မဲဆောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း မဲဆောက်မြို့ ဘုန်းတော်ကြီးကျောင်းတွေက သံဃာတော်အပါး တစ်ရာကျော်ကို မြို့လုံးကျွတ် ပြည်သူတွေ ဆွမ်းဆန်စိမ်း လောင်းလှူလေ့ရှိပါတယ်။
- 2023-11-01
-
-
-
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ထိုင်းအခေါ် (ဆိုင်ဘာထေဘို) ဆိုတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာလ ၃ဝ ရက် မနက်အစောပိုင်း ၄ နာရီလောက် ကစပြီး မဲဆောက်မြို့လယ်ခေါင်မှာ ကျင်းပကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာထုံးစံအရ သံဃာတော်တွေနေ့စဉ်ဆွမ်းခံရာမှာ မနက်အစောပိုင်းတစ်ကြိမ်ပဲ ဆွမ်းခံကြွလေ့ ရှိပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူရာမှာလည်း သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မနက်အစောပိုင်းမှာ မဲဆောက်မြို့ခံတွေက ဆွမ်းဆန်စိမ်းနဲ့ သံဃာတော်တွေအတွက် အသုံးအဆောင်တွေ လှူဒါန်းကြတာလို့ နောင်ဘွားဘုန်းကြီးကျောင်းမှာ ဆယ်နှစ်ကျော်ကြာ သီတင်းသုံးနေထိုင်နေတဲ့ ဦးဓမ္မလင်္ကာရ က မိန့်ပါတယ်။
ကိုဗစ်ကာလမှာတော့ ဒီလိုဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေကို ရပ်နားခဲ့ရပါတယ်။ မဲဆောက်တစ်မြို့လုံးက သံဃာတော်တွေကို အခုလိုနေ့ရက်မှာ မြို့ခံတွေက ရှေးဓလေ့ထုံးစံအတိုင်း ဆွမ်းဆန်စိမ်းအလှူလုပ်ကြတာလို့ တောရကျောင်းတိုက်က ဦးစောမြဘရမ်း က ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာဆိုရင်လည်း မဲဆောက်မြို့ရောက် မြန်မာဗုဒ္ဓဘာသာဝင် အများစုက ဥပုဉ်သီလဆောက်တည်တာ၊ စတုဒိသာကျွေးမွေးတာတွေကို မဲဆောက်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းတိုက်တွေ ဖြစ်တဲ့ ကျောင်းသစ်ကျောင်း၊ ကျောင်းကြီးကျောင်းနဲ့ တောရကျောင်းဟောင်းတို့အပါအဝင် ထိုင်းဘုန်းကြီးကျောင်းတွေမှာ ကျင်းပခဲ့ကြပါတယ်။
သီတင်းကျွတ်ကာလဟာ မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အလုပ်ပိတ်ရက်ဖြစ်သလို စျေးရောင်းချတဲ့ မြန်မာအများစုလည်း စျေးဆိုင်တွေပိတ်ကာ ဘုန်းတော်ကြီးကျောင်းတွေမှာ သီလဆောက်တည်သူတွေ၊ အလှူဒါန ပြုသူတွေနဲ့ စည်ကားခဲ့ပါတယ်။
မဲဆောက်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းတိုက် ငါးတိုက်အပါအဝင် သံဃာတော်အပါး ၁၃ဝ ကျော်တို့အတွက် စာရေးတံမဲပွဲကို ကျောင်းကြီးကျောင်းတိုက်မှာ ကျင်းပခဲ့သလို ရွှေ့ပြောင်းမြန်မာကျောင်းသားငယ်လေးတွေရဲ့ ဗုဒ္ဓဘာသာသင်တန်းဆင်း အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။
မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဒုက္ခမျိုးစုံကြားထဲကပဲ ကုသိုလ်ကောင်းမှုတွေ လုပ်နေကြတယ်လို့ ကျောက်အရောင်းအဝယ်လုပ်ကိုင်တဲ့ ကိုထွန်းက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ်က ကိုဗစ်ကပ်ဘေးကြောင့် လူစုလူဝေးကန့်သတ်တားမြစ်ချက်တွေနဲ့ နှစ်နှစ်လောက် လူစုလူဝေး လုပ်ခွင့်မရခဲ့လို့ စည်စည်ကားကားကျင်းပခွင့်မရခဲ့ပေမဲ့ အခုနှစ်မှာတော့ စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ မဲဆောက်မြို့ခံတချို့က ပြောကြပါတယ်။
မဲဆောက်မြို့မှာ အခြေချနေထိုင်ကြသူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံရေးကြောင့် ရောက်လာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေဟာ ခုလိုသီတင်းကျွတ်ကာလတင်မကဘဲ ဗုဒ္ဓဘာသာ နေ့ထူးနေ့ရက်တိုင်းမှာ ထိုင်းနိုင်ငံသားတွေနဲ့အတူ ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။