မင်္ဂလာဒုံ ရပ်ကွက်ငါးခုကို အပြီးဖယ်ရှားဖို့ စစ်ကောင်စီ ထပ်မံကြေညာ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက်ငါးခုကို စစ်ကောင်စီက နောက်ထပ် အချိန်သုံးရက်ထပ်ပေးပြီး နိုဝင်္ဘာ ၂၂ ရက်နေ့မှာ အပြီးရွှေ့ပြောင်းဖို့ သတိပေးထားတယ်လို့ ရပ်ကွက်မှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေတွင် မင်္ဂလာဒုံမြို့နယ် ရပ်ကွက်တစ်ခုမှ နေအိမ်တွေ ဖျက်ပြီးပြောင်းရွှေ့နေတာကို တွေ့ရစဉ်။ Photo: RFA

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက်ငါးခုကို စစ်ကောင်စီက နောက်ထပ် အချိန်သုံးရက်ထပ်ပေးပြီး နိုဝင်္ဘာ ၂၂ ရက်နေ့မှာ အပြီးရွှေ့ပြောင်းဖို့ သတိပေးထားတယ်လို့ ရပ်ကွက်မှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီက ဖယ်ရှားရွှေ့ပြောင်းခိုင်းထားတဲ့ ရပ်ကွက်တွေကတော့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီး၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်းရပ်ကွက်တွေဖြစ်ပြီး အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေးငါးသောင်းနီး ပါးနေတာပါ။

ဒီရပ်ကွက်ငါးခုကို ရွှေ့ပြောင်းဖယ်ရှားပေးဖို့ ညွှန်ကြားထားတဲ့ နိုဝင်ဘာ အမိန့်စာကို နိုဝင်ဘာ ၁၃ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ဝင်တွေ၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ရပ်ကွက်တွေထဲလိုက်ပြီး ဖြန့်ဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ပြည်သူတွေက ဆက်လက်နေထိုင်နေပြီး အခြေအနေ စောင့်ကြည့်နေစဉ်မှာပဲ ဒီရပ်ကွက်ငါးခုမှာ နေထိုင်သူတွေ အားလုံးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နောက်ဆုံးပြောင်းရွှေ့ ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ မနေ့ကလည်း စစ်ကားနှစ်စီးက ရပ်ကွက်တွေထဲပတ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးရွေ့ ပြောင်းကြဖို့ ထပ်မံသတိပေး ကြညာတာတွေကြောင့် ရပ်ကွက်တွေထဲ မတည်မငြိမ်ဖြစ်နေကြတယ်လို့ ရပ်ကွက် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်(အမည်လွှဲ)က RFA ကိုပြောပါတယ်။

“လက်ရှိအခြေအနေကတော့ပေါ့နော် သတိပေးစာပို့ထားတဲ့အတွက် ရပ်ကွက်ကတော့ နားလည်မှု အားနည်းတဲ့သူတွေကတော့ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်ကြတာပေါ့ သိလား။ အိမ်တွေ ကိုယ်ဟာကို ဖျက်တယ်။ ရွှေ့ဖို့ ပြောင်းတဲ့သူတွေက ပြောင်းတယ်၊ ရွှေ့ဖို့တွေရွှေ့နေကြတယ်။ တချို့လည်း ကျန်းမာရေးချို့တဲ့တဲ့သူတွေကတော့ ပိုပြီးတော့ စိတ်ဆင်းရဲသောက ဖြစ်တာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့က ဘာလဲဆိုတော့ ကျွန်တော်တို့က ရပ်ကွက်ထဲမှာ မတည်မငြိမ်ဖြစ်နေတာပေါ့။ မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က လိုက်ပြောရတာပေါ့။ ကိုယ့်ရပ်ကွက်မှာရှိတဲ့ ရပ်မိရပ်ဖတွေအနေနဲ့ပေါ့နော်။”

