အငတ်ဘေးကြောင့် ရပ်တည်ရခက်လာတဲ့ ဂျေယန် ကချင်စစ်ဘေးဒုက္ခသည်များ

ဒီစခန်းမှာ ကျေးရွာပေါင်း ၇၀ ကျော်က ဒုက္ခသည် ၈၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ခိုလှုံနေကြရတာပါ။

ကေအိုင်အိုဌာနချုပ် လိုင်ဇာဒေသ ဂျေယန် (Je Yang) ဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးမှာရှိတဲ့ ဂျေယန် စစ်ဘေး ဒုက္ခသည်စခန်းမှာ အကူအညီတွေ လျော့နည်းလာသလို ဝင်ငွေရတဲ့ အလုပ်အကိုင်တွေပါ ရှားပါးလာတာကြောင့် ဒုက္ခသည်တွေဟာ မူလနေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ ပြင်ဆင် နေကြပါတယ်။

ဒီစခန်းမှာ ကျေးရွာပေါင်း ၇၀ ကျော်က ဒုက္ခသည် ၈၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၁၂ နှစ် လောက်ကတည်းက ခိုလှုံနေကြရတာပါ။

"ဒီမှာနေရင်တော့ သေဖို့ပဲ ရှိတော့တယ်။ ဘာမှ ဆန်လည်းမပေး၊ ဆီလည်းမပေးဆိုတော့ ငတ်ပြီးသေမှာပဲ"

ဒီဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာက ဒေါ်ဒိုင်နောက စခန်းမှာ ရပ်တည်ရခက်ခဲ လာတာကြောင့် မူလရပ်ရွာမှာ စွန့်စားလုပ်ကိုင်ဖို့ စဉ်းစားလာရတာလို့ RFA ကို ပြောပါတယ်။

“ကျမတို့ ဒီစစ်ရှောင်စခန်းမှာ အထောက်အပံ့တွေ မလာတော့ဘူးပေါ့ ။ အရင်တုန်းကဆို ကျမတို့ကို အထောက် အပံ့တွေ၊ ဆန်တွေ၊ ဆီတွေ ထုတ်ပေးတယ်။ အခုကျတော့ ဆန် တွေ၊ ဆီတွေ မထုတ်ပေးတာကြာပြီ။ လေးငါးလ ရှိပြီ။ နောက်ထပ်ထုတ်ပေးဖို့ မျှော်လင့် ချက်တော့ရှိတယ်။ ဒါပေမဲ့လည်း အမှန်တကယ် ထုတ်ပေးမယ်၊ မထုတ်ပေးဘူးဆိုတာ ကျမတို့မသိနိုင်ဘူး။ နိုင်ငံရေးပြန်ရှုပ်ထွေးပြီးမှ ပြန် ပစ်ခတ်လာမှာလည်း ကျမတို့ အရမ်း စိုးရိမ်တယ်။ စိုးရိမ်ပြီးမှ ဒီမှာနေမယ်ဆိုရင်လည်း စားသောက်တာတွေက မရှိလာ ဘူး။ ဒီမှာလုပ်ကိုင် စားသောက်ဖို့ နေရာလည်းမရှိဘူး။ အဲဒါကြောင့် ကိုယ့်နေရာကို ကြောက်ရင်လည်း ကြောက်တဲ့အတိုင်း လွတ်ရာ လွတ်ကြောင်းသွားလုပ်မယ်လို့ တွေးမိ ပြီး သွားလုပ်ကြတာ”

ရပ်တည်ရေးအခက်အခဲကြောင့် နေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ပြင်ဆင်နေကြရပေမယ့် နိုင်ငံရေးအာမခံချက် မရှိသေးတဲ့အတွက် မိသားစုအားလုံး နေရပ်ကို အပြီးအပိုင်ပြန်ဖို့က တော့ မဖြစ်နိုင်သေးဘူးလို့ သူက ပြောပါ တယ်။

ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းဟာ တရုတ်နယ်စပ်မှာရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး တရုတ် ယွမ်ငွေကိုသာ အဓိက အသုံးပြုကြရတာပါ။ ခု မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့အပြင် ကုန်ဈေးနှုန်းပါ မြင့်တက်နေတာကြောင့် အခက်အခဲပိုကြုံရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကေအိုင်အို တာဝန်ရှိသူတွေကလည်း နောက်ပိုင်းမှာ အထောက်အပံ့တွေ နည်းလာနိုင်တဲ့ အတွက် အလုပ်လုပ် နိုင်တဲ့သူတွေက ကိုယ့်နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ ပြောဆို နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂ဝ ပြည့်နှစ်တုန်းက NLD အစိုးရ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နဲ့ ကချင် လူသားချင်း စာနာ ထောက်ထားမှုအဖွဲ့ (KHCC) တို့အကြား စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်ရေး ကိစ္စ သဘောတူညီမှု ရခဲ့ပေမယ့် ၂ဝ၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တဲ့နောက် အဲဒီအစီအစဉ် ပျက်သွားခဲ့တာပါ။

