မင်္ဂလာဒုံမြို့နယ်မှာ အိမ်ခြေတစ်သောင်းခန့် ဖယ်ရှားဖို့ စစ်ကောင်စီ အမိန့်ထုတ်ထား
မင်္ဂလာဒုံမြို့နယ်မှာ အိမ်ခြေ တစ်သောင်းဝန်းကျင်ရှိပြီး လူဦးရေ ငါးသောင်းလောက်နေထိုင်တဲ့ ရပ်ကွက်ငါးခုဟာ ကာကွယ်ရေးဌာနပိုင်မြေမှာ ပါဝင်နေတယ် ဆိုပြီး လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အပြီးတိုင်ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်
- 2022-11-16
-
-
-
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်ငါးခုမှာရှိတဲ့ အိမ်ခြေတစ်သောင်းဝန်းကျင်ဟာ တပ်ပိုင်မြေမှာ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတယ်လို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီအမိန့်စာကို နိုဝင်ဘာလ ၁၃ ရက်နေ့က စည်ပင်သာယာရေး အဖွဲ့ဝင်တွေ၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ရပ်ကွက်အတွင်း ဖြန့်ဝေခဲ့တာလို့ပြောပါတယ်။
အဲဒီအမိန့်စာမှာ မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင် ကျေးရွာအုပ်စုမှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ဝန်းကျင် မြေပေါ်မှာရှိတဲ့ အဆောက်အအုံတွေ အားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းရမှာဖြစ်ပြီး မဖယ်ရှားရင် ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီမြေနေရာမှာ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်းစတဲ့ ရပ်ကွက်ငါးခုရှိပြီး အိမ်ခြေ တစ်သောင်းလောက်နဲ့ လူဦးရေ ငါးသောင်းနီးပါး နေထိုင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အမိန့်အတွက် ဘာမှ မတတ်နိုင် တော့တာကြောင့် ပြည်သူတွေအတွက် ငဲ့ညှာပေးနိုင်မယ့်သူကိုပဲ မျှော်နေရတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မျိုးအေး (အမည်လွှဲ) က RFA ကို ပြောပါတယ်။
“ဘဝတွေအကုန်လုံး ဘဝတိုင်း ဘဝတိုင်းပျက်မယ့်လူတွေဆိုတော့ အကုန်လုံးအတွက် တွေးပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်လည်း ဘာမှမတတ်နိုင်သလို ကိုယ်ကလည်း သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူး။ အဲလိုမျိုး ဖြစ်နေတယ်။ ပြည်သူ လူထုကိုတော့ ငဲ့ညှာတဲ့လူတစ်ယောက် ပေါ်ပေါက်ပါစေလို့ အဲလိုမျိုးပဲ ဆုတောင်းတယ်။ ကျန်တာကတော့ ဘာမှ မဆုတောင်းပါဘူး။ ကိုယ်တွေဘဝတိုင်းဘဝတိုင်း အခုလိုမျိုး ဒုက္ခမရောက်အောင်လို့ ကူညီမယ့်သူ ပေါ်ပါစေလို့ ဆုတောင်းတယ်”
