တော်လှန်ရေးတပ်ဖွဲ့ဝင် ပန်းချီဆရာတစ်ဦးရဲ့သန္နိဋ္ဌာန်

လက်နက်ကိုင်တော်လှန်ရေးလုပ်နေရာက သူတို့တပ်ဖွဲ့မှာ လက်နက်မလောက်လို့ မဲဆောက်မှာ ပန်းချီဆွဲပြီး ရောင်းရငွေနဲ့ လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်ရင်း စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူ ပန်းချီဆရာ ကိုဇော်ထက်။ Photo: RFA

ပန်းချီကားနဲ့ လက်နက်လဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဲဆောက်မြို့တစ်နေရာမှာ ပန်းချီရေးဆွဲနေတဲ့သူကတော့ ပန်းချီဆရာ ကိုဇော်ထက်ပါ။ သူဟာ ဆယ်ပေပတ်လည် အခန်းကျဉ်းထဲမှာ ပန်းချီစုတ်တံနဲ့ ကင်းဗတ်တစ်ပြားပေါ် တော်လှန်ရေးပုံရိပ်တွေကို သူ့စိတ်ကူးထဲကအတိုင်း ရေးဆွဲရင်း စစ်အာဏာရှင်အမြစ်ပြုတ်ရေး တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေတာပါ။

အရင်က တောထဲမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေရာကနေ သူတို့တပ်ဖွဲ့အတွင်း လက်နက်အင်အား မလုံလောက်တာကြောင့် မဲဆောက်မြို့ကို ထွက်လာပြီး ပန်းချီကားရေးဆွဲပြီး ရောင်းရတဲ့ငွေနဲ့ လက်နက်ဝယ်ယူ ထောက်ပံ့နိုင်ဖို့ ကိုဇော်ထက်က ဆုံးဖြတ်ခဲ့တာပါ။

“တစ်ခါတစ်လေကျရင် ကျည်ဆန် ၃၅ တောင့်နဲ့ သေနတ်ကလည်း မကောင်းဘူး။ ဂျန့်ဖြစ်သေးတယ်။ အဲလိုမျိုး ရှေ့တန်းသွားရမယ်ဆိုရင် ကျွန်တော်တို့ လူငယ်တွေက အရမ်းတက်ကြွတယ်။ တစ်စက်လေးမှ မကြောက်ဘူး။ ကျွန်တော်တို့ မပြည့်မစုံနဲ့ ရှေ့တန်းသွားရဖို့အတွက်ကို မပါသွားဘူးဆိုရင် စိတ်ဆိုးနေကြသေးတာ။ လိုက်ချင်တာ။ ရှေ့တန်းထွက်ချင်တာ။ ကျွန်တော်က ပန်းချီရေးတတ်တော့ ပန်းချီကားနဲ့ လက်နက်နဲ့လဲမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ မဲဆောက်ဘက်ကို တက်လာတာ“

အသက် ၃၉ နှစ်အရွယ် ပန်းချီဆရာ ကိုဇော်ထက်ဟာ ရန်ကုန် ပန်းချီ ပန်းပုကျောင်းဆင်းတစ်ယောက်ဖြစ်သလို လက်ဝတ်ရတနာဒီဇိုင်းတွေကို ရေးဆွဲသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ခပ်အေးအေး နေထိုင်တတ်တဲ့ ကိုဇော်ထက်ဟာ သူငယ်ချင်းတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ စစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး မိတ်ဆွေ သူငယ်ချင်းတွေ ဖမ်းဆီးခံလိုက်ရတဲ့နောက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ရန်ကုန်မှာ ဆန္ဒပြလိုက် ပြေးလိုက်နဲ့ တချို့ကျွန်တော်တို့ အုပ်စုထဲကနေ ကျွန်တော်တို့သူငယ်ချင်းတွေ အဖမ်းခံရတာတွေရှိတယ်။ စပစ်ပြီဆိုကတည်းက ကျွန်တော်တို့သိလိုက်ပြီ။ ကျွန်တော်တို့ လက်နက်ကိုင်ဖို့ရယ်လို့ တွေးတာတော့ မဟုတ်ဘူး။ မြန်မြန်ပြီးသွားချင်တာကြောင့် ကျွန်တော်တို့ ပြန်ချမှ ရမယ်ဆိုပြီး ဒီတိုင်းပဲ တောထဲသွားကြတာ"

ကိုဇော်ထက်ဟာ ၂၀၂၁ ခုနှစ် ၅ လပိုင်းမှာ တောထဲထွက်ခွာခဲ့ပြီး ဖောက်ခွဲရေး ရက်တိုသင်တန်းတွေ တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ အတူ စစ်ဆင်ရေးလုပ်နေတဲ့ ကိုဖြိုးဇေယျာသော် (ခေါ်) ကိုမောင်ကျော်နဲ့ ရဲဘော်တွေ စစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရတဲ့နောက်မှာ တောထဲကို ထပ်ပြီးထွက်ပြေးခဲ့တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။

