မြန်မာကထွက်ပြေးရတဲ့ ကလေး ခြောက်ထောင်ကျော် အိန္ဒိယ မီဇိုရမ်မှာ စာသင်နေ
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီနေ့အထိ ချင်းပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ထီးလင်းမြို့နယ်တွေကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပေးခိုလှုံနေရတဲ့ ဒုက္ခသည် လေးသောင်းကျော်အထိ ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
- 2022-10-24
-
-
-
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီနေ့အထိ ချင်းပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ထီးလင်းမြို့နယ်တွေကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပေးခိုလှုံနေရတဲ့ ဒုက္ခသည် လေးသောင်းကျော်အထိ ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီစစ်ဘေး ဒုက္ခသည် လေးသောင်းကျော်ထဲ ကလေးငယ် ခြောက်ထောင်ကျော်ဟာ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေတယ်လို့ မီဇိုရမ် အစိုးရက The Hindu သတင်းဌာနကို စက်တင်ဘာ ၂၉ ရက်နေ့က ပြောဆိုထားပါတယ်။
"မြန်မာနိုင်ငံမှာပဲ အရင်လို ကျောင်းပြန်တက်ချင်တယ်"
ကလေးငယ်အခွင့်အရေးအရ အသက်ခြောက်နှစ်ကနေ ဆယ့်လေးနှစ်အရွယ်အထိ မီဇိုရမ်ပြည်နယ်မှာ ကျောင်းတက်ဖို့ ခွင့်ပြုတဲ့အကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် မြန်မာ ကလေးတွေကို စာသင်ကျောင်းတွေက လက်ခံလာကြတာလို့ ချင်းပြည်နယ် ဖလမ်းမြို့ ကနေ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ကျောင်းသားမိဘတစ်ဦးက RFA ကို ပြောပါတယ်။
"မြန်မာ ဒုက္ခသည် ကလေးတွေကို အထက်တန်း မဟုတ်ဘဲ မူလတန်းတွေကို တက်လို့ရတယ်ဆိုတာကို မိဇိုရမ် အစိုးရက ထုတ်ပြန်တဲ့ဟာရှိတယ်။ အဲဒီစာ ထွက်လာတဲ့နောက်ပိုင်းမှာတော့ တော်တော်များများက မြန်မာပြည်ကပြောရင် ဒီကကျောင်းအကုန်လုံးက လက်ခံတယ်။ ကျမတို့ဆိုရင် ဒုက္ခသည် ကဒ်မရှိဘူး။ ဒီမှာ အိမ်ငှားပြီး တော့နေတယ် ဒါပေမဲ့ ကလေးတွေ ကျောင်းတက်လို့ရတယ်"
အဲဒီလိုသင်ကြားနေကြတဲ့အထဲမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ဟုန်းအောင်ဟုန်းလည်း တစ်ဦး အပါအဝင်ပါ။
မီဇိုရမ်ပြည်နယ်က စာသင်ကျောင်းတွေဟာ မီဇို ချင်းဘာသာစကားနဲ့ သင်ကြားတာကြောင့် ဒေသိယ ဘာသာစကား မတူတဲ့အတွက် အခက်အခဲရှိတယ်လို့ မောင်ဟုန်းအောင်ဟုန်းက RFA ကို ပြောပါတယ်။
"မင်းတပ်မှာ စစ်ပွဲတွေစဖြစ်တော့ စစ်ရှောင်ရင်းနဲ့ မီဇိုရမ်ကို ရောက်တာဖြစ်ပါတယ်။ ဒီမှာကျောင်းတက်တာ အဆင်ပြေပါတယ်။ ဘာသာစကားအခက်ခဲကလွဲရင် ဒီမှာက မီဇို စကားနဲ့ စာတွေရှင်းပြတဲ့ခါကျတော့ နားမလည်လိုက်တဲ့ဟာ အများကြီးရှိတယ်။ ချင်းပြည်က ဆွေမျိုးတွေကို လွမ်းတယ်၊ မြန်မာပြည်က ကျောင်းနေဘက် သူငယ်ချင်း တွေရော လွမ်းတယ်။ မြန်မာနိုင်ငံမှာပဲ အရင်လို ကျောင်းပြန်တက်ချင်တယ်"
