မဲဆောက်မှာ ခိုလှုံနေတဲ့ ပဲခူးတိုင်းက ဒုက္ခသည် တစ်ရာကျော် စားဝတ်နေရေးခက်ခဲ

စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ရွာမှာဆက်မနေရဲတော့ဘဲ ထွက်ပြေးလာတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ RFA

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ မုန်းမြို့ စတဲ့ဒေသတွေက စစ်ဘေးဒုက္ခသည် တစ်ရာကျော်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေကြပါတယ်။

စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ရွာမှာဆက်မနေရဲတော့ဘဲ ထွက်ပြေးလာတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် နေ့စဉ်ထိခိုက်သေဆုံးတာတွေ၊ ဒဏ်ရာရတဲ့သူတွေ များလာတယ်လို့ ဖြူးမြို့နယ် နတ်လမ်းရွာကနေ စစ်ဘေးရှောင်လာတဲ့ ဦးထွန်းစည် က ပြောပါတယ်။

"ကျွန်တော်တို့ရွာမှာက တိုက်ပွဲရယ်လို့တော့မဖြစ်ပါဘူး၊ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ရှိနေတဲ့အတွက် လက်နက်ကြီးတွေနဲ့ပစ်ချ ခံနေရတယ်၊ နေ့တိုင်းပစ်တယ်ပေါ့၊ တစ်ရက်ခြားနှစ်ရက်ခြားလည်း ပစ်ချခံနေရတယ်၊ ဟိုတစ်ယောက်မှန်သွားလိုက် နှစ်ယောက်မှန်သွားလိုက်နဲ့ဆိုတော့ ကျန်တဲ့သူတွေလည်းမနေရဲလို့ ကျွန်တော်တို့လည်းမနေရဲလို့ ထွက်လာခဲ့ရတယ်၊ လေယာဉ်နဲ့ကျတော့ မရှောင်နိုင်မတိမ်းနိုင်ဘူးလေ၊ နောက်ပြီး အသက်ကြီးနေပြီဆိုတော့ ပြေးလို့လွှားလို့လည်းမနိုင်တော့ ဖြစ်ရင်ခံရမှာပဲ’’

တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ အရွယ်မရောက်သေးတဲ့ နို့စို့အရွယ် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်ပါတယ်။

လေကြောင်းတိုက်ခိုက်တာအပြင် စစ်ကြောင်းထိုးတာတွေရှိနေလို့ ဆက်မနေရဲတော့ဘူးလို့ ပဲနွယ်ကုန်းမြို့ကနေ ထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေယာဉ်နဲ့ကြဲတာ၊ မပြေးသေးဘူးပေါ့၊ မပြေးသေးဘဲနဲ့ အခုနောက်ပိုင်းကျတော့ နဲနဲနီးလည်းနီးလာရော မပြေးသေးဘူး ရွှေ့လိုက်သေးတယ် အဆင်ပြေမလားလို့၊ အဲဒီမှာစစ်တပ်က အင်အားသုံးဝင်လာလိုက်တော့ မနေရဲတော့ဘဲထပြေးလာတာ၊ မထူးတော့ဘူးဆိုပြီး ထိုင်းကိုတက်လာခဲ့တာ၊ တက်လာတုန်းက လေးယောက်၊ အမျိုးသားက ယောက်ျားလေးဆိုပိုပြီးအဆင်မပြေလို့ သူ့ကိုအရင်ဆုံးလွှတ်လိုက်တယ်၊ နောက်ဆုံး တူမလေးနဲ့ ကလေးသုံးယောက်ပေါ့ ထပ်တက်လာတယ်။’’

မဲဆောက်မြို့အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဆွေမျိုးတွေဆီကို တိမ်းရှောင်လာကြသူတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံသားအများစုက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် နေထိုင်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည် ဆွေမျိုးတွေရဲ့ နေ့စဉ်စားသောက်နေထိုင်ရေးအတွက် တာဝန်ယူဖို့ ခက်ခဲနေကြပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo : KNU)

မဲဆောက်မြို့ရောက် စစ်ဘေးဒုက္ခသည်တစ်ရာကျော်ထဲက အိမ်ထောင်စု ရှစ်စု၊ လူဦးရေ ၅၂ ယောက်အတွက် မဲဆောက်မြို့ရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူတွေက ဇန်နဝါရီ ၁၄ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ခဲ့ကြပါတယ်။

"ကျွန်တော်တို့ဒီမှာက အယုတ်အလတ် အမြတ်မရွေးဘူး၊ လူမျိုးဘာသာ အဓိကမထားဘူး၊ အဓိက လူသားဆန်ဖို့ပဲ လိုတယ်၊ လူဂုဏ်သိက္ခာနဲ့အညီပေါ့နော်။ ဒီမှာရှိနေတဲ့ မုန်းတို့၊ ပဲနွယ်ကုန်းတို့၊ ကျောက်တံခါးတို့၊ ဖြူးတို့ အဲဒီက မိဘပြည်သူတွေကို ကျွန်တော်တို့က တွေ့ရတယ်မြင်ရတယ်၊ စိတ်တော့မကောင်းဘူးပေါ့၊ ဒီမှာကတော့ ၅၂ ယောက်ပေါ့၊ ထပ်တိုးလာတဲ့သူ ရှိလာတယ်လို့လည်း သိရတယ်၊ သို့သော်ငြားလည်း အတက်နိုင်ဆုံး အလေးအနက်စဉ်းစားပါမယ်၊ ကျွန်တော်အဓိကပြောချင်တာက နံပါတ်တစ် ကျန်းမာရေး၊ အလွန်အရေးကြီးပါတယ်၊ ကိုယ်အချင်းချင်း စည်းလုံးညီညွတ်မှု အမျိုးသမီးအချင်းချင်း၊ အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ဖို့၊ တစ်ခုခုဖြစ်ရင် ဒီမှာက ကိုယ်တိုင်းပြည်လည်းမဟုတ်ဘူး၊ သူတို့ဥပဒေဖြစ်တယ်၊ အလိုလိုကမှ ကျွန်တော်တို့က မလွတ်လပ်ဘူးပေါ့နော်၊ လုံခြုံစိတ်ချမှု အားနည်းတယ်"

ဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ပြောသွားတာပါ။

ပဲခူးတိုင်းအတွင်း ရွှေကျင်၊ ဖြူးနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်အတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးပြီး အယောက် နှစ်ဆယ်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ရွှေကျင်မြို့နယ်၊ ရေဖြူကန်ရွာမှာ အိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျလို့ ကလေးတစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဖြူးမြို့နယ် သစ်ချဆိပ်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့သလို ကျောက်ကြီးမြို့နယ် အနန်းဘော်ရွာနဲ့ တောင်ခင်ရွာတွေထဲ ဇန်နဝါရီလ ၂ ရက်ကနေ ၄ ရက်နေ့အတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org