ပဲခူးတိုင်းက စစ်ဘေးဒုက္ခသည်တွေ မဲဆောက်မြို့မှာ ရောက်ရှိ

စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို ထွက်ပြေးရောက်ရှိလာသူတွေထဲ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်က ဒေါ်တင်စိန်လည်း ပါဝင်ပါတယ်။
အသက် ၇၄ နှစ်အရွယ် ဒေါ်တင်စိန်က သူ့တစ်သက် တစ်ခါမှ မကြုံဖူးခဲ့တဲ့ ကြောက်ရွံ့စိုးရိမ်ရတဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။
“ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့အရှေ့ဖက် ကျောင်းစိုးကျေးရွာ လေယာဉ်ပျံတွေနဲ့ ဗုံးကြဲလို့ ထွက်ပြေးလာခဲ့တာ၊ လေယာဉ်ပျံကြီးတွေနဲ့ အပေါ်ကနေ ကြဲတာ၊ ပစ္စည်းရှိသမျှအကုန် ထားခဲ့ရတယ်၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာခဲ့ရတာ၊ အသက် ၇၄ နှစ် တစ်ခါမှ မကြုံခဲ့ဖူးဘူး၊ လန့်တောင်မှ လန့်တယ် ကိုယ်က တစ်ရွာလုံးဘယ်သူမှ မရှိတော့ဘူး ပြာကျကုန်ပြီ ရွာမှာက’’
အဲဒီကျောင်းစိုးရွာဟာ လူနှစ်သောင်းနီးပါးနေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေ ၈၀၀ ရှိပါတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။
ကျောင်းစိုးအပြင် နရွဲပင်၊ တင်နှီးကောင်း၊ ထိန်တောနဲ့ ကင်ပုန်းခြုံ စတဲ့ ရွာငါးရွာက ဒေသခံ ၅၆ ယောက်ဟာ မဲဆောက်မြို့က ဆွေမျိုးတွေဆီ စစ်ဘေးဒုက္ခသည်တွေအဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာ လကုန်ပိုင်းကစပြီး ထွက်ပြေးလာကြပါတယ်။
ဒေါ်တင်စိန်ရဲ့သမီး မစုစုလှိုင်ဟာ မိသားစု ငါးယောက်နဲ့အတူ မဲဆောက်မြို့က အစ်မဖြစ်သူဆီ စစ်ဘေးဒုက္ခသည်တွေအဖြစ် ပြီးခဲ့တဲ့ဇန်နဝါရီ ၅ ရက်နေ့က ရောက်လာကြတာဖြစ်ပြီး အလုပ်မရသေးလို့ ဝင်ငွေလည်း မရှိပါဘူး။
“ဗုံးတွေနဲ့ကြဲတာ၊ ကျွန်မတို့လည်း ဘယ်ပြေးလို့ပြေးရမှန်း မသိဘူး၊ အဲဒါနဲ့ အမေတို့အဖေတို့ကိုအရပေါ့၊ ကျွန်မသားလေးကျတော့လည်း ကျွန်မယောက်ျားက ဂုတ်ပေါ်တင်ပြီး အဖေ့ကိုတွဲ၊ ကျွန်မကလည်း အမေ့ကိုဆွဲပြီး ဒီဘက်ထဲကို ပြေးလာရတာ၊ ကြဲနေတာတော့ ဟိုဖက်ကမ်း ဒီဖက်ကမ်း လှမ်းလှမ်းကြဲနေတာပဲ၊ နောက်မှ ကိုယ့်ရွာကို ထိသွားတာ၊ အခုက သတင်းကြားတာက ကုန်ပြီတဲ့၊ အိမ်က နွားတွေလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ဘူး။ တိရိစ္ဆာန်တွေလေ၊ ပြောမယ်ဆိုရင် ဘာမှရှိတော့ဘူး၊ ဘာမှကို မရှိတော့ဘူး၊ ဘယ်လိုလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ဘူး၊ ဒီရောက်တော့လည်း ကိုယ့်မှာ လုပ်ငန်းမရသေးဘူးလေ၊ သူဌေးတစ်ယောက်ကို အစ်မက သွားပြောထားတော့ အဲဒီအိမ်မှာပဲ နေရတယ်’’
သူ့ရွာက အိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ရှောင်တိမ်းနေကြရတယ်လို့လည်း ကျောင်းစိုးရွာသား ဦးကျော်လွင်က ပြောပါတယ်။
