လားဟူလူမျိုးတွေနဲ့ကိုက်ညီတဲ့ နိုင်ငံရေး စနစ်ချမှတ်နိုင်ရေး

NCA အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ လားဟူလူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် နိုင်ငံရေးအခြေခံ မူတရပ် ချမှတ်နိုင်ဖို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU (Lahu Democratic Union) အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။

larhu-622

 

NCA အတိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ လားဟူလူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် နိုင်ငံရေး အခြေခံတရပ်ချမှတ်နိုင်ဖို့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU (Lahu Democratic Union) အဖွဲ့က ထိုင်နိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။

RFAသတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် အကောင်အထည်ဖော်နိုင်ရေးကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေပါဝင်တဲ့ အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

LDU အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် က RFA ကို အခုလို ပြောဆိုပါတယ်။

"NCA စာချူပ်အရ အကောင်အထည်ဖော်ဖို့က တချို့အချက်တွေက တစ်ဆို့နေတယ်၊ အဲဒါ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့သဘာဝကျကျပေါ့၊ ဆွေးနွေးတာပါ၊ NCA ကျော်လွှားဖို့က အဓိကတော့ ဖက်ဒရယ်လက်ဇင်းပေါ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ပဲ၊ တစ်နိုင်ငံလုံး အနေနဲ့ အတိုင်းအတာတခု ပြောင်းလဲလာလို့ရှိရင်တော့ ဒါနိုင်ငံကနေ ဖက်ဒရယ်တည်ဆောက်လို့ရှိရင်တော့ တိုင်းပြည်မှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကတော့ ဖြစ်လာမှာပဲလေ၊ အဲဒါ ကျနော်တို့ မျှော်လင့်ချက်ရှိတယ်။ နောက်ပြီး ဒေသဖွံ့ဖြိုးရေးပေါ့ ကျနော်တို့ လားဟူတိုင်းရင်းသားတွေ ဒေသဖွံ့ဖြိုးရေးက တော်တော်လေး တအားနောက်ကျနေတဲ့ အချိန်ကြတော့ ကျနော်တို့ ဒီဒေသဖွံ့ဖြိုးရေး ကျနော်တို့ လုပ်ဖို့။"

ဒီအစည်းအဝေးမှာ မကြာခင်က ပြီးစီးခဲ့တဲ့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံက ဆွေးနွေးဆုံးဖြတ်ချက်တွေကို ပြန်လည်မျှဝေတာတွေအပါအဝင် ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်နေတဲ့ကိစ္စတွေ၊ လားဟူလူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်တခု ချမှတ်သွားနိုင်ရေးကိုလည်း ဆွေးနွေးသွားမယ်လို့လည်း ဗိုလ်မှူးကြီး ဆော်လမွန် က ဆက်ပြောပါတယ်။

"အခြေအနေကလည်း အခု NCA စာချူပ်ချူပ်ထားတာ တစ်နှစ်ကျော်ပြီးဆိုတော့ ၂၀၂၀ ကြရင် ဒီအစိုးရကလည်း ဒီ ၂၀၁၉ -၂၀ ကြားထဲမှာ UPC ပေါ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပမယ်ထင်တယ်။ အဲကျရင် ကျနော်တို့ ဖက်ဒရယ်စနစ်ချလို့ရှိရင် ဘယ်လို ဖက်ဒရယ်စနစ်လဲဆိုတာ ကျနော်တို့နားလည်ဖို့ သိဖို့လိုပြီးလေ အဲဒါကြောင့် အစိုးရကချမှတ်တဲ့ ဖက်ဒရယ်စနစ်နဲ့ ကျနော်တို့ EAO အထူးသဖြင့် ကျနော်တို့ လားဟူဒီမို ကရက်တစ် ယူနီရမ် ဖက်ဒရယ်စနစ်ကတော့ ကျနော်တို့ လေ့လာပြီးသားရှိတယ်။ အဲဒီမှာ ကျနော်တို့ ချမှတ်ထားတဲ့ဖက်ဒရယ်နဲ့ အစိုးရချမှတ်ထားတဲ့ ဖက်ဒရယ် တူသလားပေါ့။"

သုံးရက်ကြာကျင်းပမည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် အစည်းအဝေးကို ဥက္ကဋ္ဌ ကျာခွန်ဆာ ၊ ဒုဥက္ကဋ္ဌ ကျာဟား အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၀ နီးပါး တက်ရောက်ဆွေးနွေးနေကြတာ တွေ့ရပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ်ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နဲ့အတူ နေပြည်တော်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org