အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ကန့်ကွက်ပွဲ

အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်ကို မပယ်ဖျက်ရင် ဆန့်ကျင်ကန့်ကွက်မှုတွေ အရှိန်မြင့်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာ့အမျိုးသားရေးကွန်ရက်က ပြောလိုက်ပါတယ်။

 

■ အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်ကို မပယ်ဖျက်ရင် ဆန့်ကျင်ကန့်ကွက်မှုတွေ အရှိန်မြင့်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာ့အမျိုးသားရေးကွန်ရက်က ပြောလိုက်ပါတယ်။

တောင်ဒဂုံမြို့နယ် မကွေးကျောင်းတိုက်မှာ ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ကန့်ကွက်ပွဲ အကြောင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်အား ကန့်ကွက်ရှုတ်ချပွဲကို ဒီကနေ့ ရန်ကုန်မြိုမှာရှိတဲ့ မကွေးပရိယတ္တိစာသင်တိုက်မှာ ဆရာတော်ဦးပါမောက္ခနဲ့ မြန်မာ့အမျိုးသားရေးကွန်ရက်က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ဒီရှုတ်ချပွဲမှာ မြန်မာအမျိုးသားရေးကွန်ရက် အတွင်းရေးမှူး ကိုနောင်တော်လေးက လွှတ်တော်အမတ်တွေအနေနဲ့ ကိုယ့်သားသမီးအရွယ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ကြီးနဲ့ မမြင်စေချင်ရင် တိုင်းသူပြည်သား ကလေး သူငယ်တွေ ဒုက္ခရောက်မယ့်ဥပဒေမျိုး လုံးဝမပြဌာန်းဖို့နဲ့ အလေးမထားဘူးဆိုရင် ဆန့်ကျင်ကန့်ကွက်မှုတွေကို အရှန်ဟုန်မြင့် လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

ဒီကနေ့ပွဲမှာ မြန်မာ့အမျိုးသားရေးကွန်ရက်ကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ထဲမှာ ပညာသင်ကြား ရမယ့်အရွယ် ကလေးသူငယ်တွေကို ကာမဘီဘူးတို့ရဲ့ အသုံးတော်ခံအဖျော်ဖြေခံဘဝမျိုး၊ အတိဒုက္ခဆိုးကြုံမယ့် အဖြစ်မျိုး ဖန်တီးရာရောက်နေတဲ့ပြဌာန်းချက်ဖြစ်လို့ အဲဒီပြဌာန်းချက်ကို ကလေးသူငယ်များဆိုင်ရာဥပဒေမှ ထုတ်နုတ်ဖယ်ရှားပေးဖို့ တောင်းဆိုကြောင်း ပါဝင်ပါတယ်။

ကန့်ကွက်ပွဲကို ဦးဆောင်ပြုလုပ်တဲ့ မကွေးကျောင်းတိုက်ဆရာတွေ ဦးပါမောက္ခက အခုလိုလုပ်တာ ပဏာမဖြစ်ပြီး ကန့်ကွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ပြောပါတယ်။

လွှတ်တော်ထဲကအမတ်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူတွေရဲ့ဘဝတွေအပေါ် မူတည်နေလို့ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဆုံးဖြတ်ပေးဖို့မေတ္တာရပ်တယ်လို့ လွှတ်တော်အမတ်ဟောင်း အမျိုးသားရေးဆောင်ရွက်သူ ဒေါ်ခင်ဝိုင်းကြည် ကဆိုပါတယ်။

ပြည်သူ့လွှတော်ရဲ့ အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်အပေါ်မှာ မကွေးသီလရှင် စာသင်တိုက်ရဲ့ ကျောင်းသူ မနှင်းနွယ်ဦးက ပြောပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မူလဥပဒေကြမ်းမှာတော့ လက်ထပ်ထိမ်းမြားနိုင်တဲ့အသက်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ် ရမယ်လို့ ပါရှိတာဖြစ်ပြီး ထိမ်းမြားခြင်း စာချုပ်ချုပ်ဆိုရင် ပဋိညာဉ်ပြုနိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org