စစ္စတာ နူးတောင် သို့မဟုတ် နှလုံးသားလှ၍ ရဲရင့်သူ

ခက်ခဲတဲ့အချိန်မျိုးမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ခရစ်ယာန်သီလရှင် စစ္စတာ အန်း ရို့စ် နူးတောင်ဟာ စားဝတ်နေရေးခက်ခဲလွန်းလို့ ဆေးမကုနိုင်တဲ့သူတွေ၊ စစ်ဘေးဒုက္ခသည် သက်ကြီးရွယ်အိုတွေကို အခမဲ့ ဆေးကုပေးနေပါတယ်။

သက်ကြီးရွယ်အိုများကို အခမဲ့ ဆေးကုသပေးနေသည့် ခရစ်ယာန်သီလရှင် စစ္စတာ အန်း ရို့စ် နူးတောင်ကို ၂၀၂၂ ခုနှစ် မေလက တွေ့ရစဉ် Photo: RFA

သူ့အမည်က စစ္စတာ အန်း ရိုစ့် နူးတောင် ဖြစ်ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းလာဖို့နဲ့ လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းကနေ ကင်းဝေးဖို့ သူ ဆုတောင်းနေတာပါ။

သူဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် စိန့်ဖရန်စစ်ဇေးဗီးယား ကက်သလစ် သီလရှင်ကျောင်းက သီလရှင်တစ်ဦး ဖြစ်ပါတယ်။ အန်း ရိုစ့် ဆိုတာ ကက်သလစ် ဘာသာဝင်တိုင်းမှာရှိတဲ့ သန့်ရှင်းမြင့်မြတ်တဲ့ အမည်နာမ တစ်ခုပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြစ်ကြီးနားမြို့မှာ အခြေအနေတွေ ရှုပ်ထွေးနေချိန် စစ္စတာ နူးတောင်က မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ လူတိုင်း အံ့ဩယူရတဲ့ လုပ်ရပ်တစ်ခုကို သူ လုပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ မြစ်ကြီးနားလူထုကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းဖို့ ပြင်နေချိန် သေနတ်ကိုယ်စီ ကိုင်ထားတဲ့ စစ်သားတွေရှေ့မှာ သူက လူထုကို မသတ်ဖို့ ဒူးထောက် တောင်းပန်ခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် အဲဒီနေ့က မြစ်ကြီးနားမှာ သွေးထွက်သံယို မဖြစ်ခဲ့၊ လူ့အသက်တွေ မဆုံးရှုံးခဲ့ပါဘူး။

ဒါပေမဲ့ ပစ်ခတ်ဖြိုခွင်းဖို့ ဆုံးဖြတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ မတ်လ ၈ ရက်နေ့မှာတော့ ဆန္ဒပြလူအုပ်ထဲ ချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့် သူ့မျက်စိရှေ့မှာတင် အသက် ၆၂ နှစ်အရွယ် ဦးကိုကိုလေး (ခ) ဦးချိုတားနဲ့ အသက် (၂၃) နှစ်အရွယ် ကိုဇင်မင်းထက်တို့ အသက် ဆုံးခဲ့ပါတယ်။ ဒီမြင်ကွင်းက သူ့နှလုံးသားတွေကို နာကျင်စေခဲ့ပါတယ်။

“စစ္စတာရှေ့မှာ ပစ်သတ်ခံရတဲ့ ဦးလေးရဲ့အဖြစ်ပျက်ကိုလည်း အခုထိ အဲမှာ ဖြတ်သွားတိုင်း၊ ဦးလေးသေသွားတဲ့ နေရာရောက်တိုင်း နှလုံးကို အရမ်းနာကျင် ခံစားရတယ်။ ကိုယ့်နှလုံးကို တစ်ခုခုနဲ့ထုသလို ကယောင်ချောက်ချား ဖြစ်သွားတယ်။ ဒီလိုမျိုးအခြေအနေက ဘာဖြစ်လို့ အပြစ်မဲ့ပြည်သူတွေ ခံစားနေရတာလဲဆိုတာ ကိုယ့်ဟာကိုယ် အမြဲတမ်း မေးခွန်းထုတ်ပြီး စိတ်မကောင်းဖြစ်တယ်။ ကမ္ဘာပျက်သလို ခံစားရတယ်၊ ရူးချင်သလို ခံစားရတယ်”