အခုလို သတိပေးကြေညာချက်ကြောင့် ရပ်ကွက်ထဲ လူတွေအားလုံးက ကြောက်လန့်နေကြပြီး ကူမယ့်ကယ်မယ့်သူကို မျှော်လင့်နေကြတယ်လို့ ဒေါ်တင်အေး(အမည်လွှဲ)က RFA ကိုပြောပါတယ်။

“လက်ရှိကတော့ လူတွေက ကြောက်လန့်နေတယ်။ ကြောက်လန့်ပြီးတော့ ပြောင်းတဲ့သူတချို့ကလည်း ပြောင်းထွက်သွားပြီ။ ရပ်ကွက်ကတော့ မပြောင်းတဲ့သူတွေကလည်း မပြောင်းသေးဘူး။ ဘယ်လို့လဲဆိုတော့ သွားစရာနေရာလည်း မရှိဘူး။ စားစရာလည်း မရှိဘူး။ လုပ်စရာအလုပ်လည်း မရှိဘူး။ အဲလိုတွေဖြစ်ပြီးတော့ အကုန်လုံးက အခုလက်ရှိအခြေအနေမှာ သွေးပျက်နေကြတယ်။ ငိုတဲ့သူတွေလည်းငိုလို့။ ဘယ်လိုပြောမလဲ ကယ်ပါဆိုတဲ့သူတွေလည်းကယ်ဖို့၊ အဲလိုမျိုးတွေပေါ့ အကုန်လုံးကို တမ်းတနေကြတာပေါ့။ လက်ရှိအနေကပေါ့”

နေအိမ်တွေ ဖယ်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ နိုဝင်ဘာလ အမိန့်စာမှာတော့ ကျူးကျော်နေထိုင်မှုတွေကြောင့် အများပြည်သူ စိတ်ငြိုငြင် အနှောက်အယှက် ဖြစ်စေတဲ့အပြင် အများပြည်သူ ကျန်းမာရေး (ဒါမှမဟုတ်) လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတာကြောင့် ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်ရတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ထပ်မံကြေညာထားတဲ့အတိုင်း နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထား မပြောင်းရွှေ့ရင်တော့ ဒီရပ်ကွက်တွေထဲက နေအိမ်တွေကို ဖြိုဖျက်တော့မှာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတဲ့အကြောင်း ဒေါ်တင်အေး(အမည်လွှဲ)က ပြောပါတယ်။

“သူတို့ကတော့ အခုအန်တီတို့ကို လုံးဝဘာမှကိုတော့ မပြောထားဘူး။ ဒါပေမဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးကိုတော့ ခေါ်ပြီးတော့ အစည်းအဝေးအနေနဲ့ ပြောခဲ့တယ်။ စကားပါးခဲ့တယ်။ ၁၈ ရက်နေ့ မဖျက်ဖြစ်ဘူးဆိုရင် ၂၁ ရက်နေ့ညမှာ သူတို့စက်တွေ လာထိုင်မယ်။ လာချမယ် ရပ်ကွက်မှာ။ ၂၂ ရက်နေ့မှာ သူတို့ ဘူဒိုဇာနဲ့ စထိုးမယ်။ သူတို့အလုပ်လုပ်မယ်လို့ပြောတယ်။ ပြီးတော့ ၂၂ ရက်နေ့ အပြီးပြောင်းပေးရမယ်။ အဲဒီအချိန်အတွင်းမှာ မဖျက် ဘူး၊ မပြုဘူးဆိုတဲ့သူတွေအားလုံးဟာ ဘာတစ်ခုမှ ယူခွင့်မရှိတော့ဘူးလို့ အဲလို အုပ်ချုပ်ရေးမှူးကနေပြီးတော့ အကြောင်းကြားတယ်။”

အခုဖယ်ရှားဖို့ အမိန့်ထုတ်ခံထားရတဲ့ ရပ်ကွက်တွေဟာ ပြည်လမ်းနဲ့ အမှတ် (၃) လမ်းမကြီးကြားက အချက် အချာကျတဲ့နေရာတွေဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ စစ်ကောင်စီက ရွေ့ပြောင်းဖယ်ရှားဖို့ ထပ်မံကြေညာလိုက်သည် ရပ်ကွက်တစ်ခုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။

ဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ စက်ရုံအလုပ်သမားတွေနဲ့ ကြုံရာကျပန်းလုပ်ကိုင်သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းလာသူတွေနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းကနေ ပြောင်းရွေ့လာသူတွေလည်း ရှိပါတယ်။

ဒီလိုမရှိနွမ်းပါးသူတွေနဲ့ အခက်အခဲအမျိုးမျိုးကြောင့် ဒီနေရာကိုရောက်လာခဲ့ကြသူတွေဟာ ဆယ်စုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြတာကြောင့် ဆက်လက်ပြီးလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်သွားချင်တယ်လို့ ဦးမောင်မောင်(အမည်လွှဲ)က ပြောပါတယ်။

“ရှေ့ဆက်ပြောချင်တာက ကျွန်တော်တို့အနေနဲ့ပေါ့နော်၊ ကျွန်တော်တို့ရပ်ကွက်လေးအနေနဲ့ပေါ့နော်။ ပြည်သူတွေကိုယ်စား၊ ရပ်ကွက်သူရပ်ကွက်သားတွေကိုယ်စား တောင်းဆိုချင်တာပေါ့။ ကျွန်တော်တို့ ရပ်ကွက်လေးဟာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဘာသာရေး၊ သာသနာရေး၊ ပညာရေးတွေကို ကိုယ်အားကိုယ်ကိုးနဲ့ လုပ်ဆောင်နေတဲ့ ရပ်ကွက်ကလေးပေါ့နော်။ အဲဒီရပ်ကွက်ကလေးကိုတော့ အားလုံးပေါ့နော် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း လက်ရှိအတိုင်းပဲ နေသွားချင်တယ်လို့ ကျွန်တော်က ပြောလိုပါတယ်ခင်ဗျ။"

အခုလို စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာဟာ ဥပဒေနဲ့ မညီဘဲ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက ပြောပါတယ်။

"ဒါတွေက ပြောမယ်ဆိုရင် လူသားချင်းစာနာမှု မရှိသလို လက်ရှိမြေယာဥပဒေ ၁၈၉၄ မြေသိမ်းဥပဒေနဲ့လည်း မညီဘူး၊ နောက် ၂၀၁၉ မြေသိမ်းဥပဒေမှာလည်း လူတွေဟာ မိမိတို့ဒေသမှာ ၁၂ နှစ်လောက် နေထိုင်ပြီးရင် အဲဒီလူတွေကို ဖယ်ချင်တိုင်း ဖယ်လို့မရဘူး၊ မောင်းထုတ်လို့မရဘူးဗျ၊ စစ်အာဏာရှင်တိုင်း လုပ်ခဲ့တာဘဲဗျ။ တကယ်တော့ စစ်တပ်က ဒီမြေတွေကို ရောင်းစားချင်တိုင်း ရောင်းစားမယ် သူတို့စီးပွာရေးတွေလုပ်မယ်၊ ဒီ့အတွက် ဘယ်လိုမှ ဥပဒေနဲ့ မညီဘူး၊ လက်ခံနိုင်စရာ မရှိဘူး"

ဖယ်ရှားမိန့် ထုတ်ပြန်ခံထားရတဲ့ ဒီရပ်ကွက်ငါးခုကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကလည်း ပထမအကြိမ် ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီအချိန်ကလည်း နေအိမ်အချို့ ဖြိုဖျက်ပေးခဲ့ရပါတယ်။

အခုလည်း စစ်ကောင်စီက အတင်းအဓမ္မ ထပ်မံဖယ်ရှားရွှေ့ပြောင်းခိုင်းတာကြောင့် ရပ်ကွက် ငါးခုမှာ ဒီနေ့အထိ အိမ်အနည်းစုလောက်သာ ဖြိုဖျက်ပြောင်းရွှေ့တာတွေ လုပ်နေကြပြီး အများစုကတော့ သွားစရာနေရာ မရှိသလို ငှားစရာအိမ်စရိတ် မတတ်နိုင်တာတွေကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org