နေစရာမရှိတော့တဲ့ ပေါက်မြို့၊ ပန်းတော်ကန်ရွာခံများ
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ရွာပေါင်း ၁၂ ရွာခန့်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးခဲ့ရပါတယ်။
-
RFA Burmese
2023-02-09 -
-
-
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ရွာပေါင်း ၁၂ ရွာခန့်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးခဲ့ရပါတယ်။
"အခုမှ အသက် ၅၀ ပြည့်မှ မကြုံဖူးတာတွေ ကြုံရတာပါ။ ဘာမှလည်း မရလိုက်ပါဘူး။ ဘာမှလည်း မကျန်တော့ပါဘူး "
သူကတော့ မကွေးတိုင်း၊ ပေါက်မြို့နယ် ပန်းတော်ကန်ရွာကဖြစ်ပြီး တစ်အိမ်လုံး မီးရှို့ခံလိုက်ရတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျသိုက်ရွာ အပါအဝင် ရွာပေါင်း ၁၂ ရွာခန့်ကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး ဝင်ရောက်ခဲ့ပါတယ်။
"ကျမတို့ကတော့ စစ်တပ်က ရွာကိုဝင်ပြီဆိုလို့ရှိရင် ကိုယ့်ကိုမတွေ့ဖို့ မမိဖို့ဘဲ ပြေးနေရတော့တာ"
ဒါကြောင့် ကျသိုက်၊ လယ်လန်း၊ သရဖီ၊ သီးခြောက်၊ ပြစ်ထဲ၊ သဲတော်၊ စမ်းရေခုံ၊ ဇင်ရွှေးကုန်၊ ကျားပစ်ကန်၊ ခွေးအတွင်း၊ ပန်းတော်ကန်နဲ့ ခင်ရှည်စတဲ့ရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးခဲ့ရတာပါ။
အဲဒီနောက် ပြစ်တဲရွာက နေအိမ် ၁၁ လုံး၊ စမ်းရေခုံက ၄၇ လုံး၊ ဇင်ရွှေးခုံက အိမ်ငါးလုံး၊ ပန်းတော်ကန်က အိမ် ၂၇ လုံးနဲ့ သီးခြောက်ရွာက စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ် ၁၀၀ နီးပါးနဲ့ လူဦးရေ ၅၀၀ ခန့်ရှိတဲ့ ပန်းတော်ကန်ရွာကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကြောင်းဝင်ရောက်လာပြီး ည ၈ နာရီခွဲမှာ မီးစရှို့ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်အိမ်လုံးမီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပန်းတော်ကန်ရွာသူ အမျိုးသမီးကြီးကတော့ ခံပြင်းနာကျည်းစိတ်ကြောင့် စစ်ကောင်စီတပ်အသံကို ကြားတောင်မကြားချင်ဘူးလို့ RFA ကို ပြောပါတယ်။
"ဘယ်လိုလုပ် အုပ်ချုပ်ခွင့်ပေးနိုင်မှာတုန်း၊ ကျုပ်တို့က ဘယ်လိုလုပ် မင်းလုပ်ခွင့် ပေးနိုင်မှာတုန်း။ သားဆက်၊ မြေးဆက် ကျုပ်တို့က မကျေနပ်ဘူး။ လူစိတ်မရှိလို့ ဖျက်ဆီးတာပေါ့။ သူတို့ကောင်းရင် သူတို့အုပ်ချုပ်မှာပေါ့။ သူတို့ အုပ်ချုပ်ချင်တယ်ဆိုရင် ကောင်းပြလေ။ ပြည်သူတွေအပေါ်ကို ငဲ့ညာတယ် သနားတယ်ဆိုရင် ဒီလိုလုပ်စရာ လုံးဝမလိုပါဘူး။ သူ့ကို အုပ်ချုပ်ဖို့ရာတော့ မပြောနဲ့တော့ ကြားတောင်မကြားချင်ဘူး။ ခံပြင်းလွန်းလို့။ ကျုပ်အိမ်မှာဆို စားသောက်စရာတွေ အစုံစိုက်ပြီးတော့မှ အဆုံးထားပစ်ခဲ့တာ။ စားသောက်ပြီးတော့ ကားယားခွစားပြီးတော့မှ ရှို့ပစ်ခဲ့တာပါ အိမ်ဝိုင်းထဲကို"
စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ဘဝကို ရှင်လျက်နဲ့သေအောင် လုပ်ခဲ့တာဖြစ်ပြီး ဘာမှမကျန်တော့တဲ့ သူ့အိမ်မီးလောင်ပြင်ကို မြင်ရချိန် မအိမ်နိုင်၊ မစားနိုင်ဖြစ်ရတယ်လို့ ဆိုပါတယ်။
နေအိမ်ဆုံးရှုံးသွားတဲ့ ပန်းတော်ကန်ရွာသားတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး အိမ်တစ်လုံးပြန်ဆောက်ဖို့ မလွယ်ကူတော့ဘူးလို့ RFA ကို ပြောပါတယ်။
