တစ်ရက် ဆန်သုံးအိတ်ထိ တိုးချက်လာရတဲ့ ကျပ်တစ်ထောင်တန် ထမင်းဆိုင်
2024.01.19

“မီဒီယာတွေရဲ့ ဖော်ပြမှုအားမှာ ကျွန်တော်တို့ ဘာတွေ့ရလဲဆိုတော့ လာလုပ်အားပေးမယ့်သူတွေပေါ့နော် ကျွန်တော် အများကြီး တွေ့ခဲ့ရတယ်။ လုပ်ပေးစေချင်တာ။ အခုဆိုရင် ကျွန်တော့်မှာ လုပ်အားပေး အများကြီး ဖြစ်သွားပြီ။ လေး၊ ငါးယောက်လောက်၊ ပိုက်ဆံမယူဘဲနဲ့ကို သီးသန့် ကျွန်တော့် အစ်မ သူငယ်ချင်းတွေကဟာ ငါတို့လည်း လုပ်ပေးပါရစေ၊ ဒီအလှူမှာ ငါတို့လည်း ပါဝင်ပါရစေ အဲလိုတွေပေါ့”
“အခုလက်ရှိက ဆန်တစ်နေ့ကို နှစ်အိတ်၊ သုံးအိတ် ဖြစ်သွားပြီဗျ"
ထမင်းနဲ့ ဟင်းတစ်ပွဲကို ကျပ်တစ်ထောင်နဲ့ ရောင်းနေတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က “တန်မှတန်” မိသားစု ထမင်းဆိုင်ပိုင်ရှင် ကိုကျော်ကျော် ပြောပြတာပါ။ သူတို့ ထမင်းဆိုင်လေး အကြောင်းကို RFA က ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့နောက်ပိုင်းမှာ လူသိများသွားသလို အကူအညီလည်း ပိုရလာတယ်လို့ ပြောပါတယ်။ အရင်က တစ်ရက်ကို ဆန်တစ်အိတ်ကုန်ရာကနေ အခုတော့ တစ်ရက်ကို ဆန်သုံးအိတ်အထိ တိုးချက်နေရပြီလို့ ပြောပါတယ်။
“အခုလက်ရှိက ဆန်တစ်နေ့ကို နှစ်အိတ်၊ သုံးအိတ် ဖြစ်သွားပြီဗျ။ အဲလို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်တယ်ဗျ။ ကျွန်တော်တို့ ဒီအလုပ်ကို သေတဲ့အထိလုပ်မှာ။ ကျွန်တော်တို့ နိုင်သရွေ့၊ ကျန်းမာရေး ကောင်းသရွေ့၊ ကျွန်တော့် အမေ နိုင်သရွေ့၊ ကျွန်တော့် အစ်မတွေ နိုင်သရွေ့၊ ကျွန်တော် နိုင်သရွေ့ သေတဲ့အချိန်ထိ ကျွန်တော်တို့ ဒီအလုပ်လုပ်မှာဗျ”
ဒီဆိုင်ရဲ့ အမြဲတမ်း ဖောက်သည်တစ်ယောက်ဖြစ်တဲ့ ပစ္စည်းသယ်ယူပို့ဆောင်သူ အသက် ၂၂ နှစ် အရွယ် ကိုဟိန်းသူဇော်ကတော့ ဒီခေတ်ကာလမှာ ကျပ်တစ်ထောင်နဲ့ ထမင်းဝသွားတယ်ဆိုတာ တော်တော်အဆင်ပြေတယ်လို့ ပြောပါတယ်။
“အခုချိန်မှာ ဘယ်လိုနေနေ ဘယ်လိုပြောရမလဲ၊ ဘယ်ဆိုင်သွားသွား တစ်ခါပြင် ထောင့်ငါးရာ၊ နှစ်ထောင်ဖြစ်နေတဲ့ ခေတ်ကြီးမှာ အသားဟင်းနဲ့ ထမင်းတစ်ပွဲကို တစ်ထောင်နဲ့ စားရတာ တန်တယ်လို့ ပြောရမှာပေါ့ဗျာ။ တော်တော်လည်း အဆင်ပြေပါတယ်။ ဝယ်တဲ့သူတွေများတော့ စောင့်ရတာ တစ်ခုတော့ရှိတာပေါ့။ ဝယ်တဲ့သူတွေကလည်း တအားလည်း များတာကိုး”
ကိုကျော်ကျော်ကတော့ သူ့ဖောက်သည်တွေ ထိုင်စားလို့ရအောင် ဆိုင်နေရာပြောင်းဖို့ စီစဉ်နေသလို ဆိုင်ပြောင်းရွှေ့ပြီးရင် ၂၄ ပြည်ဆံ့ ထမင်းပေါင်းအိုး လေးလုံးလောက် တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
