ကေအိုင်အေ ဖမ်းသွားတဲ့ ကျောင်းသား ၁၄ ဦး ပြန်လွတ်
2017.11.13
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၁ရက်နေ့က ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေထဲက ၁၄ ယောက်ကို မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားမိဘတွေက ပြောဆိုလာလို့ PCG က ကေအိုင်အိုဗဟိုကို အကြောင်းကြားပြီး နောက်နေ့မှာ ကျောင်းသူ ၄ ယောက်နဲ့ ကျောင်းသား ၁၀ ယောက်ကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ဒီနေ့ ပြောပါတယ်။
"အဝေးသင်တက္ကသိုလ ်ကျောင်းသူကျောင်းသားတွေရယ်၊ ဝန်ထမ်းတချို့အဲ့ဒီမှာ ပျော်ပွဲရွှင်ပွဲ သွားတဲ့နေရာမှာ ကေအိုင်အေက စစ်သားစုဆောင်းတဲ့နေရာမှာ သူတို့ ခေါ်သွားတယ်လို့သိရတယ်ဗျ။ မနေ့က ၁၀ ယောက်ကျော်တော့ ပြန်လွတ်လာတယ်လို့ပြောတယ်။ ဟုတ်တယ်။ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီး ၄ ယောက် မြန်မာအမျိုးသမီးပေါ့လေ။ အဲတာပြန်လွတ်ပေးတယ်။ အမျိုးသား ၁၀ ယောက်။ ၁၂ ရက်နေ့က ပြန်လွတ်ပေးတယ်ဆိုတာသိရတယ်ဗျ။ နောက်ဆုံးအခြေအနေ ကျနော်သိတာက ၁၄ ယောက်ပဲ ပြန်လွတ်ပေးတာသိရတယ်ဗျ။ အတိအကျတော့ မသိသေးဘူး"
မလွတ်မြောက်သေးဘဲ တပ်သားသစ်အဖြစ် စုဆောင်းခံထားရတဲ့ လူအရေအတွက်ကိုတော့ မသိဘူးလို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
ကေအိုင်အေက တပ်သားသစ်စုဆောင်းတာ ဆက်ကြေးကောက်ခံတဲ့ကိစ္စမျိုးတွေအပြင် တပ်မတော် နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေမှာလည် PCG အဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးလေ့ရှိပြီး အခုလို ကိစ္စမျိုးတွေ မကြုံတွေ့ရဖို့ဆိုရင် ငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်မှာ ကေအိုင်အေက ဒေသခံလုပ်ငန်းရှင်တွေထံကနေ ငွေကြေးကောက်ခံနေ တယ်လို့ သတင်းတွေထွက်နေပေမယ့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့PCG ထံ လာရောက်အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဆိုင်လော်၊ ကောင်ခမ်းစတဲ့ ရွာတွေက ရှမ်းတိုင်းရင်းသားတွေ နဲ့အတူ ငှက်ပျောခြံလုပ်သားစုစုပေါင်း ခန့်မှန်းအယောက် ၅၀ ကျော်ကို ကေအိုင်အေ တပ်ရင်း ၃ က ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ကေအိုင်အေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးသူတွေကို တပ်သားသစ်အဖြစ် စုဆောင်းလေ့မရှိကြောင်း ကေအိုင်အိုက RFA ကို ပြောဆိုထားဖူးပါတယ်။