တီးတိန်မြို့က ဖိနပ်ချုပ်သမား

နေအိမ်အပြင်မထွက်ရတဲ့ ကပ်ရောဂါကာလမှာ ဖိနပ်ချုပ်အလုပ်ကို နှစ် ၃၀ ကြာလုပ်ကိုင်လာတဲ့ ဦးခမ်းလျန်ကမ်းရဲ့ ဖိနပ်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှုတွေက ကြီးမားပေမယ့် ဖခင်ရဲ့ လက်ဆင့်ကမ်းအမွေ ဒီလုပ်ငန်းကို စွန့်ခွာချင်စိတ် မရှိတာကြောင့် ကပ်ရောဂါအမြန်ပြီးဆုံးဖို့ သူဆုတောင်းနေပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်က ဖိနပ်ချုပ်လုပ်သူ ဦးခမ်းလျန်ကမ်းကို ၂၀၂၀ ဒီဇင်ဘာ ၁၁ရက်နေ့က တွေ့ရစဉ် Photo: Salai KT HauKhai
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်က လူသွားလာများတဲ့ ကားလမ်းမကြီးဘေးက အခန်းကျဉ်းထဲမှာ ဦးခမ်းလျန်ကမ်းတစ်ယောက် ဖိနပ်ချုပ်နေတာ နှစ် ၃၀ ရှိနေပါပြီ။
 
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးခမ်းလျန်ကမ်းဟာ သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို ဒီအလုပ်နဲ့ပဲ အသက်မွေးလာခဲ့တာပါ။
 
“အရွယ်ရောက်တဲ့ အချိန်မှစပြီး ဖိနပ်ချုပ်တာ စလုပ်တာ။ အဖေပေးထားတဲ့ အမွေလည်းဖြစ်တယ်။ ဒီအလုပ်ကို သုံးနှစ်လောက်လုပ်ပြီးတော့ ပိုက်ဆံရှာဖို့ ဖားကန့်ဘက်ကို ထွက်သွားတယ်။ အဲမှာ ခုနစ်နှစ်လောက်နေတယ်။ ဖားကန့်ဘက်မှာ အလုပ်လုပ်တာ အဆင်မပြေလို့ ဖိနှိပ်ချုပ်တာပဲ ပြန်လုပ်ဖို့ စဉ်းစားပြီးတော့ ဒီဟာကိုပဲ အခုထိဆက်လုပ်တာ။”
 
သားသမီး ငါးယောက်နဲ့ ဇနီးသည်ကို ဒီအလုပ်နဲ့ပဲ ရှာဖွေကျွေးမွေးနေတာပါ။
 
ဖိနပ်ချုပ်တာကနေ တစ်နေ့ကို ဝင်ငွေတစ်သောင်းရှိပါတယ်။
 
ဒါပေမဲ့ ကပ်ရောဂါစဖြစ်ထဲက လူတွေလည်း အပြင်မထွက်တော့ ဖိနပ်ချုပ်တဲ့ ဦးခမ်းလျန်ကမ်းရဲ့ ဝင်ငွေလည်း ထိခိုက်လာပါတယ်။  
 
“အခု ကိုဗစ်ကာလဖြစ်တော့ ဖိနပ်လာအပ်တဲ့သူ နည်းလာတယ်။ တစ်နေ့မှာ နှစ်ထောင် လောက်ရတယ်။ သုံးထောင်လောက် ရတဲ့အခါတော့ အများဆုံးပဲ။ ကိုဗစ်မတိုင်ခင်ကတော့ တစ်နေ့မှာ တစ်သောင်းလောက်ရတယ်။ သားသမီးတွေကတော့ အလုပ်လုပ်နိုင်တဲ့ အရွယ်မဟုတ်သေးဘူး။ အဲတာကြောင့် ကျွန်တော်ကပဲ မိသားစုအတွက် ဒီဟာ နဲ့ပဲ ဝင်ငွေရှာနေတယ်။”
 
ဆိုင်ခန်းဌားခက တစ်လကို ငွေနှစ်သောင်းကျပ် ကျသင့်ပါတယ်။
 
 “လူတွေအသွားအလာများတဲ့ နေရာ ဒီနေရာလေးကို တစ်လ နှစ်သောင်းလောက်နဲ့ အခန်းလေးငှားနေတယ် အခုကိုဗစ်ကာလမှာ အခန်းငှားခကတော့ အနိုင်နိုင်ပေးရတယ်။”
 
သူက ဖိနပ်ချုပ်တာအပြင် ထီးပြင်တာ၊ လက်ဆွဲအိတ်တွေ ချုပ်တာ၊ ဇစ်လဲတာမျိုးတွေလည်း လုပ်ပါတယ်။
 
ကိုဗစ်ကာလမှာ အစိုးရကနေ အခြေခံလူတန်းစားတွေကိုပေးတဲ့ ထောက်ပံ့ကြေးလည်း ဦးခမ်းလျန်းကမ်းတို့ မိသားစု မရကြပါဘူး။
 
“ကျွန်တော် ဒီမှာချုပ်တဲ့ဟာတော့ အမျိုးသမီးလက်ဆွဲအိပ်၊ ဇစ်လဲတာ၊ ဒီလိုမျိုးဖိနပ်တွေ တာယာနဲ့ လဲပေးတယ်။ ကိုဗစ် ၁၉ ထောက်ပံ့ကြေး အစိုးရဘက်က ပေးတဲ့ဟာလည်း မရဘူး။ နိုင်ငံခြားက US ကနေ အမျိုးတွေကပေးတဲ့ ဆန်တစ်အိတ်နဲ့ ကျွန်တော်တို့ စကောလမ်း နှစ်ချင်းအသင်းတော်ကနေ ဆန်တစ်အိတ် အဲတာပဲ ရခဲ့ပါတယ်။ တစ်နေ့မှာရထားတဲ့ဝင်ငွေနဲ့ မိသားစုတွေကို ဘယ်လို အကျိူးပြုစေမလဲပေါ့ အမြဲတမ်းစဉ်းစားနေရပါတယ်။”
 
ဖခင်ရဲ့ လက်ဆင့်ကမ်းခဲ့တဲ့ အမွေဖြစ်တဲ့ ဖိနပ်ချုပ်အလုပ်ကို လုပ်နိုင်တဲ့အချိန်အထိ ဆက်လုပ်ဦးမှာလို့ ဆိုပါတယ်။
 
ကပ်ရောဂါ ပြီးရင်တော့ ဒီလုပ်ငန်းနဲ့ သူတို့ မိသားစုစားဝတ်နေရေး ပြန်လည်အဆင်ပြေလာမယ်လို့ ဦးခမ်းလျန်ကမ်း မျှော်လင့်လို့နေပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org