သူက နေ့လယ်အထိ ဆိုင်မှာ ထမင်း၊ ဟင်းရောင်းတာပါ။ ညနေပိုင်းမှာတော့ အလှူရှင်တွေရဲ့ ထမင်းဘူးတွေအတွက် ချက်ပြုတ်ပြင်ဆင်ပါတယ်။ ပြီးတဲ့အခါ သူတို့ မိသားစုက ထမင်းဘူးတွေကို တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့နေရာတွေက ဆင်းရဲသား ပြည်သူတွေအတွက် ကိုယ်တိုင်သွားလှူကြပါတယ်။ အဲဒီလိုလှူဖို့ သံဃာတော်တွေက ကိုကျော်ကျော်ကို ငွေလှူကြတယ်လို့ ပြောပါတယ်။
ထမင်းဆာနေတဲ့သူတွေကို လှူရတာကြောင့် ဝမ်းသာရတယ်လို့ ကိုကျော်ကျော်ရဲ့ အမေ ဒေါ်တင်အေးက ပြောပါတယ်။
“အရမ်း အမေ ဝမ်းသာတယ်။ မရှိဆင်းရဲသားတွေ ဝမ်းဝတယ်။ ဒီအချိန် ထမင်းဆာတဲ့ အချိန်။ မိသားစုတွေ ဝဝပျော်ပျော် စားရအောင် ပိုက်ဆံလည်း ထည့်ပေးတယ်။ ထမင်းဘူးလည်း ပေးတယ်။ မရတဲ့သူ မရှိစေရဘူး။ ဒီထက်မက လှူနိုင်အောင်လို့ အမေ့ကို ဆုတောင်းပေး၊ အမေ့ သားလေးကို ဆုတောင်းပေး ဒါပဲ အမေလိုချင်တာ”
သူတို့ မင်္ဂလာတောင်ညွန့်ကနေ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းတို့ကို ညပိုင်းမှာ ထမင်းဘူးတွေ သွားလှူနိုင်ဖို့အတွက် အခမဲ့ကားမောင်းပြီး ကူညီနေတဲ့သူက အသက် ၄၅ နှစ်အရွယ် ကိုသန့်ဇင်ပါ။
“ဒီညီလေးကို ကျွန်တော်တို့က အားကျပြီး သူနဲ့ပူး ပေါင်းပါဝင်ပြီးတော့ ကျွန်တော်တို့ လုပ်ပေးချင်လို့ ကားနဲ့ လူနဲ့ စိုက်ပြီးတော့ သူ့ကို ရပ်တည်နိုင်အောင် လုပ်ပေးချင်တာ။ ဘာကြောင့်လဲဆိုတော့ စေတနာပါပါနဲ့ လှူချင်လို့၊ လှူဒါန်းချင်လို့ဆိုပြီးတော့ အဆင်ပြေသွားအောင် ကျွန်တော်တို့ ထမင်းတစ်ထောင် တန်ထမင်းလေးနဲ့ အဆင်ပြေသွားအောင်ဆိုပြီး လာပြီးတော့ ပူးပေါင်းလှူဖြစ်တာပါ”
မနက်ပိုင်းမှာ ဈေးရောင်း၊ ညနေပိုင်းမှာ ထမင်းလှူရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ ကိုကျော်ကျော်ကတော့ တကယ်လိုအပ်တဲ့ နေရာတွေကို ပေးရ၊ လှူရလို့ ဝမ်းသာမိတယ်လို့ ပြောပါတယ်။
“မနက်ပိုင်းကို ကျွန်တော် ဈေးရောင်းတယ်။ ဆိုင်မှာ လာဝယ်တဲ့သူလည်း ဝယ်လို့ရအောင် ရောင်းပေးထားတယ်။ ကျွန်တော် အဲပေါ်မှာလည်း ပံ့ပိုးမှုတွေရှိတယ်။ ညနေပိုင်း အလှူတွေကိုလည်း ဥပမာ တစ်နယ်တစ်ကျေး ရောက်နေတဲ့သူတွေက လှူပေးပါလို့ပြောလို့ ကျွန်တော်က တကယ်လိုအပ်တဲ့ နေရာ ကျွန်တော် လာလှူပေးတယ်။ ဒီနေ့ဆိုရင် ပိုက်ဆံငါးရာပါမယ်။ ရေဘူးပါမယ်။ ထမင်းကတော့ နှစ်နေရာဆိုတော့ မနက်ကပေးတာနဲ့ဆိုရင် အထုပ်တစ်ထောင်ကျော်လောက်ရှိမယ်ဗျ။ တချို့ဆိုရင် သူတို့ နိုင်တဲ့တစ်နိုင် ကူညီကြတာဗျ။ တကယ်လိုအပ်ပါတယ်ဆိုတဲ့နေရာကို ကျွန်တော်က ပေးရလို့ ဝမ်းသာတာဗျ”