"ကျနော်တို့ ပြည်သူလူထုတရပ်လုံးကလည်း ဒီလိုစစ်အာဏာသိမ်းတာကို မခံမရပ်နိုင်လို့ မို့လို့ ကျနော်တို့ ပြည်သူလူထုတွေကို ဒီလိုနှိပ်စက်နေတာပါ။ ဒီလိုညှဉ်းပန်းနှိပ်စက် ပြီးခါကျမှ အိမ်တွေကို မီးရှို့ခံရတာပါ။ ကျနော်တို့မှာ အိမ်တစ်လုံးဆောက်ဖို့ နေနေသာသာ တဲတစ်လုံးဆောက်ဖို့တောင် မလွယ်ပါဘူး။ အမှန်အတိုင်းပြောရရင် မင်းအောင်လှိုင်ဘက်က ဘက်တော်သားမှန်သမျှ ကျနော်တို့က ငရုတ်ဆုံထဲ ထည့်ထောင်းချင်တာပါ"
ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ခုခံဆန့်ကျင်ဖို့ လူအင်အားရှိပေမယ့် လက်နက်အင်အား မရှိဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပန်းတော်ကန်ရွာကို လေးကြိမ်မြောက်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒေသခံတွေ အကြိမ်ကြိမ် ထွက်ပြေးခဲ့ရသလို အရင်အကြိမ်တွေက နေအိမ်တွေသာ ဖျက်ဆီးခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ မီးပါရှို့ခဲ့တာပါ။
မွေးကတည်းက ပန်းတော်ကန်ရွာမှာ ကြီးပြင်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ ပြေးရတဲ့အချိန် အနောက်ကနေ သေနတ်နဲ့လိုက်ပစ်တာပါ ကြုံခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
"ကျမတို့ကတော့ စစ်တပ်က ရွာကိုဝင်ပြီဆိုလို့ရှိရင် ကိုယ့်ကိုမတွေ့ဖို့ မမိဖို့ဘဲ ပြေးနေရတော့တာ။ သူတို့က တွေ့ရင်၊ မိရင် သတ်မယ်၊ လုပ်မယ် အဲလိုမျိုးဆိုတော့ ကိုယ်ကမတွေ့အောင်ဘဲ ပြေးနေရတော့တာပဲ။ ပထမတစ်ခါ ပြေးရတုန်းကဆို သူတို့က ကိုယ်တွေနောက်က လိုက်ပစ်တယ်။ ကိုယ်တွေက ရှေ့ကပြေးရတယ်။ မိုးရွာကြီးလည်း ပြေးရတယ်။ ရေထဲတွေမှာလည်း အိပ်ရတယ်။ အလဲလဲအကွဲကွဲနဲ့ ကိုယ့်မိသားစုမကွဲဖို့ အရေးကိုပဲ ဦးစားပေးပြီး ပြေးလွှားနေရတာပေါ့။ ကျမတို့ကတော့ ဒီလိုမျိုး အာဏာရှင်စစ်တပ်ကို အလိုလည်း မရှိဘူး။ သူတို့ရဲ့ လက်အောက်လည်း မခံချင်ဘူး။ မုန်းတယ်။ ကမ္ဘာလည်း မကျေဘူး"
ဒေသခံတွေဟာ ထွက်ပြေးနေရချိန် အတူပါလာတဲ့ စားသောက်စရာတွေကိုပဲ ချက်ပြုတ်စားသောက်ခဲ့ရသလို စားစရာမပါတဲ့သူတွေကိုပါ ဝေငှပေးရတာကြောင့် ထမင်းငတ်ခဲ့တဲ့ အချိန်တွေပါရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ထွက်ပြေးတဲ့ဒေသခံတွေ ရှိနိုင်တဲ့နေရာတွေကို တောင်ကုန်းပေါ်ကနေ သေနတ်နဲ့ပစ်တာကြောင့် သစ်ပင်၊ ခြုံနွယ်တွေအောက် ပုန်းခဲ့ရတယ်လို့ ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတဲ့အပေါ် စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေး ဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိ စစ်ကြောင်းပြန်ထွက်သွားတာကြောင့် ဒေသခံအချို့ မူလနေအိမ်တွေမှာ ပြန်လည် နေထိုင်နိုင်ကြပေမယ့် နေအိမ်တွေမီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံ ၁၀၀ ခန့်ကတော့ နေစရာအိမ်တွေ ပြန်မဆောက်နိုင်သေးတာကြောင့် ဒုက္ခရောက်နေကြပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျုဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်နီးပါး အတွင်း မကွေးတိုင်းမှာ နေအိမ်နဲ့ အဆောက်အအုံ ၁၁,၃၁၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်က နေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် မကွေးတိုင်းက ဒေသခံ ၁၁၈,၂၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။