ဆင်းရဲနွမ်းပါးသူတွေကို ကူညီနေတဲ့ ပရဟိတသမား

ရုပ်ရှင်ဇာတ်ပို့သရုပ်ဆောင် ပရဟိတသမား ကိုထွန်းမင်းဟာ ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ထမင်းတစ်နပ်တောင် နပ်မှန်ဖို့အရေး ရုန်းကန်နေကြရတဲ့မိသားစုတွေ၊ ဆင်းရဲလို့ ဆေးမကုနိုင်သူတွေ၊ တစ်ကိုယ်ရေ မိခင်တွေ၊ စားဝတ်နေရေးခက်ခဲနေတဲ့ ကလေးနဲ့သက်ကြီး ရွယ်အိုတွေကို ပြည်တွင်း၊ ပြည်ပ အလှူရှင်ရှာပြီး ပြန်ကူညီနေပါတယ်။

ဆင်းရဲနွမ်းပါးသူများအား ကူညီနေသည့် ပရဟိတသမား ကိုထွန်းမင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။

"အခုဆိုရင်တော့ မနက်ဆိုရင် အစောကြီး ခုနစ်နာရီလောက်ဆိုရင် အိမ်ကထွက်ပြီ။ ခုနစ်နေရာ၊ ရှစ်နေရာပေါ့နော်၊ တောက်လျှောက် လှူတယ်။ သူတို့ဆီက ပီတိစကားသံလေးကြားပြီဆိုရင် ကျွန်တော် ပင်ပန်းတာတွေ အကုန်ပျောက်သွားပြီ။ ကျွန်တော့် ရည်ရွယ်ချက်က အဲဒါပေါ့နော်။ ကိုယ့်ကြောင့် အခက်အခဲဖြစ်တဲ့သူတွေ၊ အောင်မြင်တာ၊ ပျော်ရွှင်တာ၊ လုံခြုံသွားတာမြင်ရင် ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ရလဒ်ပဲပေါ့နော်။ ကျွန်တော်အရမ်းကို ပျော်ရွှင်မှုရတယ်”

ရုပ်ရှင်တွေမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် လုပ်နေတဲ့ ကိုထွန်းမင်း ပြောပြနေတာပါ။ သူက ရန်ကုန်တိုင်း တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တွေက ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆင်းရဲနွမ်းပါးတဲ့ သူတွေ၊ ငွေမရှိလို့ ရောဂါမကုနိုင်သူတွေ၊ ခိုကိုးရာမဲ့ မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို နေ့တိုင်းကူညီနေတယ်လို့ ဆိုပါတယ်။

"ကိုထွန်းမင်းလို ပုံစံမျိုး လိုကိုလိုအပ်တယ်။ သူက မရှိတဲ့သူတွေ အကုန်လုံးအတွက် Hero (သူရဲကောင်း) ပဲ”

၂၀၁၉ ခုနှစ်ကနေ အခုထိ လေးနှစ်ကျော်အတွင်း ကျပ်သိန်းတစ်သောင်းကျော် လှူဒါန်းခဲ့ပြီးပြီလို့ ပြောပါတယ်။ အဲဒီထဲမှာ နေစရာမရှိတဲ့သူတွေအတွက် အိမ်အလုံးရေ ခြောက်ဆယ်ကျော်၊ စားဝတ်နေရေးနဲ့ ဆေးကုဖို့ခက်နေတဲ့သူတွေအတွက် ငွေသားချည်းပဲ ကျပ်သိန်း ခုနစ်ထောင်ကျော် လှူပြီးပြီဖြစ်သလို၊ ဆန်၊ ဆီ၊ ကြက်ဥစတဲ့ စားသောက်ကုန်က ကျပ်သိန်း သုံးထောင်ကျော်ဖိုးလှူပြီးပြီလို့ ပြောပါတယ်။

တကယ်တော့ အဲဒီအလှူတွေက သူ့ကိုယုံကြည်လို့ ပြည်တွင်းကရော၊ ထိုင်း၊ အမေရိကန်နဲ့ မလေးရှားနိုင်ငံတွေ အပါအဝင် ပြည်ပရောက်နေတဲ့မြန်မာတွေကပါ ကူညီလှူဒါန်းတာလို့ ကိုထွန်းမင်းက ပြောပြပါတယ်။

“နောက်က အလှူရှင်တွေရှိလို့ ဒီအိမ်ဆိုတာလည်း ဖြစ်လာတာ။ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ ကျွန်တော်က ကူညီပေးရုံ သက်သက်ပေါ့နော်။ ကျွန်တော် အဲဒီပီတိလေးပဲ လိုချင်တာပေါ့နော်။ အဲဒါတွေကလည်း အဲဒီပီတိ ဖြစ်အောင်လုပ်ပေးတာကလည်း အလှူရှင်တွေကြောင့် ဖြစ်လာတာ”

