တရုတ်နယ်စပ်ပိတ်မှုကြောင့် မိုင်ဂျာယန်ဒေသ ကြံစိုက်တောင်သူတွေ အရှုံးပေါ်
တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လွယ်ဂျယ်-မိုင်ဂျာယန် နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်ကနေ အခုနှစ် မတ်လအတွင်း အကြိမ်ကြိမ် ပိတ်ခဲ့တာကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့က ကြံစိုက်တောင်သူတွေ အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေပါတယ်။
- 2022-05-19
-
-
-
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံ ကချင်လူမျိုးတွေရဲ့ ကြံစိုက်ဧကပေါင်း ၁၈၀၀ လောက် ရှိပါတယ်။
မိုင်ဂျာယန်မြို့နယ်ထဲက ဂျာရင်ယာန်၊ ကောင်းဆာ၊ နောင်အန်၊ ပရန်ငေါန်၊ ဟူဖောက် စတဲ့ကျေးရွာတွေက ဒေသခံအားလုံးနီးပါး ကြံစိုက်ပျိုးပြီး တရုတ်နိုင်ငံဘက် ရောင်းချတဲ့ ဝင်ငွေနဲ့ပဲ အသက်မွေးကြပါတယ်။
တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြန်ဖြစ်လာလို့ဆိုပြီး လွယ်ဂျယ်-မိုင်ဂျာယန် နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ အခု ၂၀၂၂ မတ်လအတွင်း အကြိမ်ကြိမ် ပိတ်ခဲ့တာကြောင့် အခုတော့ စိုက်ထားတဲ့ ကြံတွေ အချိန်မီ မခုတ်နိုင်ဘဲ အရှုံးပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
အရင်နှစ်တွေဆိုရင် ဒီဇင်ဘာလလောက်မှာ ကြံစခုတ်ပြီး မတ်လလောက်မှာ တရုတ်နိုင်ငံဘက်ကို အားလုံး တင်ပို့နိုင်ခဲ့တာပါ။
ဒီနှစ်မှာတော့ အခု မေလထဲကျမှ စခုတ်နိုင်တာကြောင့် အချိန်လွန်သွားပြီလို့ ကြံစိုက်တောင်သူ ဦးဘရန်လောဒ်က ပြောပါတယ်။
“ဒီနားက ကြံတွေက ခါတိုင်းဆိုရင်တော့ မတ်လလောက်ဆိုရင် ကုန်ပြီ။ ဒီအချိန်က ကြံတွေတောင် ပြန်စိုက်ပြီး တော်တော်ကြီးနေပြီ။ Covid ဖြစ်ပြီးနောက် နှစ်နှစ်လောက်တော့ နည်းနည်းခက်လာတယ်။ ဒါပေမဲ့ မနှစ်တုန်းကတောင် ကြံကားတွေကို တရုတ်ပြည်အဝင်မှာ မောင်းတဲ့သူပဲ ပြောင်းပြီး တရုတ်ပြည်ထိ ဝင်လို့ရတယ်။ အခုက မေလလောက်မှ ကြံစခုတ်တယ်ဆိုတော့ ပြန်ရဖို့တော့ မမျှော်လင့်တော့ဘူး။ ကျနော်တို့ရွာရဲ့ တောင်ပေါ်ဘက်မှာလည်း ကြံခင်းဧက တစ်ရာကျော်တယ်။ တစ်ပင်မှ မခုတ်ရသေးဘူး”
ဦးဘရန်လောဒ်က ကြံ ၁၀ ဧကလောက် စိုက်ထားပြီး အခုထိ တစ်ပင်မှ မခုတ်ရသေး တာကြောင့် ရင်းနှီးထားတဲ့ တရုတ်ယွမ်ငွေ သုံးသောင်းလောက် ပြန်မရသေးပါဘူး။ အရင်က တရုတ်ငွေ သုံးသောင်းလောက် ရင်းထားရင် အခုချိန်မှာ ရှစ်သောင်းလောက် ပြန်ရတတ်ပေမယ့် အခုတော့ အရှုံးပေါ်နေပြီလို့ ဆိုပါတယ်။
ကြံ ၁၄ ဧက စိုက်ထားတဲ့ ဦးကရိန်မာပေါင်း ကလည်း တရုတ်ဘက်က နယ်စပ် ပိတ်ထားတာကြောင့် ခုတ်ထားတဲ့ကြံတွေ ဒီတိုင်းပုံထားရပြီး ခြောက်သွေ့ကုန်တယ်လို့ ပြောပါတယ်။
