မြစ်ကြီးနားမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦး လွတ်မြောက်
ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တဝိုက်မှာ နေထိုင် သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက် လာပါတယ်။
-
2014-11-11 -
-
-
ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တဝိုက်မှာ နေထိုင်သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူ ၁၁ ဦးဟာ မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက် "အေ" မှာ နေထိုင်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောင်္ကျားလေး ၈ ဦး ဖြစ်တယ်လို့ ဒီနေ့ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မခေါ်ဆားရ်က ပြောပါတယ်။
"ယူနီဖောင်းတော့ ဝတ်မထားဘူးပေါ့၊ လက်နတ်တော့ကိုင်တယ်၊ ဒီမှာ သူငယ်ချင်းတွေလည်းရှိတယ်ဆိုပြီးတော့ အဲ့လိုခေါ်သွားတယ်၊ အယောက် ၂၀ ကျော်လောက်ပါသွားတယ်၊ ဒီရွာက ၁၁ ယောက်၊ တောတစ်နေရာမှာ စုပြီးတော့ လမ်းမပေါ်ရောက်တော့ သုံးလေးငါးယောက်တော့ ခေါ်သွားတယ်၊ မိန်းကလေးလေးက ၃ ယောက်၊ ယောင်္ကျားလေးက ၈ ယောက်"
ဖမ်းဆီးခံခဲ့ရသူတွေဟာ လီဆူ၊ ရဝမ်၊ ဂျိန်းဖောစတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေဖြစ်ပြီး ကြာရာပတ္တီးရပ်ကွက် "အေ" က ၁၁ ယောက်နဲ့ ကျန်တဲ့သူတွေက မြစ်ကြီးနားမြို့ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ရပ်ကွက်တွေမှာ နေထိုင် သူတွေဖြစ်တယ်လို့ သိရပါတယ်။
ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။