ဒါကြောင့် နေရပ်ပြန်နိုင်ဖို့ လောလောဆယ် ကြိုတင်စီမံထားတာတွေမရှိတဲ့အတွက် မြေမြှုပ်မိုင်းအန္တရာယ် အတွက် စိုးရိမ်မိတယ်လို့ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဝိုင်းမော်မြို့နယ် ခလားကျေးရွာက အသက် ၇၂ နှစ်အရွယ် ဦးလတောင်က ပြောပါတယ်။

“ခြံသွားလုပ်ဖို့ အဓိက စိုးရိမ်တာက မိုင်းပေါ့။ ဟိုနေ့က ရွာပြန်ပြီး ဆုသွားတောင်းတာ တောင် ဟိုဝင် ဒီဝင် မလုပ်နဲ့ ကိုယ်ရပ်တဲ့နေရာမှာ ခြံရှင်းထားတဲ့နေရာမှာပဲ နေဖို့ပြော လို့ ဆုတောင်းတဲ့နေရာမှာပဲနေပြီး ကိုယ့်ခြံ တွေတောင် မသွားဘဲ ပြန်လာခဲ့တာ။ တိုက်ပွဲ ဖြစ်၊ မိုင်းတွေ ထောင်ကြတော့ အရင်တုန်းကလည်း သူများတွေ ထိတာလည်း ရှိတော့ စိတ်ပူနေတာက အမျိုးမျိုးပဲ”

ရွာသားတွေ ရွာကိုပြန်ပြီး လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကပဲ ရွာမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဂျေယန် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ကေအိုင်အို အရာရှိ ဦးလဆိုင်းကတော့ အထောက်အပံ့တွေနည်းပေမယ့် တတ်နိုင်သလောက် ကူညီစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီးက ဂျေယန် (JE YANG) စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“မိမိနေရပ်ကို ပြန်ကြတော့ဆိုပြီး တရားဝင် ပြန်ခိုင်းတာတွေတော့ မရှိသေးဘူး။ ကျနော် တို့ KIO ကလည်း လမ်းညွှန်ချက်ပေးလာတာတွေ မရှိသေးဘူး။ ဒါပေမဲ့ ဒီစခန်းနဲ့ နီးတဲ့ သွားလာလို့ ရတဲ့ ကျေးရွာတွေကိုက သွားလုပ်စားဖို့ ပြောထားတာရှိတယ်။ အခုထိတော့ သွားလာပြီး သွားရောက်လုပ်ကိုင်နိုင်တာ မရှိသေးဘူး။ အခုချိန်ထိတော့ စခန်းမှာရှိတဲ့ ဟာတွေကို ပေါင်းစား၊ အလုပ်ရှိရင် ပေါင်းလုပ်ပြီး စခန်းမှာပဲ နေနေကြတယ်။ ကျနော် တို့ စခန်းကော်မတီတွေကလည်း ပြည်သူတွေကို ဆက်လက်ပြီး ကူညီစောင့်ရှောက် နေဆဲပဲ"

မြစ်ကြီးနား - ဗန်းမော် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ပြန်ပြီးလုပ် ကိုင် စားသောက်ဖို့ အဓိက လုပ်ဆောင်နေကြတာလို့လည်း သူက ပြောပါတယ်။ ဒီအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့ မျိုးစေ့တွေကို ကေအိုင်အိုက ကူညီသွားဖို့လည်း စီစဉ်ထား တယ်လို့ ဆိုပါတယ်။

ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၇၀ ကျော်အရွယ် ဒုက္ခသည် ဦးလဖိုင်ဂမ်ဒေးကတော့ လက်ရှိကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကြောင့် နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ကလွဲပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ ပြောပါတယ်။

“တိုင်းပြည်အတွက်လည်း ဘာမှ မစိတ်ကူးတော့ဘူး။ လောလောဆယ်က ကိုယ်စားဖို့ သောက်ဖို့ပဲ လောလော ဆယ် စဉ်းစားနေတယ်။ အခုဒီမှာနေရင်တော့ သေဖို့ပဲ ရှိတော့ တယ်။ ဘာမှ ဆန်လည်းမပေး၊ ဆီလည်းမပေး ဆိုတော့ ငတ်ပြီးသေမှာပဲ။ ဒါကြောင့် စားဖို့သောက်ဖို့နည်းနည်း အာလူးတို့၊ ပြောင်းတို့ ရရင်လည်းရပေါ့လေ အဲလို သွားလုပ် မယ်။ နိုင်ငံရေးစဉ်းစားရင်လည်း ဒီမှာငတ်သေရုံပဲရှိတယ်။ အဲဒါကြောင့် ၁၀ လဆို ကိုယ့် ကျေးရွာ ပြန်ပြီး စားဖို့သောက်ဖို့ နည်းနည်းလုပ်ဖို့ စဉ်းစားထားတယ်”

ကေအိုင်အေဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးက စစ်ဘေးဒုက္ခ သည် တစ်သိန်းခွဲ လောက်ဟာ စခန်းပေါင်း ၁၆၀ ကျော်မှာ ခိုလှုံနေကြရတယ်လို့ ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) အပါအဝင် ဘာသာရေးနဲ့ လူမှုရေး ကူညီ ရေးအဖွဲ့တွေက ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org