ကိုထွန်းမင်းက သူတို့အတွက် မရှိမဖြစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် (က) ရပ်ကွက်မှာနေတဲ့ အသက် ၃၀ အရွယ် ကိုမျိုးဇင်က ပြောပါတယ်။

“ဒါ ကိုထွန်းမင်း ဆောက်ပေးထားတဲ့ တဲလေးပါ။ ဆောက်ပြီး ပေးသွားတယ်။ နောက်ပြီးတော့ သူ့ရဲ့ စားဖို့၊ သောက်ဖို့ စရိတ်ကအစ သူကရှိသမျှ အလှူငွေရရင် အကုန်လာပေးထားတယ်။ ကိုထွန်းမင်းလို ပုံစံမျိုး လိုကိုလိုအပ်တယ်။ သူက မရှိတဲ့သူတွေ အကုန်လုံးအတွက် Hero (သူရဲကောင်း) ပဲ”

မရမ်းကုန်းမြို့နယ်က အသက် ၃၉ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းက ကလေးနှစ်ယောက်နဲ့ လက်ရှိမှာ ကိုယ်ဝန်ဆောင် မိခင်ပါ။ သူလည်း စားဝတ်နေရေး ခက်ခဲနေတဲ့အချိန်မှာ ကိုထွန်းမင်းတို့အဖွဲ့ လာကူညီလို့ အတော်လေး ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။

“အဲလောက်ထိ လာလှူမယ်လို့ မကြီး မထင်ထားဘူး။ သူများတွေက ပြောတယ်။ နင့်ကို ဘယ်သူမှာ အဲလိုမျိုး လာလှူမှာမဟုတ်ဘူးလို့ ပြောလို့။ ထိုင်ရှိခိုးမတတ်တောင် ကျေးဇူးတင်တယ် မကြီးကတော့။ ဘယ်လိုပဲဖြစ်ဖြစ် မကြီးရဲ့ အခက်အခဲတွေကို လာပြီးတော့ကူညီပေးလို့ အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့။ ဒီထက်မကလည်း သူများတကာတွေကို အများကြီး ကူညီနိုင်ပါစေလို့ ဆုတောင်းပေးတယ်”

ထောက်ကြန့်မြို့၊ ကူကြီးကုန်းရပ်ကွက်က အသက် ၆၇ နှစ်အရွယ် ဒေါ်မြင့်ကတော့ ၂၀၀၈ နာဂစ် မုန်တိုင်းအတွင်းမှာ သူ့ရဲ့ သမီး မျက်လုံးကွယ်ခဲ့ရပါတယ်။ ဒုက္ခိတသမီးရော မြေးတွေနဲ့ပါ ထမင်းစားရဖို့ ဘုန်းကြီးကျောင်းက ဆွမ်းလက်ကျန်နဲ့ ရပ်ကွက်ကို အားကိုးနေရတဲ့သူပါ။ အခုတော့ ကိုထွန်းမင်း လာကူညီတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

“ခွက်ဆွဲပြီး မတောင်းရတစ်မယ်ပဲရှိတယ် အဘွားတို့က။ ဈေးထဲကိုထွက်သွားတယ် ဟိုလူကကျွေး၊ ဒီလူကကျွေး အဲဒါလေးနဲ့ အဘွားတို့က စားသောက်နေနိုင်တာ။ ဒီလို ကိုယ့်ရဲ့မိခင်က မွေးထုတ်တဲ့ မိသားစုတောင်မှပဲ ကိုယ့်ရှိကိုယ့်စား၊ ကိုယ့်မရှိ ဝှက်ထား၊ ဟုတ်လား။ အခုလို သူစိမ်းဘာမှ သွေးမတော်၊ သားမစပ်ဘဲ လာပြီးကူညီတာကိုလေ အဘွားက အတိုင်းမသိ တော်တော်ဝမ်းသာတယ်”

ဒဂုံဆိပ်ကမ်းမြို့နယ်က အသက် ၁၉ နှစ်အရွယ် မသဇင်ထွန်းနဲ့ သူ့အောက်က ညီအစ်မနှစ်ယောက်ကတော့ သူတို့ ပြီးခဲ့တဲ့ လပိုင်းလောက်က မိခင်ဆုံး သွားပြီး၊ ကျန်တဲ့ ဖခင်နဲ့အတူ အကြွေးတွေဆပ်ဖို့ ပလုံကောက်ပြီး ငွေရှာနေကြရတာပါ။ အဲဒီအချိန်မှာ ကိုထွန်းမင်း ကူညီတဲ့အတွက် အကြွေးဆပ်နိုင်ခဲ့တဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ အတွက်ပါ အရင်းအနှီးရခဲ့ပြီလို့ ဆိုပါတယ်။