“လေယာဉ်နဲ့ ကြဲတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ရွာထဲကိုကျလို့ ကျွန်တော်တို့ရွာထဲမှာ ရှိတဲ့အချိန်မှာ လေယာဉ်နဲ့ ၂၆ ရက်နေ့က ၃ ခါလောက် လေယာဉ်နဲ့ ကြဲတယ်၊ စစ်တပ်ကလည်း ရွာထဲကိုလှမ်းထုတယ် ကျတယ် ကျွန်တော့်ယောက္ခမအိမ် ထိတယ် ပျက်စီးသွားပါတယ်၊ ရွာထဲမှာလည်း တစ်ယောက်မှ မရှိတော့ဘူး။ မနေရဲတော့ဘူး။ ပဲနွယ်ကုန်းမြို့ကို ခဏရှောင်ပြေးနေရတယ်၊ ခဏပဲနောက်ပိုင်း ပစ်တဲ့သူက ပစ် ကြဲတဲ့သူက ကြဲ။ ကျွန်တော်တို့ မနေရဲတော့လို့ ဒီကို ညီမတွေကလှမ်းခေါ်လို့ ညီမတွေဆီ ခေတ္တခဏ လာနေရတာပါ’’
မဲဆောက်မြို့မှာ ပြန့်ကြဲရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ခက်ခဲနေကြလို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အဖွဲ့က ဇန်နဝါရီ ၁၈ ရက်နေ့မှာ စားသောက်စရာတွေနဲ့ ခြုံစောင်တွေ ဝေမျှပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးအနှံ့လိုလို ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ကျား၊ မ အရွယ်ပေါင်းစုံဟာ ဒုက္ခပေါင်းစုံနဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ပြန့်ကြဲရောက်ရှိနေကြ ပါတယ်။
သူများနိုင်ငံမှာ ဒီဒုက္ခသည်တွေ အားကိုးရာမဲ့နေလို့ အလှူရှင်တွေဆီကနေတစ်ဆင့် ကူညီထောက်တယ်လို့ ဘာသာပေါင်းစုံကွန်ရက်အဖွဲ့ရဲ့ ခရစ်ယာန်ကက်သလစ် ဘုန်းတော်ကြီး ဖာသာ ကလဲမင့်က ပြောပါတယ်။
"အခုလို ကိုယ့်တိုင်းပြည်ကလူတွေ ခုလိုဒုက္ခရောက်နေတာကို မြင်ရတော့ စိတ်ထဲမှာလုံးဝကို မကောင်းဘူး၊ ဖြစ်လည်း မဖြစ်စေချင်ဘူး၊ ဒုက္ခဆိုတာ ကြီးကြီးသေးသေး ဘယ်သူမှ မလိုချင်ကြဘူး၊ ဖြစ်နိုင်ရင် ဖာသာတို့က ဥုံဖွလုပ်ပြီးတော့ သူတို့ရပ်ရွာကို ပြန်စေချင်တဲ့ဆန္ဒ အပြည့်အဝရှိတယ်၊ ပြီးတော့ သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို မရှိအောင်တော့ လုပ်ပေးချင်တယ် ဒါပေမဲ့ မတတ်နိုင်ဘူးပေါ့နော်၊ အခုရောက်နေကြတဲ့ ဖာသာတို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အထူးသဖြင့် နယ်စပ်ဒေသမှာ ပြန့်ကြဲပြီးတော့မှ ဖာသာတို့ မြန်မာနိုင်ငံက ဒုက္ခသည်တွေလည်းပဲ ဒီဒုက္ခ ဒီဝဋ်ကြွေးကနေ အမြန်ဆုံးကင်းလွတ်ပါစေလို့ နေ့စဉ်ရက်ဆက် ဆုတောင်းပေးပါတယ်လို့ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကြီးကို အမြန်ဆုံး တည်ဆောက်ကြမယ်လို့ ဆုတောင်းမေတ္တာ ပို့သပေးပါတယ်’’
တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးလာကြရသလိုပဲ စစ်မှုထမ်းဖို့ လူစုခိုင်းနေတဲ့အတွက် အရွယ်ရောက်ပြီးတဲ့ ယောက်ျားလေးတွေလည်း စစ်ဘေးဒုက္ခသည်တွေလိုပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောကြပါတယ်။
ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါး နဲ့ မုန်းမြို့နယ်တွေက စစ်ဘေးဒုက္ခသည်စုစုပေါင်း ၁၁၆ ယောက်ကို ထောက်ပံ့ကူညီပေးခဲ့ပြီး နောက်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဘာသာပေါင်းစုံကွန်ရက်အဖွဲ့က ပြောပါတယ်။