လုံခြုံရေးအခြေအနေကြောင့် မကွေးတိုင်းက လယ်သမားတွေ အခက်အခဲဖြစ်နေ
အာဏာသိမ်းနောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လုံခြုံရေးအရ မကြာခဏ စစ်ရှောင်နေရတာကြောင့် မကွေးတိုင်းထဲက လယ်သမားတွေဟာ လယ်ယာလုပ်ငန်းကို အေးအေးဆေးဆေး မလုပ်နိုင်တော့ဘဲ စားဝတ်နေရေး ခက်ခဲလာတယ်လို့ လယ်သမားတွေက ပြောပါတယ်။
- 2022-08-05
-
-
-
စစ်ကောင်စီနဲ့ လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ မကွေးတိုင်းထဲက ပေါက်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့ မြို့နယ်က လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာလုပ်ငန်းကို စစ်ဘေးရှောင်ရင်း အခက်အခဲ မျိုးစုံကြားကနေ လုပ်ကိုင်နေရတယ်လို့ လယ်သမားတွေက RFA ကို ပြောပါတယ်။
အဲဒီမြို့နယ်တွေက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် လယ်ယာလုပ်ငန်းတွေကို ပစ်ပြီး ထွက်ပြေးနေရတာမျိုး၊ တချို့ကျတော့လည်း ရှောင်တိမ်းလိုက် ပြန်လာလိုက်နဲ့ ခက်ခက်ခဲခဲ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
မိဘတွေ လက်ထက်ကတည်းကနေ လယ်လေးဧကကို မိရိုးဖလာလုပ်ကိုင်နေတဲ့ ပေါက်မြို့နယ် ကင်းမရွာက လယ်သမားတစ်ဦးက စစ်ကောင်စီတပ် စစ်ကြောင်း ထိုးနေတာကြောင့် ဒီနှစ် မိုးစပါးကို ရာသီအမီ စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"စစ်ကြောင်းထိုးလာတော့ ရာသီမီဖို့ရာဆိုတာ မသေချာတော့ပါဘူး။ အခု စစ်ကောင်စီ လာ၊ အခုပြေး။ ကိုယ့်အသက်အန္တရာယ် လွတ်ရင်ပြီးရော။ တောင်သူလုပ်ငန်းကို ပြန်ကြည့် မနေနိုင်တော့ဘူး။ စစ်ကောင်စီက ဘယ်ရွာမှာ၊ ရွာအနီးနားက နှစ်မိုင်ကွာ၊ သုံးမိုင်ကွာ၊ လေး၊ ငါးမိုင်အကွာမှာ ရောက်နေတယ်ဆိုရင် လာတာနဲ့ ကျနော်တို့ ရွာကို ရောက်တော့မှာပဲ ဆိုပြီးတော့မှ ယူဆထားတာဆိုတော့ ရှောင်နေရတာပေါ့။ အဲဒါဆိုတော့ တောင်သူလုပ်ငန်းမှာ တော်တော်ကြီး လစ်ဟင်းသွားတာပေါ့"
ကင်းမရွာ မီးရှို့ခံရတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲလုပ်ပြီး ငါးရက်အကြာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ရွာကို စစ်ကြောင်းရောက်လာလို့ လယ်ယာလုပ်ငန်းကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက ရက်ပေါင်း ၂၀၊ တစ်လနီးပါးကို တစ်ကြိမ်လောက် ကင်းမရွာကို ဝင်လာလေ့ရှိပြီး ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကင်းမရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ တောင်ညိုရွာကို ရောက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"ဒီဇယ်၊ ဓာတ်ဆီ အကုန်တက်တဲ့အတွက် တော်တော်ဒုက္ခ ရောက်ရပါတယ်"
ဂန့်ဂေါမြို့နယ်မှာလည်း ကလေး - ဂန့်ဂေါ ကားလမ်းဘေးက လယ်ယာတွေဟာ တိုက်ပွဲ တွေကြောင့် မလုပ်နိုင်ကြတော့ဘူးလို့ ဂန့်ဂေါမြို့နယ် လယ်သမားတွေက ပြောပါတယ်။ တောင်ယာခင်းတွေထဲမှာလည်း လက်နက်ကြီးလက်ကျန် ကျည်နဲ့ မိုင်း ထောင်ထားတာ တွေကြောင့် ထွန်စက်မောင်းတဲ့သူတွေကို ခေါ်လို့မရတဲ့အပြင် ထွန်စက်မောင်းခတွေက မနှစ်က တစ်နာရီကို နှစ်သောင်းခွဲကနေ ဒီနှစ်မှာ လေးသောင်းခွဲအထိ ပေးနေရတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သီးနှံဆုံးရှုံးမှုတွေလည်း ရှိနေပြီး မနှစ်က နှမ်းရိတ်သိမ်းချိန်မှာ လယ်ထဲမှာ တိုက်ပွဲတွေဖြစ်လို့ နှမ်း တင်းပေါင်း ၅၀ ခန့် ဆုံးရှုံးသွားတယ်လို့ ဧက ၂၀ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာက လယ်သမားတစ်ဦးက ပြောပါတယ်။
