SSPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆွေးနွေးပွဲ

အစိုးရ၊ တပ်မတော်တို့နဲ့ ယုံကြည်မှုတည်ဆောက်ရေးအဆင့် တိုးတက်လာတယ်လို့ SSPP ရှမ်းပြည် တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်းက ပြောလိုက်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ SSPP/SSA ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း တို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော် NRPC မှာ တွေ့ဆုံစဉ် Photo: Win Ko Ko Latt/RFA

 

အစိုးရ၊ တပ်မတော်တို့နဲ့ ယုံကြည်မှုတည်ဆောက်ရေးအဆင့် တိုးတက်လာတယ်လို့ SSPP ရှမ်းပြည် တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်းက ပြောလိုက်ပါတယ်။ SSPP နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေးပွဲကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ကျင်းပခဲ့တာပါ။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

~~~~~~~~~~
SSPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆွေးနွေးပွဲ

(ဝင်းကိုကိုလတ်)

■ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ တပ်မတော်က စစ်တိုင်းကြီးငါးတိုင်းမှာ အပစ်ရပ်ကြေညာပြီး ပထမဦးဆုံးတွေ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

အောင်မြင်တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်းက အခုလို ပြောပါတယ်။

"ဒီအစည်းအဝေးက အောင်မြင်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ ယုံကြည်မှုတည်ဆောက်တာကနေတဆင့် တိုးတက်လာတာကို တွေ့ရပါတယ်"

ဒီကနေ့ ဆွေးနွေးရာမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ မပါဝင်သေးပေမယ့် ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ NCA ရေးထိုးရင် စိုးရိမ်ချက်တွေ ဘယ်လိုရှိတယ် စတာတွေကို ဆွေးနွေးကြပြီး အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောကြပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ NCA ထိုးနိုင်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

"NCA ထိုးနိုင်ဖို့ ကြားထဲမှာ ဘာတွေအခက်ခဲရှိလဲပေါ့နော်။ နောက်တစ်ဆင့်နဲ့တဆင့် ဘယ်လိုတွေ သွားနိုင်မလဲဆိုတာ ကျနော်တို့ ဆွေးနွေးတယ်။ သို့သော် သူတို့ဘက်ကလည်း ဟိုဘက်မှာပြန်ပြီးတော့ တင်ပြရမယ့်ကိစ္စတွေရှိတယ်။ ကျနော်တို့ဘက်မှာလည်းရှိတယ်။ နောက်ထပ်လည်း အမြန်ဆုံးတွေ့ဆုံဖို့ ရှိပါတယ်"

ဒါ့အပြင်တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ အချိန်ကနေ ဒီကနေ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်နေရာချထားရေးအပါအဝင် ပြဿနာတွေမရှိတဲ့အတွက် ပဋိပက္ခတွေကိုရှောင်ရှားနိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

NCA လမ်းကြောင်းကို မဆန့်ကျင်ကြောင်းလည်း ရှမ်းပြည်တိုးတက်ရေးပါတီSSPP ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်ဆိုင်းက ပြောပါတယ်။

"လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NCA လမ်းကြောင်းကို ကျနော်တို့ မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ NCA မှာ တချို့အနေနဲ့ မပြည့်စုံသေးတာရှိတော့ ဥပမာ အားလုံးပါဝင်နိုင်ရေးတို့ ဆိုလို့ရှိရင် ဖြစ်မလာဘူး။ အားလုံးပါဝင်နိုင်ရေးဆိုရင် ကျနော်တို့ဟာ သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုနေတဲ့ ဘင်္ဂါလီတွေတော့ မပါဘူးဗျ"

တဆက်တည်းမျာပဲ NCA စာချုပ်ဟာ မပြည့်စုံသေးကြာင်းနဲ့ NCA ဟာ နောက်ဆုံးရည်မှန်းချက်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲ အေးအေးချမ်းချမ်း ဆွေးနွေးနိုင်ဖို့ နည်းနာတခုသာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ လာမယ့် ၂၅ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးမယ်လို့ သိရပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org