ရှေးဟောင်းပုဂံမြေက လက်ပန်းချီဆွဲသူများ
2024.02.08

မြန်မာပြည်ရဲ့ အထင်ကရ သမိုင်းဝင်ဒေသဖြစ်တဲ့ ပုဂံဘုရား ၊စေတီတွေနားမှာ မြန်မာ့ရိုးရာ လက်မှုအနုပညာ ပစ္စည်းတွေရောင်းကြသလို ဘုရားဖူးဧည့်သည်တွေရဲ့ လက်ဖမိုးပေါ်မှာ ပုဂံခေတ်လက်ရာ ကနုတ်ပန်းချီလေးတွေ ဆွဲပေးကြတာလည်းရှိပါတယ်။
ဘုရားဖူးသွားတဲ့သူတွေက ပုသိမ်ထီးတွေ၊ ရုပ်သေးရုပ်တွေနဲ့ ဓာတ်ပုံတွဲရိုက်ကြသလို၊ လက်ဖမိုးပေါ်က ကနုတ်ပန်းချီကိုလည်း တခုတ်တရရှိကြပါတယ်။
“လက်ပေါ်ပန်းချီဆွဲတာဟာ ပုဂံမှာ ၂၀၁၅ ဝန်းကျင်ကမှ စပြီးခေတ်စားလာတာပါ”
လက်ပေါ် ပန်းချီဆွဲတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့သူတွေထဲမှာ သဗ္ဗညုဘုရားရှေ့မှာ ပန်းချီဆွဲနေတဲ့ အသက် ၂၃ နှစ်အရွယ် မလှိုင်လှိုင်ချိုကိုလည်း တွေ့ရပါတယ်။
“စဆွဲတဲ့အချိန်မှာ ကိုယ်က အရမ်းကြီး စိတ်လှုပ်ရှားတော့ကျ လက်တွေ ဘာတွေတုန်တယ်။ အဲဒီလိုတုန်တော့ကျ ကိုယ့်ဟာကိုယ် စိတ်ကိုပြန်ထိန်းတယ်။ တဖြည်းဖြည်းနဲ့ ဧည်သည်ကိုစမဆွဲခင် အိမ်က ကလေးတွေကို မုန့်ဖိုးပေးပြီးကျင့်တယ်။ လက်ငြိမ်ခါကျမှ ဆိုင်က ဧည့်သည်တွေကို ဆွဲပေးတယ်။ အိမ်က ကလေးဆွဲတာနဲ့ ဧည့်သည်ဆွဲတာနဲ့တော့ မတူဘူးပေါ့။ နည်းနည်းတော့ စိတ်လှုပ်ရှားမှုရှိတယ်”
သူ့အဖေက ပိတ်ပန်းချီ၊ သဲပန်းချီဆွဲတဲ့ ပန်းချီဆရာဖြစ်လို့ အဖေဆီကနေ ဒီပညာသင်ခဲ့တာလို့ မလှိုင်လှိုင်ချိုကပြောပါတယ်။
“သမီးကလည်း ဒီမှာအများဆုံးကလည်း ဒီလိုလေးတွေ စိတ်ဝင်စား၊ သူလည်း ဆွဲချင်တဲ့ဆန္ဒလေး ပေါ် လာတဲ့အခါကျတော့ ကျွန်တော်အနေနဲ့လည်း အဖေလည်း ဒီပညာတတ်ထားတာပေါ့။ သမီးလည်း စိတ်ဝင်စားရင် ဝင်ဆွဲကြည့်ပေါ့။ အိမ်မှာတော့ သူ့ကို အရင်ဆုံး တစ်လ၊ နှစ်လလောက်တော့ သူ့ကို အိမ်မှာ လေ့ကျင့်ခိုင်းပေးတယ်။ ပုဂံပန်းရဲ့ ကောက်ကြောင်း အသွားအလာလေးတွေ၊ နောက် ပန်းရဲ့ အနေအထားလေးတွေ၊ ပုဂံခေတ်ရဲ့ ပန်းအနေအထားတွေကို သူ့ကို အရင်ဆုံး ခဲနဲ့စာရွက်ပေါ်မှာ သင်ပေးတယ်”
လက်ပန်းချီဆွဲခကို အလှပန်း၊ ကနုတ်ပန်းတွေအပေါ် မူတည်ပြီး ၁၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်ရကြပါတယ်။ ဧည့်သည်များတဲ့နေ့တွေဆိုရင်တော့ တစ်နေ့ကို နှစ်သောင်း၊ သုံးသောင်းလောက်အထိ ရသလို ဈေးဦးမပေါက်၊ ဝင်ငွေမရတဲ့နေ့တွေလည်း ကြုံရတယ်လို့ မလှိုင်လှိုင်ချိုကပြောပါတယ်။
အခုလို လက်ပေါ်ပန်းချီဆွဲတာဟာ ပုဂံမှာ ၂၀၁၅ ဝန်းကျင်ကမှ စပြီးခေတ်စားလာတာပါ။
