ဒုန်းတောရွာဖြစ်စဉ်မှာ အသက် ၁၈ နှစ်အောက် လေးဦး မီးရှို့အသတ်ခံခဲ့ရ
ဒီဇင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာက အသတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်လေးဦး ပါဝင်နေပြီး သူတို့အားလုံးကို ဒီကနေ့ စုပေါင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-08
-
-
-
ဒီဇင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာက မီးရှို့အသတ်ခံရသူ ၁၁ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်ကနေ ၁၇ နှစ်အကြား ဆယ်ကျော်သက်လူငယ် လေးယောက်ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့အသတ်ခံရသူ ၁၁ ယောက်ထဲက ၁၀ ယောက်ရဲ့ နာမည်တွေကတော့… ကိုအာကာစိုး (၁၄ နှစ်)၊ ကိုဆန်းမင်းဦး (၁၇ နှစ်)၊ ကိုသန်းမြင့်အောင် (၁၇ နှစ်)၊ ကိုကျော်သက် (၁၇ နှစ်)၊ ကိုချစ်နန်းဦး (၁၉ နှစ်)၊ ကိုစန်းကို (၂၀ နှစ်)၊ ကိုဝင်းကော် (၂၀ နှစ်)၊ ကိုထက်ကို (၂၂ နှစ်)၊ ကိုဇင်မင်းထွန်း (၂၂ နှစ်)၊ ကိုတင့်နိုင် (၃၀ နှစ်) တို့ ဖြစ်ပါတယ်။ ကျန်တစ်ယောက်ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ လောလောဆယ် အတည်ပြုလို့ မရသေးပါဘူး။ သူတို့အားလုံးဟာ တချို့က ညီအစ်ကိုဝမ်းကွဲတွေ၊ တချို့က ဆွေမျိုးနီးစပ် တော်စပ်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သူတို့အားလုံးကို မီးရှို့အသတ်ခံရတဲ့နေရာမှာပဲ မြေမြုပ်သင်္ဂြိုဟ်ဖို့ စီစဥ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"ဒီနေ့ ကျနော်တို့ကတော့ ဒီတိုင်း မငြိမ်းချမ်းတဲ့ကြားထဲကနေပဲ သင်္ဂြိုဟ်ရမှာ။ ဒီတိုင်းကြီး ပစ်မထား ချင်တဲ့အတွက် နေရာမှာတင်ပဲ ကျင်းတွေဘာတွေ စီစဉ်ပြီးတော့ သင်္ဂြိုဟ်ရမှာ။ လက်ရှိ ကားတွေဘာတွေ သုံးဖို့ကလည်း ဒီဘက်မှာ လုံးဝမရဘူးခင်ဗျ။ ပစ်တာခတ်တာတွေနဲ့လည်း အဆင်မပြေဘူး။ ပစ်တာ ခတ်တာတွေနဲ့ ဘေးနားမှာလည်း လက်နက်ကြီးပစ်သံတွေက ကြားနေရတယ်။ လောလောဆယ် ကျနော်တို့ အစီအစဉ်ကတော့ ထင်းတွေဘာတွေ တည်မယ်ခင်ဗျ။ ပြီးရင် အဲနားမှာ အားလုံးစုပြီးတော့ သင်္ဂြိုဟ်မယ်။ သင်္ဂြိုဟ်ပြီးတော့ အရိုးပြာကို ကောက်ပြီးတော့မှ သူရဲကောင်းမှတ်တိုင်တွေ ဘာတွေ လုပ်ပေးဖို့ စီစဉ်ထားတယ်"
ခင်ပွန်းဖြစ်သူ ကိုဇင်မင်းထွန်း မနေ့က မီးရှို့အသတ်ခံရပြိး ဒီနေ့မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ ကြားသိရပေမယ့် ရွာကိုမပြန်ရဲဘဲ တခြားနေရာတစ်ခုမှာ အခုချိန်ထိ ပုန်းရှောင်နေရတယ်လို့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။
"သူနဲ့ ကျမနဲ့က ကွဲသွားတော့ ဘာမှ မသိလိုက်ရတော့ဘူး။ ဖုန်းအဆက်အသွယ်တော့ ရှိတယ်။ နောက်ပိုင်း ဖုန်းခေါ်တာလည်း မကိုင်တော့ဘူး။ နောက်ပိုင်းကျတော့ စက်ပါ ပိတ်သွားတော့တာ။ သေနတ်နဲ့ ပစ်သတ်ပြီးတော့ မသေမချင်း မီးရှို့သွားတယ်လို့ ကြားလိုက်ရတာ။ အနားကမြင်တဲ့ ပုန်းနေတာကို မြင်တဲ့လူတွေက ပြောတာ၊ ကြားရတာ။ ညီမတို့က အလောင်းကို မမြင်လိုက်ရဘူး။ လူမမြင်ရဘူး။ မတွေ့ရသေးပါဘူး။ အဲဒီနေရာကို သွားတွေ့လို့ကို မရသေးတာ။ ညမတို့က အဝေးကိုရှောင်နေရတာ ရွာကို အခုထိပြန်မရောက်သေးပါဘူး။"