ဆန္ဒပြသူတွေကို အသက်ဘေးကနေ ကာကွယ်ပေးခဲ့မှုကြောင့် BBC ကမ္ဘာတစ်လွှား သတင်းဌာနကြီးက ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ သူ့ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

လူသားတွေကို ကူညီနေသူ နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဟာ မတရားမှုတွေကို မြင်တွေ့ ချိန်မှာတော့ ရဲရင့်သတ္တိရှိသူ ဖြစ်လာတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖာသာလနူးက ပြောပါတယ်။

“ဖျားနာနေတဲ့လူတွေ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အကူအညီ လိုအပ်နေပြီလို့ထင်ရင် လူမျိုး၊ ဘာသာမရွေး အားလုံးကို သူက ကူညီချင်တဲ့ စိတ်ဓာတ် အပြည့်ရှိတယ်။ ပြီးရင် အမှန်တရားနဲ့ ပတ်သက်လာရင်၊ သူမှန်တယ်လို့ထင်ရင် သူ့ရဲ့အသက်ကို မနှမြောဘဲ ပြောရဲတယ်၊ လုပ်ရဲတယ်၊ ဆိုရဲတယ်ဆိုတဲ့ သူရဲ့ သတ္တိပေါ့နော် အဲလိုမျိုး သတ္တိမျိုးက သူ့မှာရှိတယ်”

စစ္စတာ နူးတောင်ဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးဘဝကတည်းက မွေးရပ်ဇာတိ ရှမ်းပြည်မြောက်ပိုင်း ခိုစံရွာကနေ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ရသူပါ။ သူ့ကိုမွေးဖွားခဲ့တဲ့ ခိုစံရွာကတော့ တစ်ရွာလုံး ပျက်စီးသွားပြီး အခုချိန်ထိ ပြန်လည်နေထိုင်သူ မရှိတော့ပါဘူး။

မွေးချင်း ၁၃ ယောက်ထဲမှာ သူက နံပါတ်ငါး ဖြစ်ပြီး ဘာသာရေးဆရာဖြစ်တဲ့ ဖခင်ရဲ့ အလုပ်တွေကို ဝင်ရောက်ကူညီရာကနေ တစ်နေ့မှာ ခရစ်ယာန်သီလရှင်တစ်ဦး ဖြစ်လာဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။

"အကူအညီ လိုအပ်နေပြီလို့ထင်ရင် လူမျိုး၊ ဘာသာမရွေး အားလုံးကို သူက ကူညီချင်တဲ့ စိတ်ဓာတ် အပြည့်ရှိတယ်။"

ဧရာဝတီတိုင်း ပုသိမ်မြို့ ခရစ်ယာန်သီလရှင် တက္ကသိုလ်ကို တက်ရောက်ပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ သူ ခရစ်ယာန်သီလရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အကူအညီ လိုအပ်သူတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တာ နှစ် ၂၀ နီးပါး ရှိပါပြီ။

၂၀၁၇ မှာတော့ မလိဂင်ဒိုင် အခမဲ့ဆေးခန်းမှာ သူ တာဝန်ခံဖြစ်လာပါတယ်။ ဒီဆေးခန်းမှာ လူမျိုး၊ ဘာသာမရွေး အခက်အခဲရှိသူတိုင်းကို သူ ကုသပေးပါတယ်။ ကိုယ်တိုင် စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ စစ္စတာ နူးတောင်က ဒုက္ခသည်စခန်းက သက်ကြီး ရွယ်အိုတွေကိုလည်း စခန်းထဲထိ ကိုယ်တိုင်သွားရောက်ပြီး ကုသပေးလေ့ ရှိပါတယ်။

ဘဝရဲ့ နေဝင်ချိန်ကို ဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေကို အသက်ရှင်သန်ချိန်မှာ ကျန်းမာပြီး ပျော်ရွှင်စေချင်တယ်လို့ သူက ဆိုပါတယ်။

