နမ့်ခမ်းမြို့နယ်ပန်ဆေးဒေသခံတွေရဲ့ သတင်းစာရှင်းလင်းပွဲ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာမှာ နေထိုင်တဲ့ ခိုလှုံလီရှောတိုင်းရင်းသားတွေကို TNLA တအာင်းပလောင်အဖွဲ့က ဖမ်းဆီးတာတွေရှိနေကြောင်း ဒေသခံတွေက မန္တလေးမြို့ မီဒီယာစင်တာမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
-
2019-03-13 -
-
-
မန္တလေးမြို့မှာကျင်းပတဲ့ ပန်ဆေးဒေသခံတွေရဲ့သတင်းစာရှင်းလင်းပွဲ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာမှာ နေထိုင်တဲ့ ခိုလှုံလီရှောတိုင်းရင်းသားတွေကို TNLA တအာင်းပလောင်အဖွဲ့က ဖမ်းဆီးတာတွေရှိနေကြောင်း ဒေသခံတွေက မန္တလေးမြို့ မီဒီယာစင်တာမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။
■ ပန်ဆေးကျေးရွာက ဒေသခံတွေကို TNLA အဖွဲ့က ဖမ်းဆီးပြီး လူတစ်ဦးကို ငွေကျပ် သိန်းသုံးဆယ်ကျော်နဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ မကြာခဏ ဆိုသလိုဖြစ်လာတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေများလာတယ်လို့ မန္တလေးမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ခိုလုံလီရှောတိုင်းရင်းသား ပြန်ကြားရေးအဖွဲ့က မသိမ့်သိမ့်ထွန်းက ပြောပါတယ်။
"ဒေသကို TNLA အဖွဲ့က မတရား နှိပ်စက်နေတယ်။ လူအခွင့်အရေး ချိုးဖောက်နေတယ်။ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေ သုံးကြိမ်၊ လူတွေ့တိုင်းလည်း ဖမ်း၊ တိုင်းရင်းသားတွေ့တိုင်း ဖမ်း၊ ငွေညစ်၊ ငွေတောင်း၊ ရွာဝင်ရင်လည်း ကြက်၊ ဝက် ဖမ်းယူသွားတယ်။ ဖမ်းထားတဲ့သူတွေကိုလည်း ငွေတောင်းတယ်။ သိန်း ၃၀၊ သိန်း ၅၀ တောင်းတယ်။ ကလေး လူကြီး အကုန်ဖမ်းတယ်"
၂၀၀၉-၂၀၁၀ စစ်တမ်းမှာ နမ့်ခမ်းမြို့နယ်အတွင်း ခိုလုံလီရှော ၅ သောင်းကျော်ရှိပေမယ့် အလုပ်အကိုင်ရှားပါးတာနဲ့ လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးမှာကိုကြောက်ပြီး နေရာရွှေ့ပြောင်းသူတွေများလာတာကြောင့် အခုအချိန်မှာ ၂ သောင်းကျော်သာ ရှိတော့ကြောင်း မသိမ့်သိမ့်ထွန်းက ပြောပါတယ်။
TNLA အဖွဲ့ဟာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေး၊ လူကြီးမခွဲခြားဘဲ ဖမ်းဆီးနေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ကလေး သုံးယောက် ဖမ်းဆီးခံရပြီး တစ်ယောက်ကို ငွေကျပ် သိန်း ၃၀ ကျော်နဲ့ ပြန်ရွေးခဲ့ရတဲ့ မိခင်ဖြစ်သူတစ်ဦးကလည်း သူကြုံတွေ့ခဲ့ရတာကို အခုလိုပြောပါတယ်။
"ကလေး သုံးယောက်ကို သွားရွေးရတယ်။ ကလေးအကြီးက သိန်း ၅၀ ပေးရတယ်။ ငယ်တဲ့ဟာက ၃၆ သိန်း၊ အဖိုး၊ အဖွားပိုင် ဆိတ်တွေ၊ နွားတွေကို ရောင်းရတယ်။ ကျမတို့ ငွေဖြူစုကြတယ်။ ရောင်းပြီးမှ သွားရွေးရတယ်။ စားဝတ်နေရေး တော်တော်အခက်အခဲဖြစ်တယ်"
