သတင်းထောက်နှစ်ဦး ဖမ်းဆီးရိုက်နှက်ခံရမှုကို အမှုဖွင့်

2019.02.26

 

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၂ဦးကို သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့မနက်မှာ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ အပါအဝင် ၆ဦးကို အရေးယူပေးဖို့ ကိုယ်ထိလက်ရောက်ပြုမူခံရတဲ့ သတင်းထောက် မွန်းမွန်းပန် က ဝိုင်းမော်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ တင်ပြထားပါတယ်။

မနေ့ကထုတ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှာ "မှန်ဒေါင်းကျေးရွာအုပ်တွင် တရုတ်တစ်ရှူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီ နှစ်ခု ဝင်ရောက်လုပ်ကိုင်နေ" ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး သခင်စစ် ကုမ္ပဏီ ဥက္ကဋ္ဌက ရှင်းပြစရာရှိတယ်လို့ဆိုကာ ဂျာနယ်တိုက်ကို ဒီနေ့မနက်က လာရောက်ပြီး သတင်းထောက်နှစ်ဦးကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
 
ကုမ္ပဏီက ကား၂စီးနဲ့ လူ ၅ ဦးက လာရောက်ခေါ်ဆောင်ရာမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မွန်းမွန်းပန်နဲ့ အိုက်ကျဲ တို့နှစ်ဦး လိုက်သွားတာဖြစ်ပါတယ်။
 
အဲဒီလိုခေါ်ဆောင်သွားပြီးနောက် ချုပ်နှောင်ခံရတာတွေနဲ့ ပတ်သက်လို့ သတင်းထောက် မွန်းမွန်းပန်က အခုလိုပြောပါတယ်။
 

"ရုံးက ဆရာနဲ့ ဖုန်းပြောနေတဲ့အချိန်မှာ ကျွန်မကို လှမ်းဆွဲနေပြီးဆိုပြီး ကျွန်မကို ဒီလိုမျိုး လုပ်လို့မှမရတာလို့ ဘာဖြစ်လို့ အဲလိုမျိုး လှမ်းဆွဲလည်းမသိဘူးလို့ ပြောလိုက်တဲ့အချိန်ကျတော့ နင့်ကို ဘာမှမလုပ်ဘူးတဲ့၊ နင်ဒီမှာ ပဲထိုင်နေတဲ့ ဒီမှာပဲထိုင်ပြီးတော့ ပြောစရာပဲရှိတာလို့ ဒါဆိုရင် ကျွန်မထိုင်ပေးမယ်လို့ ကျွန်မကို ဒီလိုမျိုးမလုပ်နဲ့လို့ ပြောလိုက်တဲ့ အခါကျတော့ သတင်းစာကြီးကိုင်ပြီးတော့ ဒီမှာလေ နင်ဒီမှာရေးထားတာမတွေ့ဘူးလား ဆိုပြီးတော့ သတင်းစာကြီးကိုင်ပြီး ရိုက်ပြီးပေးတာ အဲမှာ ကျွန်မ နားတောင်အူသွားတယ်၊ ပါးတွေလည်း နာသွားတာလေ၊ ပြီးလို့ရှိရင် ကျွန်မကိုလေ ရစရာမရှိအောင်ဆဲပြီးတော့ သူတို့ကုမ္ပဏီဘက်က ငှက်ပျော တစ်ပင်တွေ့ရင် နင်တို့ကို လွှတ်ပေးမယ်တဲ့ ငှက်ပျောမတွေ့ရင်တဲ့ နင်တို့ကို ပြန်မလွှတ်ပေးဘူးတဲ့"

 
သတင်းထောက် အိုက်ကျဲကလည်း အခုလိုပြောပါတယ်။
 
"ကျွန်တော်ကို သတင်းဘယ်သူရေးတာလည်း ဆိုပြီးမေးတော့ ကျွန်တော်ရေးတာမဟုတ်ဘူး၊ မမွန်းမွန်းပန် ရေးတာဆိုပြီးပြောတော့ သူက အဲဒါဆိုဟုတ်ပြီတဲ့ ခင်ဗျားဒီကနေထွက်သွားတဲ့ အဲဒါနဲ့ သူဌေးကနေပြီး ကျွန်တော်ကို မျက်နှာခြင်းဆိုင်က ဟိုဘက်ခြံကို ခေါ်သွားလိုက်ဆိုပြီး သူ့လူတွေကို ပြောတယ်၊ အဲဒီမှာ ကျွန်တော်ကို ထွက်မပြေးသွားအောင် ခေါ်သွားပြီးတော့ တခြားခြံကိုခေါ်သွားတယ်၊ ကျွန်တော်နဲ့အတူ ခြံထဲမှာ ၂ ယောက်ရှိတယ်၊ ခြံအပြင်မှာလည်း ၂ ယောက်က စောင့်နေတယ်၊ ဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကို ဂျာနယ်က ဂရုချက်ထဲကို ပို့လိုက်တာ အဲဒီမှာ အယ်ဒီတာချုပ်ကလည်း တင်လိုက်တော့ တင်လိုက်တာကို သခင်စစ်ကုမ္ပဏီက လူတွေက မြင်သွားတဲ့အခါမှာ ဒါဘယ်သူတင်တာလည်းပေါ့ နင်ပဲဖြစ်မှာပါဆိုပြီးပြောတော့ ကျွန်တော်ကလည်းဟုတ်တယ်ပေါ့ ကျွန်တော်ပို့လိုက်တာပေါ့၊ အဲဒါဆို ထိုင်ထ အခါ ၁ သိန်းလုပ်ရမယ်ပေါ့၊ မလုပ်ရင် မပြန်ရဘူးလို့ပြောတယ် အဲဒါနဲ့ ကျွန်တော်လည်းလုပ်မယ်ပေါ့ ထိုင်ထ အခါ ၁ သိန်း မပြည့်ခင် သုံးရာလောက်မှာ ဟုတ်ပြီတဲ့ ထိုင်တော့တဲ့"
 
