မြစ်ကြီးနားမှာ အမျိုးသမီးတွေ ပစ်မှတ်ထား တိုက်ခိုက်လုယက်ခံနေရ

စစ်တပ်ကအာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ပျက်ပြားလာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လုယက်မှု၊ ခိုးမှုနဲ့ ဓားပြတိုက်မှုတွေဟာ အရင်ကထက် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့တွင် လုယက်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၁ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်တပ်ကအာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ပျက်ပြားလာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လုယက်မှု၊ ခိုးမှုနဲ့ ဓားပြတိုက်မှုတွေဟာ အရင်ကထက် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုစရိုက်မှုကျူးလွန်သူတွေဟာ အမျိုးသားတွေထက် ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်နိုင်မှု ပိုအားနည်းတဲ့ အမျိုးသမီးတွေကို အဓိက ပစ်မှတ်ထားပြီး အသက်သေဆုံးတဲ့အထိ တိုက် ခိုက်လုယက်လာတယ်လို့ သေဆုံးသူ အမျိုးသမီးတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

"လုယက်ခံရပြီးတဲ့ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ရာနှုန်းပြည့်ရှိတဲ့အကြောင်း ပြောချင်တယ်"

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ သံတို၊ သံစ၊ ဘူးခွံတွေ လိုက်ဝယ်တဲ့ အသက် (၄၃) နှစ်အရွယ် ဒေါ်ချိုဟာ လူတစ်ဦးရဲ့ ဓားနဲ့ထိုး တိုက်ခိုက်လု ယက်တာကိုခံရပြီး အသက်ဆုံးခဲ့ပါတယ်။

အခင်းမဖြစ်ခင် မနက်ပိုင်းက အလုပ်မသွားဖို့ မိသားစုဝင်တွေက တားကြပေမယ့် သမီး ဖြစ်သူရဲ့ ဆေးဖိုးအတွက် အလုပ်ထွက်လုပ်ရာကနေ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာလို့ သမီးကြီးဖြစ်သူ မခိုင်ဝင်းက ပြောပါတယ်။

“ဖြစ်မယ့်မနက်က အမေလို့ အလုပ်မသွားပါနဲ့လား၊ အဲဒီနေ့က မိုးလည်းအေးတော့ မိုးရွာလိမ့်မယ်ဆိုတော့၊ အမေက မကြာဘူး သမီး၊ အမေ ခဏလေးပဲ၊ ဖောက်သည်ယူပြီး ပြန်လာမှာ မကြာဘူးတဲ့။ ခဏလေးဆိုပြီး ကိုးနာရီ ကျော်လောက်မှ ထွက်သွားတာ။ အမေကြီးကိုတော့ ပြောသွားတယ်တဲ့ ညနေ ကိုယ့်အတွက် ဆေးဖိုးသွားပြီး ရှာလိုက် ဦးမယ်၊ ညနေကျ ဆရာဝန်လည်း ထပ်ပြဖို့ ဘယ်လောက်ကုန်မယ် မသိဘူးတဲ့။ အဲလို ပြောပြီး ထွက်သွားတာ၊ ကိုယ်တောင် မသိလိုက်ဘူး။ ကိုယ့်ကျ ဒီအတိုင်းပဲ ပြောသွား တာ“

အသက် ၂၄ နှစ်အရွယ် သမီးကြီး မခိုင်ဝင်းဟာ ငယ်စဉ်ကတည်းက နှလုံးသွေးကြော ကျဉ်းတဲ့ရောဂါ ခံစားနေရပြီး ဆေးကုသစရိတ်ကို မိခင် ဒေါ်ချိုကပဲ တာဝန်ယူနေရတာပါ။ ဆေးခန်းတစ်ခါပြရင် ကျပ် တစ်သောင်းနဲ့ နှစ်သောင်းကြားမှာ ကုန်ကျပြီး အခု မိခင်ဒေါ်ချို မရှိတော့တဲ့နောက်ပိုင်း ဆေးမကုနိုင်ဘဲ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဒေါ်ချိုမှာ သားသမီး ခြောက်ယောက်ရှိပြီး အသက် ၁၈ နှစ်အောက် ကလေး သုံးယောက်နဲ့ ကျန်းမာရေးမကောင်းတဲ့ သမီးကြီးကို ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။ သူ့မှာ ခင်ပွန်းရှိပေမယ့် သူ့ခင်ပွန်းကလည်း ကြုံရာကျပန်းလုပ်ရသူမို့ မိသားစုစားဝတ်နေရေး အတွက် ဇနီးဖြစ်တဲ့ ဒေါ်ချို ရရာအလုပ်ကို ထွက်လုပ်ရတာပါ။

