ဧည့်သည်မျှော်နေတဲ့ ဦးပိန်တံတားက ဒေသခံများ
အမရပူရမြို့နယ်က တောင်သမန်အင်းနဲ့ အထင်ကရ ဦးပိန်တံတားဟာ အရင်က အလည်လာတဲ့သူတွေနဲ့ ကြက်ပျံမကျ အမြဲစည်ကားနေတတ်ပါတယ်။
-
RFA Burmese
2023-07-19 -
-
-
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်သမန်အင်းနဲ့ အထင်ကရ ဦးပိန်တံတားဟာ အရင်က အလည်လာတဲ့သူတွေနဲ့ ကြက်ပျံမကျ အမြဲစည်ကားနေတတ်ပါတယ်။ ဒါပေမဲ့ အခုတော့ ပြည်တွင်း၊ ပြည်ပဧည့်သည် သိသိသာသာနည်းသွားတာ နှစ်နဲ့ချီလာပြီဖြစ်လို့ ဒေသခံတွေမှာ ဝမ်းရေးခက်နေကြပါပြီ။
အရင်ကတစ်နှစ်ကို လာတဲ့သူ သိန်းချီရှိခဲ့တဲ့ ဦးပိန်တံတားမှာ အခုအချိန်မှာတော့ အများဆုံးလာမှ သောင်းဂဏန်းထိပဲရှိတယ်လို့ ဆိုပါတယ်။
"အရင်တုန်းက နိုင်ငံခြားဧည့်သည်တွေအကြိုက် ရောင်းတယ်လေ။ ခုတော့ ဗမာကုန်လေး ပြောင်းလိုက်တယ်"
အခုလို ခရီးသည်နည်းသွားတာကြောင့် ဦးပိန်တံတားကို အမှီပြုလုပ်ကိုင်စားသောက် ကြရတဲ့ ဒေသခံတွေ ဝင်ငွေနည်းပြီး အဆင်မပြေတာတွေ ကြုံတွေ့နေရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင် မချိုချိုမာက ပြောပါတယ်။
"အရင်တုန်းကတော့ အနည်းဆုံး မရောင်းရဘူးဆို ၄ သိန်း၊ ၅ သိန်းဖိုးရောင်းရတယ်။ အခုကျတော့ ၃ သောင်းတောင်မှ မနည်းရယ်။ စနေ၊ တနဂ်နွေနဲ့ ဥပုသ်ရက်လေးတွေဆို ရောင်းရတယ်။ ကြားရက်တွေဆိုရင် တစ်သောင်းခွဲ အများဆုံးပဲ။ ရေသန့်ဆိုရင် တစ်နေကုန်မှ ၂ ကတ် အများဆုံးပဲ။ ဘယ်ဟာနေနေ အဆင်မပြေပါဘူး"
ဦးပိန်တံတားနဲ့ တောင်သမန်အင်းကို အမှီပြုပြီး ဈေးရာင်းတဲ့သူ၊ ခရီးသွား ဝန်ဆောင်မှုပေးတဲ့သူ၊ ငှက်ခတ်တဲ့သူ ဦးရေဟာ ထောင်နဲ့ချီပြီးရှိခဲ့ပါတယ်။
တောင်သမန်အင်းမှာ အရင်က အရံထားတဲ့ ငှက်လို့ခေါ်ကြတဲ့ လှေအစီးရေ ၇၀ ကျော်ရှိပြီး အလုပ်ဖြစ်ကြတယ်လို့ ပြောပါတယ်။ အခုတော့ ငှက်ခတ်တဲ့သူ ၃၀ လောက်ပဲရှိတော့သလို ငှက်ခတ်တဲ့သူတွေဟာလည်း အနီးတဝိုက်က လူတွေလာတတ်တဲ့ အလုပ်ပိတ်ရက်တွေကိုပဲ အားကိုးနေရတယ်လို့ ငှက်ခတ်သမားကြီး ဦးစောဟန်က ပြောပါတယ်။
"စနေ၊ တနင်္ဂနွေနဲ့ ဥပုသ်ခံရင် လူက ပိုလည်းစည်တယ်၊ ပို့လည်း ပို့ရတယ်ပေါ့။ လာတဲ့သူကလည်း နွမ်းပါးတဲ့သူက များတယ်လေ၊ တောအဖွဲ့က များတယ်။ တစ်သောင်းရလည်း ပို့ရတာပဲ။ ငါးထောင်ရလည်း ပို့ရတာပဲ။ လူကြည့်ပြီးတော့ ရမယ့်ပိုက်ဆံ မဆုံးရှုံးသွားရအောင် အဆင်ပြေသလိုပို့ရတာပဲပေါ့ကွာ"
ငှက်ခတ်တဲ့သူတွေအဖို့ ဝင်ငွေပိုရတဲ့ ပြည်ပဧည့်သည်တွေကို အားကိုးခဲ့ရာကနေ အခုတော့ ပြည်တွင်းဧည့်သည်တွေကိုပဲ အမှီပြုနေရတော့တာပါ။
သူတို့လိုပဲ နိုင်ငံခြားဧည့်သည်ကို အဓိကအမှီပြုတဲ့ ဈေးဆိုင်တွေလည်း အရောင်းပါးသွားလို့ မြန်မာ ဧည့်သည်တွေကြိုက်မယ့် လက်ဆောင်ပစ္စည်းတွေကိုပါ ထပ်တိုးရောင်းနေ ရတယ်လို့ ပြောပါတယ်။