ဒီသတင်းကြောင့် ကုမ္ပဏီကို လိုက်သွားတဲ့ အိုက်ကျဲ ရဲ့ မိခင် ဒေါ်ဒေါင်နော က
 
"ကျွန်မသားက မဟုတ်မမှန်တဲ့ သတင်းတွေလွှင့်လို့ဆိုပြီး ကုမ္ပဏီဘက်က ပြောတယ်၊ အဲအတွက် ဂုဏ်သိက္ခာကို ဘယ်လိုဆယ်ပေးမလည်းဆိုပြီး မေးတယ်၊ အဲဒါနဲ့ ကျွန်မကပြောတာပေ့ါ ကျွန်မသားကတော့ မသိလို့ပေါ့၊ အခုမှသူက သတင်းလုပ်ခါစ ၂ လ၊ ၃ လလောက်ပဲရှိသေးတယ်၊ မသိလို့ ဒါမျိုးဖြစ်သွားတာပါပေ့ါ၊ နောက်နောင် ဒီလိုမဖြစ်အောင် ပြောပေးပါမယ်ပေါ့၊ တောင်းပန်ခဲ့ပါတယ်၊ လောပန်းကပြောခဲ့တယ် သူ့ရဲ့ လုပ်အားခ ၁ ရက်စာ သိန်း ၅၀ လျှော်ပေးမှ မင်းတို့သားကို လွှတ်မယ်ဆိုပြီး ပြောခဲ့တာဟုတ်တယ်၊ အဲနောက်မှ မြစ်ကြီနား သတင်းထောက်နဲ့ ရဲတွေဝင်လာခဲ့တာ သိရပါတယ်၊ ကျွန်မသား အိုက်ကျဲနဲ့ သတင်းထောက် အမျိုးသမီး မွန်းမွန်းပန်တို့ကို ရဲစခန်းကိုခေါ်သွားတာ သိရပါတယ်၊ အဲဒါနဲ့ ကျွန်မလည်း စိတ်ပူလို့ ရဲစခန်းထိ လိုက်ခဲ့တာပါ"

 
သခင်စစ် ကုမ္ပဏီဟာ တစ်ရှူးဌက်ပျော စိုက်ပျိုးတယ်ဆိုတယ်ဆိုပြီး မဟုတ်မမှန်ရေးသားထားတဲ့အတွက် ခေါ်ယူရတာဖြစ်တယ်လို့ သခင်စစ် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
 

"သတင်းရေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ခေါ်တဲ့အခါမှာ သူတို့ကနေပြီးတော့ နားလည်မှုတွေ ပြန်လွဲ၊ အဲလိုမျိုးတွေ ဖြစ်ကုန်တာပေါ့၊ ကနဦးကတော့ သူတို့က ကျွန်တော်တို့ ကုမ္ပဏီကို သတင်းအမှားတွေ ရေးလိုက်တာပေါ့၊ ဘယ်အချက်ကလည်းဆို သတင်းခေါင်းစဉ်နဲ့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ လုံးဝကို မကိုက်တာပေါ့၊ တစ်ရှူးငှက်ပျောစိုက်ထားတယ်ဆိုပြီး ရေးထားတာ ကျွန်တော်တို့ မန်နေဂျင်းဒါရိုက်တာကနေပြီးတော့ ငှက်ပျောတစ်ပင် တာဝန်ယူတယ်ပေါ့ အဲလိုမျိုးပြောတာ တစ်ရှူးငှက်ပျောမစိုက်ဘူး လုံးဝ မစိုက်ထားဘူး၊ ဘယ်သူ့ကိုဖြစ်ဖြစ် မေးလို့ရတယ်"
 
အဲဒီလို သတင်းထောက်နှစ်ဦးကို ချုပ်နှောင်ထားတာတွေနဲ့ ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတွေက ဝိုင်းမော်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ကုမ္ပဏီရုံးခန်းကို သွားပြီး သတင်းထာက်နှစ်ဦးကို ပြန်လည်ခေါ်ယူခဲ့တာလို့သိရပါတယ်။
 
အဲဒီလို ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေကြောင့် ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ သခင်စစ်ကုမ္ပဏီကို အရေးယူပေးဖို့ မြစ်ကြီးနား သတင်းဂျာနယ်တာဝန်ရှိသူတွေက အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်ရှင်။

 

 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။