ကယားပြည်နယ်မှာ ကိုးလအတွင်း တိုက်ပွဲကြောင့် အရပ်သား ၁၀၂ ဦး သေဆုံး

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲမှာ အရပ်သား ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၁၆ ရက် ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် ဖယ်ခုံမြို့နယ်မှာ ထွက်ပြေးနေရသူတွေကို တွေ့ရစဥ် Photo: John Alben

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲမှာ အရပ်သား ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

အများစုက တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပစ်ခတ်ခံရလို့ သေဆုံးရတာဖြစ်ပြီး တချို့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခံရလို့ သေဆုံးတာ၊ နေအိမ်တွေမှာ အသတ်ခံ ထားရတာတွေဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညား က ပြောပါတယ်။

တိုက်ပွဲကြောင့် ရှောင်တိမ်းရင်း စားနပ်ရိက္ခာလိုအပ်လို့ နေရပ်ပြန်ယူရင်းကနေ စစ်ကောင်စီတပ်က ပစ်ခတ် ခံရတာတွေကြောင့် သေဆုံးရသူတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကနေ နိုဝင်ဘာလအထိ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ အပါအဝင် ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲပေါင်း ၁၀၉ ကြိမ်အထိဖြစ် ခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုက်ပွဲဖြစ်တဲ့ ကိုးလအတွင်းမှာ PDF တပ်က သေဆုံးသူ ၃၂ ဦးရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၄၅၀ အထိရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကော်စီရဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ၁၉ စီးအထိ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့ ကိုးလတာကာလအတွင်း အရပ်သားနေအိမ် ၄၂၁ အိမ် ပျက်စီးခဲ့ပြီးတော့ ဖမ်းဆီးခံထားရတဲ့သူ အရေအတွက်က ၁၇၄ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်တွေဟာ မြေပြင်မှာရှိတဲ့ PDF တပ်ဖွဲ့တွေက ရရှိတဲ့စာရင်းကိုကိုးကားပြီး PKPF က ထုတ်ပြန် ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီထုတ်ပြန်ချက်မှာပါရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန် တာမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org