လက်ရှိမှာ အိမ်ခန်းငှားခစျေး တစ်လကို အနည်းဆုံး ကျပ်တစ်သိန်းကျော်ရှိပြီး ငွေကြေးလည်း မတတ်နိုင်တာကြောင့် လမ်းဘေးတစ်နေရာရာမှာ ခဏတာနေဖို့အတွက်ပဲ စဉ်းစားထားတယ်လို့ ဒေါ်မျိုးအေးက ပြောပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ မင်္ဂလာဒုံမြို့နယ်က ဒီနေရာမှာ အခြေချနေထိုင်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက ဒီနေရာမှာ ပြောင်းရွေ့နေထိုင်ခဲ့တဲ့ ဦးမောင်မောင် (အမည်လွှဲ) ကတော့ သူတို့စတင်နေထိုင်စဉ်က ဘယ်ဌာနကမှာ ကန့်ကွက်တာမရှိခဲ့ဘဲ အခုမှ စစ်တပ်က သူတို့ပိုင်မြေဆိုပြီး ပြောဆိုလာတာလို့ ပြောပါတယ်။
“ရပ်ကွက်အနေအထားက ဆိုင်းဘုတ်ထောင်ထားတာလည်းမရှိသလို ကျနော်တို့ စဝယ်ပြီးတော့ နေထိုင်တာကလည်း မရှိဆင်းရဲသားတွေ ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ ဝယ်ပြီးတော့ နေထိုင်တာဖြစ်တယ်။ ဒီရပ်ကွက်က နိုင်ငံတော်ပိုင် အဆောက်အဦးလည်းမရှိသလို နိုင်ငံတော်ပိုင် ခြံဝန်းခတ်ထားခြင်းလည်း မရှိသလို၊ ဆိုင်းဘုတ်အားဖြင့်လည်း ဒီနေရာက ဘယ်ဌာနပိုင်မြေဖြစ်တယ်လို့ တင်ထားတာလည်းမရှိဘူးပေါ့ ဗျာ။ အဲဒါကြောင့်လည်း ကျနော်တို့ ဝယ်ဖြစ်တာပါ။ အခုကျတော့ ဒီလိုတွေဖြစ်တာပေါ့”
စစ်ကောင်စီရဲ့ အမိန့်ကြောင့် သယ်ယူရခက်ခဲတဲ့ အိမ်အတွင်း ပရိဘောဂပစ္စည်းတွေကို ရရာစျေးနဲ့ ရောင်းပြီး အခန်းတစ်ခန်းငှားနိုင်ဖို့အတွက် ကြိုးစားနေရတယ်လို့ သူက ပြောပါတယ်။
ဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်ပြီး နေထိုင်တဲ့သူတွေ ဖြစ်ကြသလို မြေစာရင်းဌာနမှာ ခြံအမည်ပေါက် လျှောက်ထားဆဲ သူတွေလည်း ရှိနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
"အလွတ်မဲ့ဆို ကျွန်မတို့လည်း နေစရာဘယ်နေရာမှ မရှိဘူး။"
ဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ စက်ရုံအလုပ်သမားတွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းလာသူတွေနဲ့ ၂၀၀၈ နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းကနေ ပြောင်းရွေ့လာသူတွေလည်း ရှိပါတယ်။
ဒေါ်မာမာ (အမည်လွှဲ) ကတော့ ဖယ်ရှားပေးရမယ့်မြေနဲ့ အိမ်အတွက် ငွေကြေး ဒါမှမဟုတ် နေရာတစ်ခုခု ပြန်ရချင်တယ်လို့ RFA ကိုပြောပါတယ်။
“အလွတ်မဲ့ဆို ကျွန်မတို့လည်း နေစရာဘယ်နေရာမှ မရှိဘူး။ အဲတော့ အစားထိုး နေရာလေးပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်အိမ်ထောင်ကို ဘယ်လောက် လျော်ကြေးလေးပဲ ဖြစ်ဖြစ် အဲလိုပြန်ပေးရင်တော့ နည်းနည်းခံသာတာပေါ့။ စိတ်ကတော့ ညစ်နေတာမှ ပြောမနေနဲ့။ ကလေးတွေက ကျောင်းကတစ်ဖက်ကို စိတ်ညစ်ပြီးတော့ ဘာမှလည်း မလုပ်ချင်ဘူး။ အိမ်က အလုပ်လုပ်နေတဲ့ အိမ်ထောင်ဦးစီးကိုတောင် အလုပ်မသွားနဲ့ ဒီနားမှာ ဒီရက်တွေမှာ ဘယ်လိုအခြေအနေရှိလဲ။ ကိုယ်က ကလေးနှစ်ယောက်ဆိုတော့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူး။ အဲဒါကြောင့် အရှင်းဆုံးပြောရရင် လက်ရှိ အခြေအနေတောင် စားဝတ်နေရေးက အခက်အခဲဖြစ်နေတာ။ မပြောင်းခင်တောင် အခက်အခဲတွေက ဖြစ်နေပြီ”
