ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ် ဆင်နွှဲဖို့ ပြင်ဆင်
ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ အလုပ်တွေ၊ ကျောင်းတွေ၊ ဈေးတွေမသွားဘဲ မိမိနေအိမ်မှာပဲနေထိုင်ပြီး အသံတိတ်သပိတ် ဆင်နွှဲကြဖို့ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ က တိုက်တွန်းထားပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-12-09 -
-
-
ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ အလုပ်တွေ၊ ကျောင်းတွေ၊ ဈေးတွေ မသွားဘဲ မိမိနေအိမ်မှာပဲ နေထိုင်ပြီး အသံတိတ်သပိတ်ဆင်နွှဲကြဖို့ အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
“လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ၄နာရီအတွင်း ပြုလုပ်မယ့်၊ ကားမရှိဘူး၊ လူမရှိဘူး၊ ဆိုင်ခန်းတွေ မရှိဘူးဆိုတဲ့ Silent Strike မှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပေးကြပါလို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။”
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ (တကသ ရန်ကုန်)မှ လူငယ်တွေက ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲရာမှာ ပြည်သူတရပ်လုံး ပါဝင်ကြဖို့ ရန်ကုန်မြို့က ဈေးနဲ့ရပ်ကွက်အချို့မှာ လိုက်ပြီး နှိုးဆော်ခဲ့တာပါ။
ဒီဇင်ဘာလ ၁၀ရက် အသံတိတ်သပိတ်ဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြည်သူတစ်ရပ်လုံးပါဝင်မယ့် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ (တကသ -ရန်ကုန်)က ကျောင်းသားခေါင်းဆောင် ကိုမင်းဟန်ထက်က ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ဖို့၊ ဈေးဆိုင်တွေ မဖွင့်ကြဖို့နဲ့ ကိုယ့်အိမ်တွေမှာပဲ အနက်ရောင်ဝတ်ဆင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသရင်း အသံတိတ်သပိတ်ဆင်နွှဲကြဖို့ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက ပြည်သူတွေကို နှိုးဆော်ထားတာဖြစ်ပါတယ်။
အခုလို အသံတိတ်သပိတ် ဆင်နွှဲဖို့ နှိုးဆော်ထားတဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့ဟာ နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားမှု သမိုင်းမှာကော၊ မြန်မာနိုင်ငံရဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုသမိုင်းကြောင်းမှာပါ အရေးကြီးတဲ့ သမိုင်းဝင် နေ့တစ်နေ့ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ရက်နေ့ မတိုင်ခင်ရက်တွေမှာတော့ မကွေးတိုင်း၊ မကွေးမြို့၊ ပဲခူးတိုင်း ပြည်မြို့နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့တွေမှာ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တွေက ဈေးဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင်နဲ့ စူပါမားကတ် ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ယူပြီး၊ ဒီဇင်ဘာ ၁၀ရက်နေ့မှာ ပုံမှန်အတိုင်းဆိုင်တွေဖွင့်ဖို့ တိုက်တွန်းပြောကြားခဲ့ပြီး၊ ဈေးဆိုင်တွေ ပိတ်သိမ်းထားတာ တွေ့ရပါက ဆိုင်ဖွင့်ခွင့်လိုင်စင်ရုပ်သိမ်းသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ မြန်မာနိုင်ငံအရပ်ရပ်က မြို့ရွာတွေမှာ ဒီနေ့ အသံတိတ်သပိတ် ဆင်နွှဲဖို့ ပြင်ဆင်နေကြတဲ့ အခြေအနေနဲ့ မြို့ရွာအချိုမှာ စစ်ကောင်စီ အာဏာပိုင်တွေဘက်က ဈေးဆိုင်တွေ မဖြစ်မနေဖွင့်ကြဖို့ အတင်းအကြပ် တိုက်တွန်းနေတဲ့အခြေအနေတွေကို မန္တလေးမြို့အခြေစိုက် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုတေဇာဆန်းက အခုလို ပြောပြပါတယ်။
ဒီဇင်ဘာ၉ရက်ညက ရန်ကုန်မြို့မှာတော့ လမ်းမတွေပေါ်မှာ တိတ်ဆိတ်နေကြပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ စစ်ကားအချို့ လှည့်လည်နေတာ တွေ့ရတယ်လို့ ကျောက်မြောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့၊ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၇ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ကိုအာကာမျိုးထက်ကတော့ ရန်ကုန်မြို့မှာ မနေ့ကညအထိ အသံတိတ်သပိတ်ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ အခြေအနေအချို့ကို အခုလို ပြောပြပါတယ်။
“Strike အခြေအနေက ကောင်းပါတယ်။ သောကြာနေ့ဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေအတွက် အခက်အခဲ ဖြစ်စေတယ်ဆိုပြီး၊ ဘေးထိုးတာတွေ ရှိနေပါတယ်။ တကယ်တမ်းကျတော့ ကိုဗစ်ကာလလဲ ဖြစ်တယ်၊ ဘာသာရေးအရ သွားမယ်ဆိုလဲ သွားလို့ရပါတယ်။ ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး။ Silent strike ဆိုတာကလည်း လှုပ်လှုပ်ရှားရှားမနေဘူး။ လုပ်စရာရှိတာတော့ လုပ်မယ်။ တတ်နိုင်သမျှ အပြင်မထွက်ဘူး ဆိုတဲ့ သဘောကို ဖော်ညွှန်းတာပါ။ တကယ်တော့လည်း အဲဒီကြေငြာချက်ကလည်း အတုပါ။ ”
ရန်ကုန်မြို့အမေရိကန်သံရုံးကတော့ အသံတိတ်သပိတ် silent strike ဆင်နွှဲမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာ လုံခြုံရေးအတွက် အထူးသတိပြုနေထိုင်ကြဖို့ မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မကြာခင်က ရန်ကုန်မြို့နဲ့ အနီးတဝိုက် ဒေသတွေမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ တိုက်ခိုက်မှုတွေဟာ ထပ်ပြီးဖြစ်လာဖို့ ဖြစ်နိုင်ခြေရှိနေပြီး၊ စစ်ကောင်စီ တပ်ဖွဲ့တွေဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန် တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေရှိနေကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ခရီးသွားလာတာနဲ့ သူလူစုဝေးတာတွေ မလုပ်ဘဲ နေအိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းကြောင်း သံရုံးက ထုတ်ပြန်တဲ့ သတိပေးချက်ထဲမှာ ပါရှိပါတယ်။