ဒေါ်ချိုဟာ သံတို၊ သံစ၊ ဘူးခွံတွေ ရောင်းဝယ်တဲ့အလုပ်နဲ့ မိသားစုရဲ့စားဝတ်နေရေးကို တာဝန်ယူ ဖြေရှင်းခဲ့ပါတယ်။ အလုပ်ကနေရတဲ့ဝင်ငွေဟာ တစ်ရက်ကို ကျပ် ငါးထောင် ကနေ နှစ်သောင်းကြားမှာ ရှိပါတယ်။

ဒေါ်ချိုကို အသက်ဆုံးတဲ့အထိ တိုက်ခိုက်လုယက်ခဲ့တဲ့ အမျိုးသားကိုတော့ အခင်းဖြစ်ပြီး သုံးရက်အကြာ မတ်လ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က CCTV လုံခြုံရေးကင်မရာကတစ်ဆင့် ခြေရာခံပြီး ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့က မဘောမ် ဆွမ့်ဟာ သူငယ်ချင်းရဲ့ မွေးနေ့ကနေ ဆိုင်ကယ်နဲ့အပြန် အင်ဂျန်ဒုန်ရပ်ကွက် ဆွမ်ပရာ ဘွမ်လမ်းမကြီးပေါ်မှာ အမျိုးသားလေးယောက်ရဲ့ ဝိုင်းဝန်းလုယက်တာကို ခံခဲ့ရပါတယ်။

သူက ကံကောင်းထောက်မစွာ ဒေါ်ချိုလို အသက်ဆုံးတဲ့အဖြစ်မျိုး မကြုံခဲ့ပေမယ့် အခု နောက်ပိုင်း အပြင်ထွက်တိုင်း စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ မလုံခြုံတော့သလို ခံစားရတယ်လို့ ဆိုပါတယ်။

“ကြောက်တာပေါ့ လုံးဝစိတ်မလုံဘူး။ ပြန်ဖြစ်မလားဆိုတဲ့ အတွေးနဲ့ပေါ့။ အမြဲတမ်း ဆိုင်ကယ်မောင်းပြီဆိုရင် ဘက်မှန်ကို နောက်မှာထားတယ်။ ကိုယ့်နောက်မှာ ဘယ်သူ လိုက်လာသလဲဆိုတာ ကျမအမြဲတမ်း လုံခြုံအောင်ဆိုပြီး ဘက်မှန်ကို နောက်မှာထား တယ်။ ကိုယ်က ဆိုင်ကယ်မောင်းရင် ရှေ့ကိုပဲ ကြည့်ရမှာလေ။ ဘက်မှန်ကို နောက် မှာထားပြီး ကာကွယ်တာပေါ့။ တစ်ခါတလေ ဘေးကလူတွေ အရမ်းကိုယ့်နားကပ်လာ ပြီဆိုရင် သူများအိမ်ဝင်လိုက်တာမျိုး၊ အဲလိုမျိုးဖြစ်ပြီးကတည်းက ညဆိုအပြင်သိပ် မထွက်ရဲဘူး။ အပြင်သွားစရာရှိ စောစောသွားလိုက် စောပြန်ရောက်ပေါ့နော့်“

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တုန်းကလည်း မနက်ပိုင်း အားကစားလုပ်ဖို့ GYM ကို သွားတဲ့ မစုမွန်မြင့်ကို မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက် အမှတ် (၂) ရဲစခန်းအနီးမှာ ဆိုင်ကယ်နဲ့ လူတစ်ယောက် ရုတ်တရက်ရောက်လာပြီး လက်ကိုင်ဖုန်းလုသွားပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတွေ အပါအဝင် လူတိုင်း အပြင်ထွက်သွားလာတဲ့အခါ အမြဲသတိရှိဖို့ လိုအပ်တယ်လို့ မစုမွန်မြင့်က အကြံပေးပါတယ်။

“မဖြစ်ရင်တော့ မဖြစ်ဘူး။ ဖြစ်ပြီးမှဆို ဘာမှမတတ်နိုင်ဘူးလေ။ တစ်ခဏအတွင်းမှာ လည်း ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့ ကိုယ့်ဘက်ကနေ သတိဝီရိယနဲ့ပေါ့၊ ဘယ် အချိန်ပဲဖြစ်ဖြစ် သတိတစ်ချက် မလွတ်သင့်ဘူး။ ဘာလို့လဲဆိုတော့ ခေတ်အခြေအနေ အရ၊ စားဝတ်နေရေး ကျပ်တည်းလာတာအရရော ညီမတို့ဆီက လုသွားပြီးရင် ဘယ် လောက်ပဲ တန်ဖိုးကြီးတာပဲဖြစ်ဖြစ် ကိုယ့်ပစ္စည်းမဟုတ်တဲ့အချိန်ကျ သူတို့က ရရာ ဈေးနဲ့ ရောင်းမှာပဲ“