"အရင်တုန်းက နိုင်ငံခြားဧည့်သည်တွေအကြိုက် ရောင်းတယ်လေ။ ခုတော့ ဗမာကုန်လေး ပြောင်းလိုက်တယ်။ Tour ကတော့ မလာတော့ဘူး၊ တစ်ခါတလေ တစ်လနေလို့ တစ်ယောက်တောင် မမြင်ရတော့ဘူး"
ခေတ်ကောင်းတဲ့အချိန်တုန်းကဆိုရင် တစ်ရက်ကို ပြည်ပဧည့်သည် ထောင်ချီရှိခဲ့ပေမယ့် ဒီရက်ပိုင်းတွေမှာတော့ တရုတ်နဲ့ ထိုင်းနိုင်ငံသား နည်းနည်းပါးပါးလောက်ပဲ တွေ့တော့တယ်လို့ ဆိုပါတယ်။
အဲဒီကဈေးသည်အများစုဟာ တောင်သမန်ရွာနဲ့ အမရပူရက ဒေသခံတွေပါ။
ဧည့်သည်တွေ အရင်လောက်မလာတော့ပေမယ့် ကုန်ဈေးနှုန်းကြီးလာတာ၊ အလုပ်အကိုင်ရှားလာတာတွေကြောင့် ဦးပိန်တံတားပေါ်မှာ လုပ်ကိုင်စားသောက်တဲ့သူတွေ အရင်ကထက် ပိုများလာတယ်လို့ ဆိုပါတယ်။
"သူတို့လည်း စားဖို့၊ သောက်ဖို့ ရမယ်လို့တော့ တွက်လို့ရတယ်။ ရမယ်လို့ တွက်လို့ရတယ်ဆိုတာ ကိုယ့်မျက်စိအောက် အမြင်ပဲလေ။ ရေခဲမုန့် သည်လေးတွေကအစ၊ အချဉ်ပေါင်း အကုန်အစုံရောင်းတဲ့ အသည်တွေမှာဆိုရင်လည်း တော်တော်များများ ဇရပ်တွေထဲမှာ အပြည့်ရှိတယ်။ ရှစ်ထောင်၊ တစ်သောင်းကတော့ မြတ်မယ်လို့ တွက်လို့ရတယ်။ ထမင်းစားရုံကတော့ ရမယ်လို့တွက်လို့ရတယ်"
အရှည် ပေလေးထောင်နီးပါးရှိတဲ့ ဦးပိန်တံတားဟာ ကုန်းဘောင်ခေတ် ပုဂံမင်း လက်ထက်မှာ ဆောက်ခဲ့တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၁၇၀ ကျော်ရှိလာခဲ့ပါပြီ။ တံတားရဲ့တိုင်တွေက အဖိုးတန် ကျွန်းသားတွေဖြစ်ပြီး အင်းဝနဲ့ စစ်ကိုင်းမြို့ဟောင်းက နန်းတော်တိုင်တွေဖြစ်တယ်လို့ သမိုင်းကဆိုပါတယ်။
အဲဒီအပြင် တောင်သမန်ဒေသကို ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်မယ့် ထူးခြားချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ တောင်လေးလုံးကျောင်းတိုက်ပါ။ ကျောင်းတိုက်ထဲမှာတော့ မြန်မာပြည်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အထင်ကရ ကဗျာနဲ့ စာပေပညာရှင်တွေ၊ သမိုင်းပညာရှင်ရဲ့ အုတ်ဂူတွေကို ပြတိုက်အနေနဲ့ ဖော်ပြလို့ရနေတာဖြစ်ပါတယ်။
ကမ္ဘာမှာတော့ ခရီးသွားလုပ်ငန်းကို မီးခိုးမဲ့စက်ရုံလို့ တင်စားပြောဆိုကြပါတယ်။ စက်ရုံတွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်မထွက်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ တိုင်းပြည်ဝင်ငွေရသလို၊ အဲဒီတစ်ဝိုက်က ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေရလို့ပါ။
ဒါကြောင့် တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ တိုင်းပြည်အတွက်ရော၊ ဒေသခံတွေအတွက်ပါ အကျိုးဖြစ်ထွန်းစေတဲ့ နေရာတစ်ခုအဖြစ်နဲ့ ဧည့်သည်တွေ ပြန်စည်လာမယ့်အချိန်ကို ဖော်ရွေပျူငှာတဲ့ ဒေသခံတွေက စောင့်နေကြပါတော့တယ်။