“စက်ရုံတွေဘာတွေ ဆင်းမယ်ဆိုပြန်တော့လည်း သမီးမှာ မှတ်ပုံတင်တွေ၊ ဘာတွေက မရှိဘူး။ မှတ်ပုံတင်ရိုက်ဖို့လည်း ပိုက်ဆံမရှိတဲ့အခါကျတော့။ ကိုယ်ကလည်း ဝမ်းနည်းရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူးလေ။ သူတို့ (ညီမ နှစ်ဦး) ကို ကြည့်ပြီး အရမ်းသနားတယ်။ အခုလို ပရဟိတ အစ်ကိုတွေက လာပြီးကူညီပေးတဲ့အခါ အရမ်းဝမ်းသာတယ်။ အမေ့ အကြွေးတွေလည်းကျေပြီ။ အထောက်အကူလည်း ဖြစ်တဲ့အတွက် တကယ် အဲအစ်ကိုကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ လှူတဲ့အလှူရှင်တွေ အားလုံးကိုလည်း တကယ် ကျေးဇူးတင်ပါတယ်လို့။ တကယ် ကျေးဇူးတင်ပါတယ်”

ကိုထွန်းမင်းတစ်ယောက် အခုလို လုပ်နိုင်အောင်လဲ နောက်ကနေ စိတ်ရော၊ ကိုယ်ပါ လိုက်ပါကူညီပံ့ပိုးပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရှိနေလို့ပါ။ သူတို့က ကားမောင်းတဲ့သူမောင်း၊ စာရင်း မှတ်တဲ့သူမှတ်၊ အကူအညီလိုတဲ့သူတွေနဲ့ ချိတ်ဆက် ပေးတဲ့ သူကချိတ်ဆက်၊ လှူဒါန်းမှုကို ရုပ်သံမှတ်တမ်းရိုက်ပြီး နောက်ထပ်အလှူရှင်တွေ ပေါ်လာအောင် လူမှုကွန်ရက်စာမျက်နှာပေါ် တင်တဲ့သူကတင်နဲ့ ပါဝင်ပေးနေကြတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးသူများအား ကူညီနေသည့် ပရဟိတသမား ကိုထွန်းမင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီလိုဝင်ပါနေရတဲ့ အဓိကအကြောင်းကတော့ ကိုယ်ချင်းစာစိတ်ကြောင့်လို့ အသက် ၂၄ နှစ် အရွယ် ကိုအောင်မင်းကျော်က ပြောပါတယ်။

“ကိုယ်လည်း အဲလိုမျိုး ထမင်းတွေဘာတွေ ငတ်ဖူးတယ်လေ။ အဲလိုငတ်ဖူးတော့ သူတို့ကိုလည်း ဘယ်လိုဖြစ်မလဲပေါ့နော်။ အဲကိုယ်ချင်းစာ စိတ်လေးနဲ့ပဲ ဆက်သွားနေတာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် လိုအပ်တဲ့နေရာတွေ အများကြီး ရှိတယ်လေ။ အဲဒါကို ကိုထွန်းမင်း ကနေပြီးတော့မှ ဦးဆောင်ပြီးတော့ သူကရှေ့ကသွား၊ ကျွန်တော်တို့အုပ်စုက နောက်ကလိုက်ပြီးတော့ သူ့ရဲ့ ပါရမီ ဖြည့်ပေးနေတာပေါ့နော်။ ဆင်းရဲနွမ်းပါးတဲ့သူတွေလည်း အဆင်ပြေပါစေဆိုပြီးတော့ အဲလိုမျိုးလုပ် ဖြစ်တာပါ”

ကိုထွန်းမင်းကတော့ သူအသက်ရှင်သရွေ့ နွမ်းပါးသူတွေကို ဆက်ပြီးကူညီဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်ခင်ဗျာ။

“နေ့တိုင်း၊ နေ့တိုင်း၊ နေ့တိုင်းပေါ့နော်။ ကျွန်တော် မသေမချင်း၊ မသေသရွေ့၊ ကျွန်တော် အသက်ရှိသရွေ့ပေါ့။ ဒီပရဟိတကို ကျွန်တော် တောက်လျှောက်လုပ်သွားမယ်လို့ ပြောချင်တယ်”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org