“ကိုယ်တာဝန်ကျတဲ့နေရာမှာ ကိုယ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခရောက်တဲ့ သူတွေကို အတတ်နိုင်ဆုံး ကိုယ်နိုင်ရင် နိုင်သလောက် ကိုယ်တိုင် ကုပေးမယ်၊ ကူညီပေးမယ်။ ကိုယ်မနိုင်ရင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးမယ်။ အဲဒီလိုမျိုး စဉ်းစားထားတယ်။ လုပ်လည်း လုပ်နေတယ်။ ရောက်တဲ့နေရာတိုင်း လုပ်နေတယ်။ ဘိုးဘွားရိပ်သာဖွင့်ပြီး အဘိုးအဘွားတွေ သူတို့မသေခင် သူတို့အသက်ရှင်နေတဲ့အချိန်မှာ သူတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်အောင် ကူညီချင်တယ်”

မြစ်ကြီးနားမြို့က ကက်သလစ် ခရစ်ယာန်သီလရှင် စစ္စတာ အန်း ရို့စ် နူးတောင်ကို ၂၀၂၂ ခုနှစ် မေလက တွေ့ရစဉ် (Photo: RFA)

ခေတ်ကာလအခြေနေအရ အလုပ်အကိုင် အဆင်မပြေလို့ ကလေးမီးဖွားဖို့ ခက်ခဲ လွန်းနေတဲ့ လူငယ်မိသားစု တစ်စုကိုလည်း သူက မေတ္တာအပြည့်နဲ့ ကူညီခဲ့ဖူးပါတယ်။ သူဟာ လူမျိုး၊ ဘာသာမရွေး ကူညီတတ်သူလို့ ဇနီးသည်မီးဖွားဖို့အတွက် စစ္စတာ နူးတောင်ရဲ့ အကူအညီကို ရယူခဲ့ဖူးသူ ကိုကျော်မိုးသူက မှတ်ချက်ပေးပါတယ်။

“သူက လူတစ်ယောက် ဒုက္ခရောက်ပြီဆို သူ ကူညီမယ်၊ သူ တတ်နိုင်တဲ့ဘက်က ကူညီမယ်လို့ သူ တွေးထားပုံ ပေါက်တယ်။ ကျနော်တို့က တကယ်ဒုက္ခရောက်လို့ သူ့ကို အကူအညီ တောင်းမိတာပါ။ သူရဲ့ စိတ်ဓာတ်ကတော့ လူမျိုးရယ်၊ ဘာသာရယ် မခွဲခြားဘူး။ အစ္စလာမ်လည်း မခွဲခြားဘူး၊ ဟိန္ဒူရယ်လည်း မရှိဘူး၊ ဘယ်သူမှ မရှိဘူး။ သူက တကယ်ဒုက္ခအမှန်ကန် ရောက်တယ်ဆိုရင် သူ ကူညီနိုင်သလောက် ကူညီသွားမယ်ဆိုတာ ကျနော်သိတယ်”

သူအသက်ရှင်သန်နေသရွေ့ ဘဝတစ်လျှောက်လုံး ဒုက္ခရောက်နေသူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေကို ကူညီသွားဖို့ ဆုံးဖြတ်ထားတယ်လို့ စစ္စတာ နူးတောင်က ဆိုပါတယ်။

အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ မြန်မာပြည်သူတွေအားလုံး အချင်းချင်း ဖေးမကူညီကြဖို့ စစ္စတာ နူးတောင်က တိုက်တွန်းသွားပါတယ်။

“တတ်နိုင်တဲ့သူတွေလည်း ကိုယ်နီးစပ်ရာမှာ အခက်အခဲ ရောက်တဲ့သူတွေ၊ ဒုက္ခရောက်တဲ့ သူတွေ၊ လုံခြုံမှုမရှိတဲ့ သူတွေကို တစ်ဖက်တစ်လမ်းကနေ ကိုယ်နိုင်တဲ့ဘက်ကနေ မြန်မာပြည်သူ ပြည်သားတွေအားလုံး ဝိုင်းဝန်း ကူညီကြရအောင်လို့။ အဲဒါ ကုသိုလ်ရပါတယ်။ ကောင်းချီးလည်း ရပါတယ်။ ဒုက္ခရောက်တဲ့အချိန်မှာ ကူညီတယ်ဆိုတာ အရမ်းအကျိုးရှိပါတယ်”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org