“အခု ခုတ်ထားတာ တချို့က ပို့လိုက်ပြီ။ တချို့က ဒီတိုင်း တောင်ပေါ်မှာ ပုံထားတော့ အကုန်တောင် ခြောက်နေပြီ။ မနှစ်တုန်းကတော့ ဒီနေ့ခုတ် မနက်ဖြန်ဆို တရုတ်ဘက် ပို့လို့ရပြီ။ ဒီနှစ်က အနည်းဆုံး ၁၅ ရက်လောက် စောင့်ရတာ။ အဲနောက်မှ သယ်လို့ရတာ။ ကြံတွေကလည်း ခုတ်ထားတာကြာတော့ အလေးချိန် မစီးတော့ဘူး။ ရှုံးတာကမှ အဘက်ဘက်ကပဲ။ သယ်ခရော၊ ခုတ်ခတွေရော စျေးကြီးလာတယ်။ အရင်ကထက် ပိုပေးရတယ်။ ကျနော်တို့လိုချင်တာက ဒီကြံထက် ပိုဝင်တဲ့ အလုပ်လည်းမရှိတော့ ဖြစ်နိုင်ရင်တော့ ဒီကြံစိုက်ပျိုးရေးကိုပဲ ဒီတရုတ်အစိုးရနဲ့ စာချုပ်စာတမ်းတွေ ကောင်းကောင်းလုပ်ပေးပြီး ဒီပြည်သူတွေ စိုက်ပျိုးတဲ့အချိန်မှာ အခုလိုမျိုး မဖြစ်အောင် မြန်မာအစိုးရဘက်က ထိရောက်အောင် ကူညီပေးစေချင်တာ“
စစ်တပ်က အာဏာသိမ်းမှု၊ ကိုဗစ်ကူးစက်မှုတွေကြောင့် ကြံတင်ပို့ရတဲ့ ကုန်ကျစရိတ် ကလည်း အဆပေါင်းများစွာ မြင့်တက်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။
အရင်နှစ်တွေကဆိုရင် ကချင်ဒေသ မိုင်ဂျာယန်ကနေ ကြံကားတစ်စီး တရုတ် နယ်စပ်နားအထိရောက်ဖို့ တရုတ် ယွမ်ငွေ ၃၀၀ မြန်မာငွေနဲ့ ကျပ် တစ်သိန်းလောက်သာ ကုန်ကျပေမယ့် ဒီနှစ်မှာတော့ အချိန်လွန်ပြီး မိုးတွင်းရောက်သွားလို့ တရုတ်ယွမ် ၂၀၀၀ မြန်မာငွေ ကျပ် ခုနစ်သိန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။
"မနှစ်တုန်းကတော့ ဒီနေ့ခုတ် မနက်ဖြန်ဆို တရုတ်ဘက် ပို့လို့ရပြီ။ ဒီနှစ်က အနည်းဆုံး ၁၅ ရက်လောက် စောင့်ရတာ။"
မိုင်ဂျာယန်ဒေသခံတွေဟာ တရုတ်နယ်စပ်က သကြားစက်တွေကို မှီခိုပြီး ကြံစိုက်ပျိုးရေးပဲ အဓိကလုပ်ကိုင်တာကြောင့် တရုတ်ဘက်က ကြံဝယ်တဲ့ကုမ္ပဏီတွေနဲ့ အချင်းချင်း အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဘူးလို့ ကြံစိုက်တောင်သူ ဦးလဗျလ က ပြောပါတယ်။
အခုလို တောင်သူတွေရဲ့ အခက်အခဲကို လက်ရှိ စစ်ကောင်စီ အာဏာပိုင်တွေဘက်က တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးစေချင်တယ်လို့ ဦးလဗျလ က ဆိုပါတယ်။
“တရုတ်က နိုင်ငံကြီးဆိုတော့ ဒီနိုင်ငံသေးတွေကိုက သူတို့ ဂရုမစိုက်တဲ့သဘောပဲ။ သူတို့ ပေါင်းလည်းရတယ်။ မပေါင်းလည်းရတယ်။ သူတို့စကားတစ်ခွန်းပဲ ဖြစ်နေတယ်။ ဒီနေ့အခြေအနေကို ကြည့်ရင်ပေါ့၊ ဖုန်းနဲ့ပဲပြောတော့ မနက်ဖြန်၊ သန်ဘက်ခါတော့ လုပ်မယ်ပြောတယ်။ အခုထိတော့ ဒီတိုင်းပဲဖြစ်နေသေးတယ်။ ကျနော်တို့ ဘယ်လောက်ပဲ ပြောပြော အဆင့်ဆင့်တင်ပြနေတယ်ပဲ ပြောတယ်။ ဒီနှစ် ခက်ခဲတာက အဆုံးထိ ခက်ခဲသွားပြီ။ ကျနော်တို့ ဒီနယ်စပ်မှာက အဓိက အသက်မွေးဝမ်းကျောင်းက ဒီကြံပဲဆိုတော့ ဒီဟာကို မခုတ်ရောင်းရရင်တော့ ကျနော်တို့ ပြည်သူတွေက ခက်တယ်ဆိုတာက ဒီဂရီဆုံးပြီပဲ။”
