မိသားစု‌တွေ ပြန်ဆုံခွင့်မရတဲ့ သီတင်းကျွတ်

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နဲ့ သီတင်းကျွတ်ကာလဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထူးခြားပြီး ကြည်နူးစရာကောင်းတဲ့ အချိန်ကာလ ဖြစ်ပါတယ်။

ပုဂံသို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ Photo: RFA

ရှည်လျားတဲ့ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရဲ့အစ အောက်တိုဘာလမှာကြုံရတဲ့ သီတင်းကျွတ်လပြည့်နဲ့ သီတင်းကျွတ် အခါသမယဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ဘာသာရေးအရ ထူးခြားတဲ့ကာလဖြစ် သလို ရိုးရာဓလေ့အရ အင်မတန် ကြည်နူးစရာကောင်းတဲ့ ကာလဖြစ်ပါတယ်။

မိုးရာသီဝါတွင်း သုံးလလုံး တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ ရာသီဥတု စတင်ပွင့်လင်းလာတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ဆင်းသက်လာတဲ့ ဘာသာရေးအရ ထွဋ်မြတ်တဲ့ အချိန်ကာလဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံတစ်ဝန်း တန်ခိုးကြီးဘုရားစေတီတွေမှာ ဆီးမီးထွန်း ပူဇော်ကြရုံမက ရပ်ကွက်တွေ၊ လမ်းတွေ၊ အိမ်တွေမှာလည်း ဆီမီးထွန်းကြ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြနဲ့ ရိုးရာဓလေ့အရ အင်မတန် ကြည်နူးစရာကောင်းတဲ့ ကာလ ဖြစ်ပါတယ်။

ပုံမှန်အခြေအနေဆို ဒီလိုထူးခြားတဲ့ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေရသူတွေ၊ ရပ်ဝေးနယ်ခြားမှာ သွားရောက် အလုပ်လုပ်နေသူတွေဟာ မိသားစုရှိရာ ဇာတိရပ်ရွာကို ရောက်အောင် ပြန်လာလေ့ ရှိပါတယ်။

မိသားစုတွေ ပြန်ဆုံကြတဲ့အခါ အသက်အရွယ်ကြီးရင့်တဲ့ မိဘတွေ၊ ဆရာသမားတွေကို ငယ်ရွယ်သူတွေက ပူဇော် ကန်တော့ကြပြီး သက်ကြီးဝါကြီးတွေက ငယ်ရွယ်သူတွေကို မုန့်ဖိုးပြန်ပေးလေ့ရှိတဲ့ ချစ်စရာ ဓလေ့လည်း ရှိပါတယ်။

ဒီလို ကြည်နူးစရာ ကောင်းတဲ့ သီတင်းကျွတ်ကလမှာ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေကတော့ ဝမ်းနည်း စိတ်ထိခိုက်နေပါတယ်။

"ကျနော့်ကို ကန်တော့မယ့်လူ မရှိတော့ပါဘူး။ အခုလိုဖြစ်သွားတော့ ကျနော့်ရင်ထဲမှာ စိတ်ထဲမကောင်းဘူး။"

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က အသက် ၄၂ နှစ်အရွယ် ကိုဝင်းမင်းဦးဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က သံလမ်းမှာ ဆန္ဒပြရင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက်ဆုံးခဲ့ပါတယ်။ သူဟာ မောင်နှမသုံးယောက်မှာ အကြီးဆုံးသားဖြစ်ပြီး မသေဆုံးခင်အထိ မိဘတွေကို လုပ်ကျွေးပြုစုခဲ့သူ ဖြစ်တာကြောင့် မိသားစုက အခုချိန်ထိ သူ့ကို နှမြောတသ လွမ်းဆွတ်နေဆဲပါ။

နှစ်စဉ် သီတင်းကျွတ်ကာလရောက်တိုင်း လိမ္မာတဲ့သားကြီးက မိဘတွေကို လာရောက် ကန်တော့လေ့ရှိတာကြောင့် ဒီသီတင်းကျွတ်မှာ သားကြီးကို ပိုလို့ လွမ်းဆွတ်မိတယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းမောင်က ပြောပါတယ်။