TNLA အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ပန်ဆေးကျေးရွာသားတွေကို ၃ ကြိမ်ဖမ်းဆီးခဲ့ပြီး ပထမအကြိမ်က ၂၂ ယောက်၊ ဒုတိယအကြိမ်က ၁၅ ယောက်နဲ့ တတိယအကြိမ်မှာတော့ ၈ ယောက် စုစုပေါင်း ၄၅ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီထဲက ငွေပေးနိုင်တဲ့သူတွေသာ ပြန်လွတ်လာပြီး ၁၅ ယောက်ကတော့ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကလေး ၂ ယောက် ဖမ်းဆီးခံရတာကြောင့် တခြားသူဆီကနေ ချေးငှားပြီး ရွေးခဲ့ရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိခင်တစ်ယောက်ကလည်း ပြောပါတယ်။
"ကလေးနှစ်ယောက် ပါသွားတော့ အခက်အခဲ တအားဖြစ်တယ်။ ကလေးအကြီးက သိန်း ၅၀၊ အငယ်ကောင်က ၃၆ သိန်းလောက်ပါသွားတာပေါ့။ အိမ်မျာရှိတဲ့ ကြက်၊ ဝက်တွေလည်း ပါသွားတာပေါ့။ တခြားနေရာမှာ ချေးငှားပြီးတော့ သွားရွေးရတယ်။ စားဝတ်နေရေး အခက်အခဲဖြစ်တယ်။ အကြွေးတွေ မဆပ်နိုင်သေးဘူး။ ကျောင်းအဆင်းမှာ ကျောင်းသားတွေကို ဖမ်းခေါ်သွားတာဖြစ်လို့ အခုဆိုရင် ကျောင်းလည်းပိတ်ထားတယ်"
ဒေသခံ ခိုလုံလီရှောတိုင်းရင်းသားတွေ စိတ်ထဲမှာ ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်နေပြီလို့ မိခင်တွေက ပြောပါတယ်။
ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့လည်း TNLA အဖွဲ့အနေနဲ့ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးတာက ခိုလုံလီရှော မိုလို့ ဖမ်းတာမဟုတ်ကြောင်းနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးတာဖြစ်ကြောင်း TNLA အဖွဲ့က ဗိုလ်မှူး တာအိုက်ကျော်က RFA ကို ပြောပါတယ်။
"ဘိန်းစိုက်တဲ့ တောင်သူကို ဖမ်းတယ်။ ဖမ်းတာတော့ နှစ်ကြိမ် ရှိတယ်။ ပထမ ၅ ဦးကတော့ ပြန်လွတ်ပြီး ဖြစ်တယ်။ ငွေကြေးတောင်းခံတာတော့ မရှိပါဘူး။ တချို့ကရောင်းတာ၊ ဝယ်တာ၊ စိုက်ပျိုးတာရှိလို့ ဖမ်းတာ။ တော်လှန်ရေးကာလမို့ ဘယ်သူ့ကိုမဆို နှစ်နဲ့ချီပြီး ဖမ်းဖို့ အခက်အခဲဖြစ်လို့ လပိုင်းလောက်ဖမ်းပြီး ပြန်လွတ်တာဖြစ်တယ်"
TNLA ဘက်က ပြောဆိုချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ ခိုလုံလီရှောတိုင်းရင်းသားတွေကို RFA က မေးမြန်းခဲ့ပါတယ်။
ဖမ်းဆီးတဲ့အထဲမှာ ကျောင်းနေတဲ့ ကလေးတွေကို ဖမ်းတာ၊ ကြက်ဝက်တွေ ဖမ်းပြီးယူသွားတာတွေဟာ ဘိန်းစိုက်လို့ကြောင့်လားဆိုတာကို အများပြည်သူ စဉ်းစားလို့ရနိုင်မယ်လို့ ပြောပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ ခိုလုံလီရှောတိုင်းရင်းသားတွေကို ကူညီစောင့်ရှောင့်ပေးဖို့ တောင်းဆိုကြောင်းလည်း မသိမ့်သိမ့်ထွန်းက ပြောပါတယ်။
"အစိုးရအနေနဲ့ ကူညီပါအုံး၊ ပစ်မထားစေချင်ဘူး။ လူမျိုးမပျောက်သွားအောင် ထိန်းသိမ်းပေးစေချင်တယ်။ တခြားလူမျိုးကြီးတွေလို တန်းတူ အခွင့်ရေးရအောင် ကူညီပေးဖို့ လိုပါတယ်။ လူ့အဖွဲ့စည်းတွေရောပါ။ ကျမတို့ဒေသဆို အကူအညီ လုံးဝမရဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ ပြဿနာဖြစ်ရင်တောင် ချက်ချင်းမသိရဘူူး"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသမှာ ခိုလုံလီရှော လူမျိုးတွေရှိတာဖြစ်ပြီး ရွာပေါင်း ၁၀၀ ကျော်ရှိပေမယ့် ပလောင်ရွာတွေနဲ့ နီးကပ်တဲ့ အချို့ရွာတွေမှာ လူတွေ သိပ်မနေရဲကြတော့ဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။