အဲဒီကနေ ဝင်ငွေရတဲ့အလုပ်တစ်ခု ဖြစ်လာတာကြောင့်လည်း လက်ပန်းချီဆိုင်လေးတွေ ပေါ်လာတာပါ။ ဘုရားတစ်ဆူနားမှာ ဆိုင် လေး၊ ငါးဆိုင်လောက် ရှိတဲ့အတွက် အားလုံးဆိုရင် ဆိုင်ခန်းပေါင်း ငါးဆယ်ဝန်းကျင်ရှိနိုင်တယ်လို့ လက်ပန်းချီဆွဲတဲ့သူတွေကပြောပါတယ်။
၂၀၀၆ ခုနှစ်ထဲက နံရံဆေးရေးပန်ချီတွေ၊ ပိတ်ပန်းချီတွေစဆွဲခဲ့တဲ့ ကိုထွန်းထွန်းတစ်ယောက် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပါပြီ။
အရင်က နိုင်ငံခြားသားတွေကြောင့် နံရံဆေးရေးပန်းချီ၊ ပိတ်ပန်းချီလုပ်ငန်းက အလုပ်အဆင်ပြေခဲ့ပေမယ့် အခုတော့ ပုဂံကို နိုင်ငံခြားသားတွေ မရောက်တော့သလောက် ဖြစ်သွားတဲ့အတွက် ပြည်တွင်းဧည့်သည်ကိုအားကိုးပြီး လက်ပန်းချီဘက်ကို ကူးပြောင်းလုပ်ကိုင်ခဲ့တာလို့ ပြောပြပါတယ်။
“အမျိုးသမီး ဦးရေကတော့ နည်းနည်း နည်းတာပေါ့။ များသောအားဖြင့် အမျိုးသားတွေက အဆွဲများကြတယ်လေ။ ဒီဟာက အရင်ပုံဆွဲလေ့ကျင့်ပြီးတော့ သင်ရတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့် သူတို့တွေက အရင်တုန်းက ယွန်းထည်တွေမှာ ကညွှတ်ပန်းတွေ ထိုးရတယ်။ ကျွန်တော်တို့ ဆင်ပြီးသားတွေကို ထိုးတာတွေပဲ လုပ်ခဲ့ကြတယ်။ နောက်ပိုင်းကျမှ မိဘကနေ သားသမီးလက်ဆင့် အမွေကမ်းတာတွေ အဲဒီလိုမျိုးတွေဖြစ်လာတာ”
ဒါကတော့ နောက်ထပ် လက်ပန်းချီဆရာ ကိုအောင်နိုင်ဦးပြောပြတာပါ။
လက်ပန်းချီ စပေါ်ခါစမှာ စုတ်တံနဲ့ရေဆေးသုံးပြီး ဆွဲကြပေမယ့် အခုနောက်ပိုင်းမှာ အိန္ဒိယကလာတဲ့ ဒန်းဆေးနဲ့ဆွဲကြပါတယ်။
မြင်းခြံ ဒီဂရီကောလိပ်မှာ ပထဝီဝင် ဘာသာရပ်အထူးပြုနဲ့ တတိယနှစ်အထိ ရောက်ခဲ့တဲ့ မလှိုင်လှိုင်ချိုတစ်ယောက်လည်း ကျောင်းပြန်တက်ဖို့ စိတ်ကူးရှိသလို ဝါသနာပါတဲ့ပန်းချီပညာကို ဆက်သင်ယူပြီး မိသားစုကို တစ်ဖက်တစ်လမ်းက ဝင်ငွေရှာပေးချင်တယ်လို့ ပြောပါတယ်။
“ပန်းချီပညာကလည်း ကိုယ်တိုင်လည်း ဝါသနာပါတာဖြစ်တဲ့အတွက် ဒီပန်းချီပညာကိုလည်း ဆက်လုပ်ချင်တယ်။ ကျောင်းလည်း ပြန်တက်ပြီးတော့ တစ်ဖက်ဝင်ငွေလည်း အိမ်ကိုရှာပေးချင်တယ်ပေါ့။ ပုဂံရောက်ရင် လက်ပန်းချီဆွဲဖြစ်အောင် ဆွဲပါလို့။ ဘာလို့ဆို လက်ပန်းချီကလည်း ပုဂံရဲ့ အမွေအနှစ်တစ်ခုပဲလေ။ ပုဂံရဲ့ ယဉ်ကျေးမှုလည်း ဖြစ်တာပေါ့။ အခုနောက်ပိုင်းမှာ လက်ပန်းချီ ခေတ်စားလာလို့လေ။ ပုဂံရောက်ရင် လက်ပန်းချီ ဆွဲဖြစ်အောင် ဆွဲပါလို့”