ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၈ ဦး ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခံရ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆိုခံခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာဒေသခံ ၁၈ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာသားအချို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီ ဖမ်းဆီးသွားစဉ်။ Citizen Journalist

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆို ခံခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာဒေသခံ ၁၈ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တောင်လေးလုံးအကျဉ်းထောင်တရားရုံးက ဒီဇင်ဘာလ ၂၁ ရက်မှာ တစ်ပြိုက်နက်တည်း အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အကြမ်းဖက်မှုဥပဒေနဲ့ သုံးနှစ်စီ ချလိုက်တာဟုတ်ပါတယ်။ အလုပ်တော့မပါဘူး။ သူတို့ချုပ်ရက်တွေကို ပြစ်ဒဏ်ကနေ ထုတ်နုတ်ခံစားခွင့်ပါတယ်။ အားလုံး ၁၈ ယောက်ကို တစ်ပြိုင်နက်တည်း ချလိုက်တာပေါ့။ အသက်အရွယ်ကြီးတဲ့သူတွေလည်း ပါတယ်"

စစ်ကောင်စီက သူတို့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးချိန်မှာ စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အသက် ၅၀ အရွယ်နဲ့ အသက် ၇၀ အရွယ် အမျိုးသားနှစ်ဦးက စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သူတို့က ရွာသားတွေ။ တိုက်ပွဲဖြစ်ပြီးတော့ အိမ်မှာအစောင့်ဆိုပြီး ကျန်နေတာကို စစ်တပ်က ဝင်လာတော့ တစ်ယောက်ချင်းစီကို လိုက်စုပြီးတော့ ကြိုးတုပ်ခေါ်သွားတာ။ စုစုပေါင်း အယောက်နှစ်ဆယ်ရှိတာ။ နှစ်ယောက်တော့ စစ်ကြောရေးအချုပ်မှာပဲ ထုထောင်းခံရပြီး သေသွားတာ"

ဖမ်းဆီးထောင်ချခံရတဲ့ အမျိုးသားတွေဟာ အသက် ၂၀ ကနေ အသက် ၆၀ ကြား အရွယ်တွေ ဖြစ်တယ်လို့ သူကပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဒီဇင်ဘာလ ၁ ရက်အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်း ဒေသခံ ၂၈၀ ဦး ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org