မတ်လ ၂၃ ရက်နေ့က ဒေါ်ချို လုယက်ခံရလို့ အသက်ဆုံးခဲ့ပြီးတဲ့နောက် သုံးရက်အကြာ မတ်လ ၂၇ ရက် ညခုနစ်နာရီလောက်မှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နဲ့ စီတာပူ ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ဂျပန်လမ်းမပေါ်သွားနေတဲ့ ကားတစ်စီးကို အမျိုးသား သုံးယောက်က သေနတ်ပြပြီး လုယက်ခဲ့ပါသေးတယ်။

အရင်ကဆိုရင် မြစ်ကြီးနားမြို့မှာ လူအသွားအလာနည်းတဲ့ လမ်းကြားတွေမှာသာ လုယက် မှုတွေ ဖြစ်လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ လူသွားလူလာများတဲ့ လမ်းမကြီးပေါ် အထိပါ အမျိုးသားတွေက အုပ်စုဖွဲ့ပြီး လုယက်လာတာပါ။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ လူမှုရေး ရာဝန်ကြီး ဦးဝင်းရဲထွန်းကို မေးမြန်းတဲ့အခါ မြစ်ကြီးနားမှာ အဲဒီလို ဒုစရိုက်မှုတွေ ထူးထူး ခြားခြား များလာတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“နံပါတ် ၁ က ကချင်ပြည်နယ်မှာ အဲလို မှုခင်းတွေ ထူးထူးခြားခြား အများကြီး ဖြစ်လာ တာမျိုး မရှိပါဘူး။ ကျနော်တို့ ပြန်စစ်ပြီးပါပြီ။ နောက် နံပါတ် ၂ က အဲဒီ ဖြစ်စဉ်တွေရဲ့ လူသတ်တာတို့၊ လူသေတာတို့ အဲလိုမျိုးဖြစ်တဲ့ ဖြစ်စဉ်တွေအပေါ်မှာ ရဲတပ်ဖွဲ့ကလည်း စုံစမ်းပြီးတော့ အရေးယူနိုင်ဖို့ ဖော်ထုတ်နေပါတယ်။ အစိုးရအဖွဲ့အနေနဲ့ အဲကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ လုံခြုံရေးကိစ္စတွေကို ကြီးကြပ်ပြီး လိုက်လုပ်ပေးနေတာ အဲဒါပါပဲ”

မြစ်ကြီးနားမြို့ခံတွေကတော့ လုယက်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် လက်ရှိနိုင်ငံရေး အခြေနေအရ ရဲစခန်းကိုသွားပြီး အမှုဖွင့်တိုင်ကြားတာမျိုး မလုပ်ရဲတာကြောင့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့တွင်း တစ်နေရာအား ၂၀၂၂ မေလအတွင်းက တွေ့ရစဉ် (Photo: RFA)

ဒီလိုဖြစ်ရပ်တွေကြောင့် ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ အခုလိုအချိန်မျိုးမှာ အမျိုးသမီးတွေဟာ စိုးရိမ်စိတ်ထက် ကျော်လွန်ပြီး ကြောက်ရွံ့မှုကို ခံစားနေရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ လုယက်မှုတွေ ခံနေရတာဖြစ်တဲ့အတွက်ကြောင့် လုံခြုံမှု က တကယ်ကို မရှိပါဘူး။ အထူးသဖြင့် လုယက်ခံရပြီးတဲ့ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ရာနှုန်းပြည့်ရှိတဲ့အကြောင်း ပြောချင်တယ်။ ကိုယ့်အနားမှာ အရိပ်လိုလို တစ်ခုခု ဖြတ်ခနဲ ကျော်သွားရင်တောင်မှ နှလုံးခုန်ပြီး စိုးရိမ်စိတ်ဆိုတာထက် ကြောက် စိတ်က ပိုပြီးများသွားတာကို တွေ့ရပါတယ်“

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က တိုက်ခိုက်လုယက်ခံရပြီး အသက်ဆုံးခဲ့သူ ဒေါ်ချိုရဲ့ ကျန်ရစ် တဲ့ သမီးကြီး မခိုင်ဝင်းကတော့ မိခင်ဆုံးသွားတာကို မယုံနိုင်သေးဘဲ အခုချိန်ထိ ပြန်လာဦး မလားဆိုပြီး မျှော်လင့်နေမိဆဲလို့ ပြောပါတယ်။

“အဲနေ့က အမေပြောတာ ခဏလေးတဲ့။ ခဏလေးက အခုချိန်အထိ ကြာနေတုန်း။ အမေ့ ခဏလေးက ကြာလှပြီလို့။ အမေက ၁၁ နာရီ၊ ၁၂ နာရီဆို အမြဲတမ်း ပြန်လာတယ်။ အဲချိန်ဆို ကိုယ်ကအိပ်နေပြီဆို အဖေလို့ အမေ မလာသေးဘူးလား၊ တစ်ခါတလေကျရင် မေးမိတယ်။ အမေ မရှိတော့ဘူး။ အမေ မရှိတော့မှန်း သိသိကြီးနဲ့ တစ်ခါတလေကျ စိတ်ကတအားလွတ်တာ“

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org