ကြံစိုက်တောင်သူတွေရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က မေးမြန်းတဲ့အခါ တရုတ်အာဏာပိုင်တွေနဲ့ သူတို့အကြိမ်ကြိမ် ညှိနှိုင်းထားပါတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဒီလက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကတော့ ဒီကြံရော၊ နောက် ငှက်ပျောတွေရော၊ ရာသီပေါ်သီးနှံတွေကိုရော ဟိုဘက်ကို အမြန်ဆုံးတင်ပို့ဖို့၊ ပြောရရင်ဗျာ အချိန်မနှောင်းသွားအောင်ပေါ့၊ တောင်သူတွေ မနစ်နာအောင်တော့ တောက်လျှောက် တရုတ်နဲ့ ဆွေးနွေးတဲ့အချိန်မှာ ထည့်ထည့်ပြီးတော့ ကျနော်တို့ ပြောနေတာ ရှိတယ်။”
ကြံစိုက်တောင်သူ ဒေါ်လုတောင်ကတော့ အခုထိ စိုက်ထားတဲ့ကြံ မခုတ်နိုင်သေး တာကြောင့် အကြွေးတင်ပြီး စိတ်ညစ်နေရတယ်လို့ ပြောပါတယ်။
“တရုတ်ဘက်က လမ်းပိတ်လိုက်တော့ အခက်အခဲများစွာ ဖြစ်သွားတယ်။ ခါတိုင်းနှစ်က ဘယ်လိုပဲဖြစ်ဖြစ် ကြံခုတ်နိုင်တော့ အကြွေးတွေလည်းဆပ်လို့ရတယ်။ အခုက အကြွေးတွေတောင် ဘယ်လို ဆပ်ရမလဲမသိတော့ဘူး။ ကြံမခုတ်နိုင်ရင်တော့ ခက်ခဲ သွားတာပေါ့။ မခုတ်ဘဲ ထားလိုက်မလို့လည်း ပျိုးပင်ယူထားတာ တရုတ်ငွေ ခုနစ်သောင်း (ကျပ်ငွေ ၂၃ သိန်း) ကျော် အကြွေးဆပ်ရဦးမယ်။ နောက်နှစ်ဆိုလည်း ယူလို့မရတော့ဘူး။ အဲလိုဆိုတော့ ကျမတို့ ခက်ခဲတဲ့သူတွေအတွက် တစ်နှစ်ပြီး တစ်နှစ် ပိုပိုပြီး ခက်ခဲလာမှာပေါ့။ အဲဒါပဲ စိတ်ညစ်နေတယ်”
အရင်နှစ်တွေကဆိုရင် ကြံစိုက်ဖို့၊ ကြံခုတ်ဖို့ အခက်အခဲရှိတိုင်း တရုတ်ဘက်ခြမ်းမှာ နေထိုင်တဲ့ အမျိုးတွေ ထံကနေ ပိုက်ဆံချေးငှားလို့ရပေမယ့် အခုနှစ်တော့ တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး ကာလိုက်တာကြောင့် အမျိုးတွေနဲ့လည်း မတွေ့ရ၊ ပိုက်ဆံလည်း ချေးငှားလို့ မရတော့ဘူးလို့ ဒေါ်လုတောင်က ဆိုပါတယ်။
အရင်ကဆိုရင် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့က ကချင်မိသားစုတွေဟာ နယ်စပ်ဖြတ်ပြီး တရုတ်ပြည်ဘက်က ကချင်မိသားစုတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ အလွယ်တကူ ဝင်ထွက်သွားလာကြ၊ တစ်ဦးကို တစ်ဦး ကူညီကြနဲ့ အတော်အဆင်ပြေခဲ့တယ်လို့ ဒေါ်လုတောင်က ပြောပါတယ်။
ကေအိုင်အိုထိန်းချုပ်ရာ တရုတ်နယ်စပ် မိုင်ဂျာယန်ဒေသမှာ ၁၉၈၅ ခုနှစ်ကစပြီး ဘိန်းအစားထိုး သီးနှံအဖြစ် ကြံကို စတင်စိုက်ပျိုးလာတာပါ။ United States Department of Agriculture (USDA)ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ကြံတန်ချိန် ကိုးသိန်းနီးပါးနဲ့ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ တန်ချိန် လေးသိန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။
အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာတော့ ကြံတန်ချိန် တစ်သိန်းရှစ်သောင်းကျော်သာ တင်ပို့နိုင်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဥ်ရင် တင်ပို့နိုင်မှု ပမာဏ ၇၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။