နှစ်ပေါင်း ၅၀ လောက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့ မကွေးတိုင်း ရေစကြို မြို့နယ်က လယ်သမားတစ်ဦးကလည်း သီးနှံထွက်နှုန်းလည်း ကျလာတာကြောင့် အခုချိန်မှာ စားဝတ်နေရေး ကျပ်တည်းတယ်လို့ ပြောပါတယ်။
"မိသားစု စားဝတ်နေရေး ခက်ခဲတယ်ကွာ။ သူတို့လာရင် တိမ်းရှောင်နေရတာနဲ့ အခက်အခဲ တွေ့တာပေါ့။ ကိုယ်အေးဆေးဆေးလုပ်တုန်းကနဲ့ ထွက်နှုန်းက တခြားစီ ဖြစ်နေတယ်ကွာ။ စစ်တပ်လာလို့ကျ ထွက်နှုန်းလျော့တာပေါ့။ အခြေအနေ အချိန်မီ ရေမတင်ရတော့ပေါ့ကွာ။ အဆင်မပြေဘူးကွာ ဒီဘက်ကပိတ်ထားတော့ ရောင်းဖို့ရာ အခက်အခဲတွေ့တာပေါ့ကွာ"
သူ့မှာ လယ်ယာ ခုနစ်ဧက ရှိပြီး စပါးအပြင် ပြောင်းဖူး၊ ငရုတ်၊ ကြက်သွန်နဲ့ပဲ စိုက်ပျိုး တယ်လို့ ပြောပါတယ်။ လက်ရှိလည်း စပါးစိုက်ဖို့ ပျိုးထောင်ထားပြီး တိမ်းရှောင်နေရတာနဲ့ ရေတင်ဖို့ နောက်ကျနေပြီလို့ ပြောပါတယ်။
လယ်ယာလုပ်ငန်းသုံး သွင်းအားစုပစ္စည်းတွေအပြင် စားကုန်သောက်ကုန်ပစ္စည်းတွေကို မြို့ပေါ်ကနေ မှာယူရင်လည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက သိမ်းယူနေလို့ လုပ်ရကိုင်ရ ခက်ခဲလှတယ်လို့ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက လယ်သမားတစ်ဦးက ပြောပါတယ်။
"မြေဆီဆိုလည်း ထက်ဝက်တက်တယ်။ စက်ပစ္စည်းဆိုလည်း ထက်ဝက်တက်တယ်။ ဒီဇယ်၊ ဓာတ်ဆီ အကုန်တက်တဲ့အတွက် တော်တော်ဒုက္ခ ရောက်ရပါတယ်ဗျ တောင်သူ တွေမှာ။ အရင်တုန်းက ဇက်နဲ့ ပို့ရမယ့်ဟာဆိုရင် အခုအချိန်မှာ ပို့မရတော့ဘူး။ သူတို့ အဖမ်းအဆီးတွေ များနေတဲ့အတွက် ကျနော်တို့ မော်တော်တွေနဲ့တစ်ဆင့် ဟိုကပ်ဒီကပ် အဲလို ကပ်သွားရတဲ့ အတွက် ကျနော်တို့ ခေါက်ချိုးဈေးနှုန်းတွေ ပေးနေရပါတယ်"
လက်ရှိမှာ မြေဩဇာတစ်အိတ်ကို ကျပ် တစ်သိန်းကိုးသောင်းနဲ့ ဝယ်သုံးနေရပြီး အရင်က တစ်ဧကကို မြေဩဇာတစ်အိတ် အသုံးပြုရင် လက်ရှိမှာ နှစ်ဧကကို တစ်အိတ်လောက်ပဲ သုံးနိုင်တော့တယ်လို့ ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က ၁၀ ဧကရှိတဲ့ သူ့လယ်ယာတွေမှာ မနက်မှာပဲစိုက်ဖို့ ထွန်ယက် စိုက်ပျိုးပြီး ညဘက်မှာ စပါးစိုက်ဖို့ ရေတင်တာမျိုး လုပ်နိုင်ပေမယ့် လက်ရှိအခြေအနေမှာ လုံခြုံရေးအရ ညဘက်ရေတင်တာတွေ မလုပ်ရဲတော့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတစ်ဝန်း လူတစ်ဦးရဲ့ တစ်နှစ် ဆန်စားသုံးမှုဟာ ၁၅၅ ကီလိုဂရမ် (၉၇ ပြည်) ရှိတဲ့အတွက် ဖူလုံပိုလျှံတယ်လို့ ဩဂုတ် ၁ ရက်နေ့ နိုင်ငံတော်ကိုပြောတဲ့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးဧကပေါင်း ၃၃ သန်းမှာ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ ဝါကို အဓိက စိုက်ပျိုးကြပြီး တစ်သီးစားအပြင် သီးထပ်စိုက်ပျိုးခြင်းတွေကိုပါ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဆန်ကို ပြည်ပပို့နိုင်ဖို့ အထွက်နှုန်းတိုးအောင် စီမံဆောင်ရွက်နေတဲ့အပြင် ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံအောင်နဲ့ ဝဝလင်လင်စားသုံးရအောင် ဆန်နဲ့ ဂျုံကို ပိုမို စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက အဲဒီလို ပြောဆိုနေပေမယ့် မကွေးတိုင်းထဲက လယ်သမားတွေ ကတော့ လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်း၊ လောင်စာဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေးကအစ ဈေးကြီးပေးဝယ်ယူနေရပြီး လုံခြုံရေးအခြေအနေကြောင့် လယ်ကောင်းကောင်း မလုပ်နိုင်ဘဲ ရှေ့နှစ်အတွက် ရိက္ခာပြတ်လပ်မယ့် အခြအနေနဲ့ ရင်ဆိုင်နေရတယ်လို့ RFA ကို ပြောပါတယ်။