“ကိုမောင်ကျော်တို့နဲ့ ကျွန်တော်တို့ အလုပ်တွေ လုပ်ခဲ့ကြတယ်။ ကိုမောင်ကျော်မှန်းတော့ မသိဘူးပေါ့။ မိသွားတော့မှ ကိုမောင်ကျော်မှန်းသိတာ။ ကျွန်တော်တို့ လုပ်တဲ့မစ်ရှင်တစ်ခုက လိုင်းပေါ်ပေါက်သွားတယ်။ အဲဒီကိစ္စနဲ့ ကျွန်တော်တို့ လူစုခွဲနေတဲ့အချိန်မှာ ကျွန်တော်တို့ အုပ်စုတစ်စုလုံး မိသွားတယ်။ အဲဒီနောက်မှာမှ ရန်ကုန်မှာ လှုပ်ရှားဖို့ ပစ္စည်းခက်ခဲတာရော ကျွန်တော်တို့ကိုယ်တိုင် တစ်ခါတစ်လေ ကားခကို တစ်သောင်းခွဲလောက်တောင် မရှိရင် အပြင်ထွက်လို့ မရဘူး။ အဲတော့ ရန်ကုန်မှာ တအားကျပ်တည်းလာတယ်။ ဒီတော့ ရန်ကုန်က အလုပ်တွေဖျက်ပြီး တောထဲပြန်ရောက်သွားတယ်။ “

ပန်းချီဆရာ ကိုဇော်ထက် ဖန်တီးထားသည့် အနုပညာလက်ရာတချို့။ (Photo: RFA)

ကိုဇော်ထက်ဟာ တောထဲမှာလည်း ပြောက်ကျားစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာချိန် ပြည်သူတွေထွက်ပြေးနိုင်အောင် သူတို့ရဲဘော်တွေ ခံစစ်တိုက်ပေးရတာတွေရှိသလို လက်နက်အင်အား မမျှတတာကြောင့် ရန်သူကို ပြန်မတိုက်နိုင်ခဲ့တဲ့ အချိန်တွေလည်းရှိခဲ့တယ်လို့ သူကပြောပါတယ်။

“သူတို့စစ်ကြောင်းထိုးတဲ့အခါကျရင် ရွာက လူတွေ ပြေးဖို့ အချိန်ရအောင် ကျွန်တော်တို့က ခံစစ်အနေနဲ့ အချိန်ကြန့်ကြာအောင် မိုင်းဆွဲတာတွေ လုပ်ပေးရတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ရန်သူကိုတွေ့နေရတယ်။ သူတို့စစ်ကြောင်းထိုးလာတာ။ ကျွန်တော်တို့ တွေ့ရဲ့သားနဲ့ ကျွန်တော်တို့မှာရှိတဲ့ လက်နက်အင်အားမမျှတာကြောင့် ကျွန်တော်တို့ အဲဒီနားမှာပဲ ကပ်ပြီး ပုန်းနေခဲ့ရတယ်။ ကျွန်တော်တို့ လူရှိရဲ့သားနဲ့တိုက်ပွဲဝင်ဖို့အပြည့်အစုံ တစ်ယောက်မှ မရှိဘဲနဲ့ ဒီလိုမျိုးပဲ ကြုံတွေ့နေရတာ များလာတယ်။ အခုအချိန်အထိပဲ“

လက်ရှိအချိန်မှာ သူရေးဆွဲထားတဲ့ ပန်းချီကားတချို့ကို ရောင်းချပြီး တော်လှန်ရေးအတွက် လိုအပ်တာတွေကို ကူညီဖို့ လှုပ်ရှားမှုတစ်ခု လုပ်နေတယ်လို့ဆိုပါတယ်။

“ပန်းချီကား လေးကားကို သေနတ်နဲ့ လဲမှာပေါ့။ ပန်းချီကား လေးကားကို ဒရုန်း သုံးစီး ၊ သေနတ် သုံးလက်နဲ့ လဲချင်တဲ့ ကမ်ပိန်းလုပ်ဖို့ရှိတယ်။ ကျွန်တော် သုံးချပ်ရေးပြီးတော့ အင်းတကော်ကမ်ပိန်းတစ်ခုမှာတော့ ပေးဖူးတယ်။ ကျန်တဲ့ဟာတွေက သစ်သားမှာ ရေးထားတဲ့ ဒေါင်းပုံတွေက ရောင်းပြီးတော့ နီးစပ်ရာ သူငယ်ချင်းတွေက မုန့်ဖိုးတောင်းရင် မုန့်ဖိုး၊ ယူနီဖောင်းလိုရင် ယူနီဖောင်း ဆယ်စုံ ကိုယ်တတ်နိုင်သလောက်လေး ပို့ပေးတယ်။ “

စစ်အာဏာရှင်တော်လှန်ရေးအတွက် ရောင်းချထောက်ပံ့ရန် ပန်းချီဆရာ ကိုဇော်ထက် ဖန်တီးထားသည့် အနုပညာလက်ရာတချို့။ (Photo: RFA)
တော်လှန်ရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဲဆောက်မြို့ကို ထွက်လာခဲ့ပေမဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေများစွာကို ကြုံရတဲ့အတွက် စိတ်အားငယ်မှုတွေ၊ စိတ်ပင်ပန်းမှုတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ အခက်အခဲရှိရှိ နောက်မဆုတ်ဘဲ တော်လှန်ရေးမှာ အဆုံးထိပါဝင်သွားဖို့ပဲ ဆုံးဖြတ်ထားတယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။

“ခက်ခဲတာတော့ ခက်ခဲတယ်။ အဲဒါတွေကိုသိပ်ပြီး ခေါင်းထဲမထည့်ဘူး။ တစ်နေ့ နိုင်ရမယ်ဆိုတဲ့ အတွေးနဲ့ပဲ ဆက်သွားနေတယ်။ အခုကျွန်တော်လုပ်လို့ရတဲ့ဟာလေးနဲ့ လက်နက်ကိုင်ပြီး ကျွန်တော်ပြန်ဆင်းမယ်။ လိုချင်တဲ့ လက်နက်လေးရရင် ကျန်ခဲ့တဲ့အုပ်စုတွေဆီ သွားပေါင်းပြီးတော့ ပြန်တိုက်ပွဲ ဝင်ဖို့ပဲ စဉ်းစားထားတယ်။ ”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org