စစ်တပ်က ရက်စက်တာကို အရင်ကလည်း ကြားခဲ့ဖူးပေမယ့် အသက်မသေသေးတဲ့သူတွေကို အခုလို မီးရှို့သတ်ဖြတ်တာကတော့ ရက်စက်လွန်းတယ်လို့ ဒုံးတောကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့တွေ တစ်နိုင်ငံလုံး ခံနေရတာပဲ။ ဒီကောင်တွေ ရက်စက်တာကိုတော့ သိတယ်။ ဒါပေမဲ့ ဒီလောက်အထိ လက်နက်မပါတဲ့လူ အသက်မပြည့်သေးတဲ့ ကလေးတွေ ဒီလိုဟာတွေကိုတော့ ဒီလိုမျိုး မသေမရှင်နဲ့ မီးရှို့မယ်လိုတော့ တစ်ခါမှ အဲလောက်အထိ ရက်စက်မယ်လို့တော့ မတွေးဖူးဘူး။ မျက်ဝါး ထင်ထင်လည်း မမြင်ဖူးဘူး။ ကျနော်တို့တွေကို ကြောက်မယ်ထင်လို့ လုပ်တယ်လို့ပဲ မြင်တယ်။ လုံးဝ မကြောက်ဘူး ကျနော်တို့။ အဆုံးထိ ဆက်သွားမယ်။ အရေးတော်ပုံ လုံးဝအောင်ရမယ်"
အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ဒုံးတောကျေးရွာဟာ ဆားလင်းကြီးနဲ့ ယင်းမာပင် အစပ်မှာတည်ရှိပြီး ဆားလင်းကြီးမြို့ နယ်နိမိတ်ထဲမှာ ပါဝင်ပါတယ်။
ဒီဇင်ဘာလ ၇ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဟာ ယင်းမာပင်မြို့နယ် အောင်ဇေယျ ကွက်သစ်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း ဆားလင်းကြီးမြို့နယ်ဘက်ကို ရောက်လာပြီး ဒုံးတောကျေးရွာ ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်လာတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေး ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်သားတွေ ပြန်ထွက်သွားပြီးတဲ့နောက် ရွာသားတချို့ ရွာကို ပြန်လာကြည့်ချိန်မှာ နှိပ်စက်ပြီးမှ အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၁၁ ခုကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေကတော့ ယင်းမာပင်မြို့ ၁၆ ကုတင်ဆေးရုံအနီးမှာ PDF တွေက စစ်ယာဉ်တန်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်သားတွေ ထိခိုက်သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အနီးမှာရှိတဲ့ ဒုံးတောရွာထဲ ပစ်ခတ်ဝင်လာပြီး အခုလို ရွာသားတွေကို မီးရှို့သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲပြောဆိုကြပါတယ်။
ဒုံးတောဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့နဲ့ ရွာသားတွေရဲ့ ပြောဆိုချက်တွေအပေါ် အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
Viber ကနေ သတင်းထောက်တွေကို ပြန်လည်ဖြေဆိုရာမှာတော့ ဒုံးတောရွာသား ၁၁ ဦး မီးရှို့အသတ်ခံရတဲ့ ဖြစ်စဉ် လုံးဝ မရှိဘဲ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန် ဖြေကြားထားပါတယ်။