“အခုလိုအချိန်ကျတော့ အခါကြီးရက်ကြီးမှာ သားကြီးက ဆုံးသွားတဲ့အခါကျတော့ ကျနော့်ကို ကန်တော့မယ့်လူ မရှိတော့ပါဘူး။ အခုလိုဖြစ်သွားတော့ ကျနော့်ရင်ထဲမှာ စိတ်ထဲမကောင်းဘူး။ ဝမ်းလည်း ဝမ်းနည်းတယ်။ ကျနော်တို့ အပေါ်ကို အဓိက ကူညီစောင့်ရှောက်ကျွေးမွေးနေတဲ့ သားတစ်ယောက်ဆိုတော့ ကျနော် အမြဲတမ်း သတိရနေပါတယ်“

ရန်ကုန်မြို့က ဒေါ်အေးအေးရဲ့ သား ကိုမင်းပိုင်ခန့်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ပုဒ်မ- ၁၉ (က)နဲ့ အင်းစိန်ထောင်မှာ အကျဉ်းချ ခံထားရသူပါ။

အခုလို မိသားစုတွေ ပြန်ဆုံကြတဲ့ အချိန်မျိုးမှာ သားဖြစ်သူ အကျဥ်းချခံထားရတဲ့အတွက် သူကိုယ်တိုင် ဝမ်းနည်း စိတ်ထိခိုက်ရသလို သားဖြစ်သူ ဝမ်းနည်းနေမှာကိုလည်း စိုးရိမ်နေမိတယ်လို့ မိခင်ဖြစ်သူ ဒေါ်အေးအေးက ပြောပါတယ်။

“ပြောရရင်တော့ အန်တီပြောမပြတတ်အောင် ခံစားရတာပေါ့နော်။ ကိုယ့်သားလေးက ပညာသွားသင်နေတဲ့ ကလေးလည်း မဟုတ်ဘူး။ အလုပ်သွားလုပ်နေရတဲ့ ကလေးလည်း မဟုတ်ဘဲနဲ့ အပြစ်မဲ့ပြီး အကျဉ်းချ ခံနေရတဲ့ဘဝ ထောင်ထဲကို ရောက်သွားရတာပေါ့နော်။ သူတို့လိုချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်ရင်းနဲ့ ဒီလိုမျိုးရောက်သွားတဲ့အတွက် အမေတစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။ ဘယ်လိုပြောပြရမှန်း မသိအောင် ခံစားရပါတယ်။ ကိုယ့်သားလေး ကန်တော့တာကို ခံချင်တာထက် ကိုယ့်သားလေးကို ဒီလိုသီတင်းကျွတ်မှာ မတွေ့ရတဲ့အခါကျတော့ ကိုယ်ခံစားရသလို သူတို့လည်း အထဲမှာ အရမ်းခံစားနေရမယ်ပေါ့နော်”

ထောင်ကျနေတဲ့ သားဖြစ်သူ ကိုမင်းပိုင်ခန့် အကြောင်းကို အဘိုးဖြစ်သူက မေးတိုင်း အသက်အရွယ်ကြီးရင်တဲ့ ဖခင်ကြီး စိတ်ထိခိုက်မှာစိုးလို့ ခရီးသွားနေတယ်လို့သာ အခုချိန်ထိ လိမ်ညာဖြေဆိုနေရတယ်လို့ ဒေါ်အေးအေးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရုပ်သံလိုင်း PVTV က အစီအစဉ်တင်ဆက်သူ ကိုအောင်နေမျိုးကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးတဲ့အခါ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို အသက်လု ထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။ သူဟာ အခုချိန်ထိ မိသားစုနဲ့ ခွဲခွာပြီး အာဏာရှင် ဆန့်ကျင်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေသူ ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသူများကို တွေ့ရစဉ်။ (Photo: RFA)

စစ်တပ်က သူ့ကို ဖမ်းဆီးလို့မရတဲ့အတွက် အသက် ၇၀ ကျော်အရွယ် လေဖြတ်နေတဲ့ ဖခင်နဲ့အတူ မိခင်ကိုပါ သုံးလကြာ ဖမ်းဆီး စစ်ဆေးပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ အခုတော့ သူ့မိဘတွေလည်း ဇာတိရပ်ရွာမှာ မနေရဲဘဲ တိမ်းရှောင်နေရပါတယ်။

