စစ်ကောင်စီတပ်စခန်း ၅၀ ကျော်သိမ်းထားကြောင်း TNLA ပြော
၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း (၅၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2023-12-08 -
-
-
၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရှမ်းပြည် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း (၅၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ညနေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းစစ်ဒေသ (၃) မှာရှိတဲ့ မန်တုံမြို့နယ် ခိုမုန်း (မန်းနား) တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဒီဇင်ဘာ ၈ ရက် မနေ့ညမှာ ထုတ်ပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ တအာင်းစစ်ဒေသ အမှတ် (၂) ဖြစ်တဲ့ ကျောက်မဲမြို့နယ် လယ်ကြီးတပ်စခန်းကိုလည်း သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦးနဲ့ ရဲသုံးဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခိုမုန်း (မန်းနား) တပ်စခန်းကနေ လက်နက်၊ ခဲယမ်းအမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဒီဇင်ဘာလ ၉ ရက် ဒီနေ့မနက်ပိုင်း TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၈ ရက်တိုက်ပွဲတွေအတွင်း နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ်၊ မန်တက်နဲ့ နမ့်ဖက်ကာ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ (၁၆) ကြိမ် ပစ်ကူပေးခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကွတ်ခိုင်ဗျူဟာတပ်စခန်းကိုလည်း TNLA က တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နမ့်ခမ်းမှာ တိုက်ပွဲတွေ ဖြစ်နေသလို အဲဒီ နမ့်ခမ်းစခန်းကို တိုက်နေတာ တစ်လကျော်လောက်ရှိပြီလို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကနေ တစ်ဆင့်ပြောပေမယ့် စခန်းတွေ အသိမ်းခံရတာကို ထည့်ပြောသွားတာ မရှိပါဘူး။