"အမြန်ဆုံး နိုင်ငံတကာ လမ်းကြောင်းက ဖိအားပေးတာရယ်၊ တရားဥပဒေအရ ဖော်ဆောင်သွားဖို့ အထူးလိုအပ်နေပါပြီ"
ဒုံးတောရွာမှာ အရပ်သားတွေ အစုအပြုံလိုက် မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်ဟာ အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေတွေအရ အရေးယူဖို့ လိုအပ်နေပြီလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
"နိုင်ငံတကာမှာ ရှိနေတဲ့ တရားဥပဒေ ဖော်ဆောင်တဲ့ လမ်းကြောင်းကို အခုကတည်းက ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ပြင်ဆင်ထားရုံတင်မကဘဲနဲ့ အမြန်ဆုံး တရားစွဲဆို အရေးယူနိုင်ဖို့အတွက် အလျင်အမြန် လုပ်ဆောင်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ဒါမှ မဟုတ်လို့ရှိရင်တော့ ပြည်တွင်းမှာ သေဆုံးခဲ့ရတဲ့ မတရား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံရတဲ့သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒါမျိုးလုပ်ဆောင်မှု အားနည်းလေလေ အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်မှုတွေ ထပ်ဖြစ်နိုင်တယ်။ လူထုတွေအတွက်ပိုပြီးတော့ ခံစားရမှာ ဖြစ်တဲ့အတွက် အမြန်ဆုံး နိုင်ငံတကာ လမ်းကြောင်းက ဖိအားပေးတာရယ် တရားဥပဒေအရ ဖော်ဆောင်သွားဖို့ အထူးလိုအပ်နေပါပြီ"
ယင်းမာပင် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒိဇင်ဘာ ၇ ရက် မနေ့မနက်ပိုင်းက ဒုံးတောရွာသားတွေ မီးရှို့ သတ်ဖြတ်ခံရမှုအပြီး ညပိုင်းမှာလည်း စစ်တပ်နဲ့ သူတို့တပ်ဖွဲ့အကြား တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"ကျနော်တို့ဘက်ကတော့ ကျတာ မရှိသေးဘူး။ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာ ဘာမှ မရှိသေးဘူး။ ရွှေတောင်ဦးကုန်းမှာက မနေ့က လက်နက်ကြီးနဲ့ အရင်ဆုံးပစ်တယ်။ ကျနော်တို့က ပြောက်ကျားနည်းနဲ့ သွားတာပေါ့။ ကြာရှည် မတိုက်ဘူးပေါ့ဗျာ။ တစ်ဆင့်ချင်း လုပ်တယ်။ ပစ်တယ်၊ ခတ်တယ်။ ပြီးရင် ကျနော်တို့ ပြေးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ချင်းက မမျှတဲ့အတွက်ကြောင့်မိုလို့ ပစ်တယ်၊ ခတ်တယ်။ ပြေးတယ်။ သူတို့ အလစ်အငိုက်ကိုပဲ ကျနော်တို့ ဝင်တိုက်တာပေါ့"
လက်ရှိ ခုခံမှုအရှိန်မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းမှာ ကနီ၊ ယင်းမာပင်၊ ပုလဲနဲ့ ဆားလင်းကြီးဒေသတွေဟာ စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်တပ်ကို ရရာလက်နက်နဲ့ အစောဆုံး စတင်တော်လှန်ခဲ့တဲ့ မြို့နယ်တွေဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်း၊ ကြည်းကြောင်းသာမက လေကြောင်းကနေပါ စစ်ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်နှိမ်နင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း စစ်ကိုင်းတိုင်း တစ်ခုလုံးမှာ သေဆုံးသူ အရပ်သား ၄၀၀ ကျော်အထိ ရှိနေပါပြီ။