ဘာသာစကားအခက်အခဲကြောင့် ကျောင်းသားအများစု စာမေးပွဲကျတာတွေလည်း ကြုံရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဒါကြောင့် စာမေးပွဲကျတဲ့ ကလေးတွေကို စိတ်ဓာတ်မကျဖို့ အမြဲအားပေးနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးကီးမောင်းက ပြောပါတယ်။
"ကျနော်တို့ စစ်ဘေးရှောင်နေတဲ့ ကလေးတွေက ဒီဘက်က မီဇိုရမ်တွေရဲ့ ပညာရေး ပေါ့ဗျ။ အဲဒီမှာတက်ရတယ်။ ဒါပေမဲ့ မီဇိုဘာသာရပ်ပိုင်းမှာ တော်တော်လေး အခက်ခဲရှိတယ်။ ကျောင်းသားတွေကလေး သူတို့စာပေကို အခုမှပဲ လေ့လာနေတဲ့အခါ ကျတော့ စားမေးပွဲဖြေတိုင်းဖြေတိုင်း ရှုံးကြတယ်။ တချို့တွေဆိုရင် သုံညအထိ တစ်မှတ်၊ နှစ်မှတ် အဲလိုတွေရတယ်။ တော်တော်လေး မီဇိုစကားနဲ့ မနီးစပ်တဲ့အဖွဲ့က လေ့လာ ကြိုးစားနေရတယ်"
မီဇိုရမ်ပြည်နယ်မှာ ပညာသင်ကြားနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က အသက် ၁၁ နှစ်အရွယ် Grade 5 ငါးတန်းကျောင်းသူ မရှင်းရှင်းကတော့ ကျောင်းစတက်စဉ်ကြောင့် ဘာသာစကားအခက်အခဲကြောင့် စာကိုနားမလည်ပေမယ့် အခုနောက်ပိုင်းမှ နားလည်လာတယ်လို့ ပြောပါတယ်။
"ရွာဘက်က စစ်သားတွေလာတော့ ဘယ်လိုမှနေလို့ မရတော့ဘူး။ အဲဒါနဲ့ မိသားစုနဲ့ အတူ ဒီဘက်ကိုစစ်ရှောင်တာဖြစ်ပါတယ်။ ကျောင်းမှာက မီဇိုလိုပဲ စာသင်ရတာဆိုတော့ အကုန်လုံး နားမလည်နိုင်ဘူး။ အခုတော့ နည်းနည်းနားလည်လာတယ်။ ကိုယ့်နိုင်ငံပဲ ပြန်ချင်တယ်။ မြန်မာပြည်က သူငယ်ချင်းတွေနဲ့အတူ အရင်တုန်းကလို ကျောင်းတက် ချင်တယ်"
မရှင်းရှင်းဟာ မီဇိုရမ်ပြည်နယ်၊ Mamit ခရိုင်၊ ဒပ်ချွတ်ခ် (Dapchhuah) ဒုက္ခသည်စခန်းမှာ မိသားစုနဲ့အတူ နေထိုင်နေရပေမယ့် မွေးရပ်မြေကိုသာ ပြန်လွမ်းမိတယ်လို့ ပြောပါတယ်။
အိန္ဒိယပြည်နယ် မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ မီဇို တိုင်းရင်းသားတွေဟာ ချင်းပြည်နယ် က ဇိုမီး ချင်းတိုင်းရင်းသားတွေနဲ့ လူမျိုးစု တစ်စုတည်းဖြစ်တာကြောင့် ချင်းပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မီဇိုရမ် ပြည်နယ်အစိုးရက လက်ခံထားပြီး တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတစ်ပါးနိုင်ငံမှာ သူတို့အားလုံး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စအပြင် ဘာသာစကားအခက်အခဲနဲ့ပါ ကြုံတွေ့ နေကြရတာပါ။
ဒီလိုအခက်အခဲတွေကြောင့် မီဇိုရမ်ပြည်နယ်ရောက် မြန်မာဒုက္ခသည်တွေဟာ နေရပ်ကို အမြန်ဆုံးပြန်လာဖို့ မျှော်လင့်နေကြပေမယ့် လက်တွေ့မှာတော့ နိုင်ငံရေး မတည်ငြိမ်မှု၊ စားဝတ်နေရေးအခက်အခဲနဲ့ ချင်းပြည်နယ် နေရာအနှံ့မှာရှိနေတဲ့ မြေမြှုပ်မိုင်းအန္တရာယ် တွေကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးဟာ ခက်ခဲနေဆဲဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့ ပြောဆိုချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးအထိ ရှိနေပါတယ်။