စစ်ကောင်စီအဖွဲ့က အိမ်ကိုလာဖျက်တဲ့အခါ မပါသင့်တဲ့ပစ္စည်းတွေကို ထုတ်ပိုး သိမ်းဆည်းထားပေမယ့် ဘယ်နေရာကို ရွှေ့ပြောင်းမလဲဆိုတာကိုတော့ စဉ်းစားလို့ မရနိုင်သေးဘူးလို့ သူကပြောပါတယ်။
ဖယ်ရှားမိန့်ထုတ်ပြန်ခံထားရတဲ့ ဒီရပ်ကွက်ငါးခုကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကလည်း ပထမအကြိမ် ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီအချိန်ကလည်း နေအိမ်အချို့ ဖြိုဖျက်ပေးခဲ့ရပါတယ်။
နေအိမ်တွေ ဖယ်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ သီးခြားအမိန့်စာမှာတော့ ကျူးကျော် နေထိုင်မှုတွေကြောင့် အများပြည်သူ စိတ်ငြိုငြင် အနှောင့်အယှက် ဖြစ်စေတဲ့အပြင် အများပြည်သူ ကျန်းမာရေး (ဒါမှမဟုတ်) လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက် စေတာကြောင့် ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်ရတာလို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ လွန်ခဲ့တဲ့ ၂၀ နှစ်ကျော်ကတည်းက ခုတ်ထွင်ရှင်းလင်း နေထိုင်လာခဲ့တဲ့ ကိုမင်းမင်း (အမည်လွှဲ) ကတော့ သူတို့ဟာ ကျူးကျော်နေထိုင်သူတွေ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“သူတို့ဆီမှာ အဲလို လုပ်ပိုင်ခွင့်ရှိတာကို သူတို့လုပ်ပြီး စာရေးထားရင် ကျနော်တို့ လှည့်ကြည့်စရာ အကြောင်းမရှိဘူး။ အခုဟာက တော်ကြာတပ်ပိုင်ပြောလိုက်၊ စည်ပင်ပိုင်ပြောလိုက်၊ စက်မှုဇုန်မြေပြောလိုက်နဲ့ နည်းမျိုးစုံနဲ့ ဝင်နေတယ်။ ပိုင်ဆိုင်မှုဆိုတာ တစ်ဦးတစ်ယောက်ပဲ ရှိရမှာလေ။ အခုဟာက ဟိုလူပိုင်ဆိုင်တယ်ဆိုလဲ လာပြီးတော့ လုပ်လိုက်။ ဒီလူပိုင်ဆိုင်တယ်ဆိုပြီးတော့ လာပြီးလုပ်လိုက်။ ပိုင်ဆိုင်မှုဆိုတာ တစ်ဦးတစ်ယောက်တည်း ရှိရမှာမဟုတ်ဘူးလား”
သူအနေနဲ့တော့ ကျူးကျော်နေထိုင်တာ မဟုတ်တဲ့အတွက် အခုနေထိုင်နေတဲ့ အိမ်ကိုလည်း ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးလို့ ကိုမင်းမင်းကပြောပါတယ်။
ဖယ်ရှားဖို့ အမိန့်ထုတ်ခံထားရတဲ့ ရပ်ကွက်တွေဟာ ပြည်လမ်းနဲ့ အမှတ် (၃) လမ်းမကြီးကြားက အချက်အချာကျတဲ့ နေရာတွေဖြစ်ပါတယ်။
ရပ်ကွက်နေသူတွေကတော့ ဒီနေ့အထိ အိမ်တွေကို ဖျက်နေတာတွေ မရှိသေးသလို ဆက်လက် နေထိုင်ခွင့်ရဖို့အတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေထံကို အသနားခံတာနဲ့ ညှိနှိုင်းတာတွေလုပ်ဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။