ်။

ကွတ်ခိုင်နဲ့သိန္နီအကြား ၃၈ မန်ပြိန်းရွာနဲ့လွိုင်ဆမ်ဆစ်တောင်ခြေတစ်ဝိုက်တိုက်ပွဲကြောင့် အခုလ ၁၇ ရက်နေ့ ညနေပိုင်းကနေ ၁၉ ရက်နေ့အထိ ကွတ်ခိုင်သိန္နီလမ်းပိုင်းမှာ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။

တပ်မတော်ဘက်ကလည်း သိန္နီအဝင်အထွက် ခရီးသွားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့သလို၊ လွိုင်ဆမ်ဆစ်တောင်ခြေမှာ တပ်စွဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ခရီးသွားတွေကို တင်းကြပ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကောင်းခံရွာအနီးကနေ ပစ်ခတ်သံတွေ ကြားရသလို၊ နေ့လည်ပိုင်းမှာ နမ့်ပါချီးရွာအနောက်ဘက် လေးမိုင်အကွာ နမ့်ကျင်းလင်းရွာဘက်ကလည်း ပစ်ခတ်သံတွေ ကြားနေရပါတယ်။

ကွတ်ခိုင်-သိန္နီလမ်းပိုင်းမှာတော့ သြဂုတ်လ ၂၂ ရက်ဒီနေ့မှာ ခရီးသည်တင်ကားတွေ ပုံမှန်သွားလာနေသလို၊ နမ့်ပါချီးရွာအလွန် လွိုင်ဆမ်ဆစ်တောင်ခြေမှာ တိုင်းရင်းသားအဖွဲ့တွေက လမ်းပေါ်မှာ ကတုတ်ကျင်းတွေ လုပ်ထားတာ တွေ့ရပါတယ်။ လမ်းလယ်ကောင် ကတုတ်ကျင်းနေရာမှာတော့ သွေးစွန်းနေတဲ့ ကျောပိုးအိတ် တစ်လုံးနဲ့ စစ်ဖိနပ်တစ်ဖက်ကို တွေ့ရပါတယ်။

လမ်းတစ်လျှောက်မှာ တပ်မတော်စစ်ကြောင်းတွေ လုံခြုံရေးယူထားတာ တွေ့ရပေမယ့်၊ ကွတ်ခိုင်-မူဆယ် လမ်းပိုင်းမှာတော့ မနေ့ညနေပိုင်းအထိ သွားလာမှုတွေ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org