ကိုးလကျော်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၉၈ ဦးခန့် သေဆုံးကြောင်း စစ်ကောင်စီထုတ်ပြန်
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးပြီး ၁၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ဒီနေ့ဖော်ပြပါတယ်။
- 2021-11-19
-
-
-
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးပြီး ၁၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာက ဒီနေ့ဖော်ပြပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထဲမှာ သေဆုံးသူ ၁၄၀ ဦးနဲ့ ဒဏ်ရာရသူ ၈၈ ဦး၊ ရာအိမ်မှူးတွေထဲမှာ သေဆုံးသူ ၅၂ ဦးနဲ့ ဒဏ်ရာရသူ ၅၅ ဦး၊ ရပ်ကျေးစာရေးတွေထဲမှာ သေဆုံးသူ ခြောက်ဦးနဲ့ ဒဏ်ရာရသူ ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေဟာ CRPH၊ NUG၊ PDF အဖွဲ့တွေက အုပ်ချုပ်ရေးယန္တရားပျက်ပြားစေဖို့နဲ့ ပြည်သူလူထုကို အကြောက် တရား လွှမ်းမိုးစေဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာလို့လည်း ပါရှိပါတယ်။
ရန်ကုန်မြို့က ဒလန်ရှင်းလင်းရေးအဖွဲ့တစ်ခုက ပြောခွင့်ရှိသူတစ်ဦးကတော့ သူတို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို အဓိကပစ်မှတ်ထားနေတာလို့ ပြောပါတယ်။
"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ရာကျော် သေတယ်ပြောတာ နည်းတာပေါ့။ ကျနော်တို့က စစ်တပ် ဒေါက်တိုင်ကို ရတဲ့နည်းနဲ့ အကုန်ဖြိုချမှာ။ သူတို့လူတွေ သေမှ အသံထွက်တယ်။ အပြစ်မဲ့ ပြည်သူတွေကို ပစ်သတ်တုန်းကကျ အသံမထွက်ဘူး။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကိုရဖို့ ကျနော်တို့က အကုန်ရှင်းမှာ"
စစ်ကောင်စီက ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်းပြည်နယ်တွေက ဖြစ်ပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ သေဆုံးသူ ၅၅ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းကတော့ သေဆုံးသူ ၄၄ ဦးနဲ့ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းကတော့ သေဆုံးသူ ၃၀ ဦးနဲ့ တတိယအများဆုံးဖြစ်ပါတယ်။