အခုလို သီတင်းကျွတ်ကာလမှာ အဝေးကနေ မိဘတွေကို မှန်းပြီး ကန်တော့ချင်ပေမယ့် ဘယ်ဒေသမှာ တိမ်းရှောင်နေမှန်း မသိတော့တဲ့အတွက် သူ့ကို ခွင့်လွှတ်ပေးဖို့ကိုပဲ စိတ်ထဲက မှန်းဆကန်တော့ရင်း တောင်းပန်နေမိတယ်လို့ ကိုအောင်နေမျိုးက ပြောပါတယ်။

“ဆွေမျိုးတွေ ညီအစ်ကို မောင်နှမတွေကလည်း တစ်နေရာပေါ့ဗျာ။ ကန်တော့လို့တော့ မရတော့ဘူးပေါ့။ မိဘတွေကလည်း အဖမ်းခံရပြီး ပြန်လွတ်လာတော့ မြို့မှာ ဆက်မနေရဲကြတော့ဘူး။ ရှောင်ပုန်းနေရတာပေါ့။ အဆက်အသွယ်တောင် မရတော့ပါဘူး။ အခုတော့ စိတ်နဲ့ မှန်းပြီး ကန်တော့ရမယ်ဆိုရင်တောင် ဘယ်အရပ်ကို မှန်းပြီး ကန်တော့ရမလဲ မသိတော့ဘူးပေါ့ဗျာ။ ခွင့်လွှတ်ပေးဖို့ပဲ တောင်းပန်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသက်အရွယ်မှာ ဘုရားနဲ့ တရားနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ မြေးမြစ်တွေနဲ့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေရမယ့်အရွယ်မှာ ကျနော်ကြောင့် ပုန်းလျှိုးကွယ်လျှိုး နေနေရတာ။ အဲတော့ ခွင့်လွှတ်ပေးဖို့ပဲ တောင်းပန်ချင်ပါတယ်“

သူ့ကိုယ်သူ ကိုအဓိပတိလို့ အမည်ပေးထားသူကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့ပြသပိတ်တွေမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အခုတော့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။

သူဟာ အရင်ကတော့ အခုလို သီတင်းကျွတ် ကာလရောက်တိုင်း မိဘတွေဆီ ပြန်ကန်တော့လေ့ ရှိသလို သူငယ်ချင်းတွေနဲ့လည်း လူငယ်သဘာဝ ခရီးရက်ရှည် ထွက်လေ့ရှိခဲ့သူပါ။

အခုတော့ အဝေးတစ်နေရာမှာ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်တဲ့ဘဝမို့ မိခင်ကို စိတ်ထဲကနေပဲ ရည်မှန်းကန်တော့ လိုက်ရတယ်လို့ ကိုအဓိပတိ က ပြောပါတယ်။

“ဒီကာလမှာတော့ ကျနော်တို့ သူငယ်ချင်း၊ ရဲဘော်တွေ အကုန်လုံးကတော့ အိမ်ကို လွမ်းကြမှာပဲ။ ပြန်ချင် ကြမှာပဲ။ ဒီကာလမှာ မဟုတ်ပါဘူး။ အိမ်နဲ့ ကွဲကွာနေရတာ ကြာပြီဆိုတော့ ပြန်ချင်ကြမှာပဲ။ ကျနော်ကလည်း သီတင်းကျွတ်ကာလမှာ ကျနော့်အဖေတော့ မရှိတော့ဘူး။ ကျနော့်အမေကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်း လ ၂၀ နီးပါးအတွင်း သေဆုံးသူ ၂,၃၃၈ ဦး ရှိပါတယ်။ စုစုပေါင်း ၁၅, ၇၈၀ အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၁၂, ၅၈၆ ဦးဟာ အခုချိန်ထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီး အကျဥ်းချခံထားရဆဲ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်နီးပါးကြာလာတဲ့ ဒီသီတင်းကျွတ်မှာ လူအတော်များများ ဘုရားစေတီတွေကို သွားရောက်ဖူးမျှော်ပြီး ဆီမီးထွန်း ဆုတောင်းကြတာ တွေ့ရပေမယ့် ဘယ်တော့မှ ပြန် မလာနိုင်တော့တဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းမေတ္တာ ပို့သကြသလား၊ လက်ရှိ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်း မျိုးစုံကနေ လွတ်မြောက်ဖို့အတွက် ရည်ရွယ် ဆုတောင်းခဲ့ကြသလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org