ဖားကန့်မှာ အရပ်သား ၂၀ ဝန်းကျင် ဖမ်းဆီးခံရ
ဖားကန့်မြို့ မှော်စီစာရွာက အရပ်သား ၂၀ ဝန်းကျင်လောက်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားပါတယ်။
-
RFA Burmese
2023-02-16 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီစာရွာက အရပ်သား ၂၀ ဝန်းကျင်လောက်ကို ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ရွာကို ကားသုံးစီးနဲ့ရောက်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်အိမ်တက်ဆင်း လိုက်ရှာ၊ လိုက်စစ်ပြီး ဖမ်းသွားတာပေါ့။ အခုလို ရှောင်တခင် ဖမ်းခံရတာက အခုနောက်ပိုင်း တော်တော်ဖြစ်လာတယ်၊ စစ်တာဆေးတာကလည်း အရမ်းများလာတော့ ဒေသခံတွေအတွက် အခက်ခဲဖြစ်တာပေါ့”
ဖမ်းဆီးခံရသူအများစုက အမျိုးသားတွေဖြစ်ပြီး အဲဒီရွာမှာ နေထိုင်တဲ့ ဒေသခံရွာသားတွေ ပါဝင်သလို၊ ရေမဆေးကျောက်ရှာဖွေသူတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးသွားသူတွေကို ဘယ်ကိုခေါ်သွားတယ်၊ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားသလို ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားတာကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်အခဲ တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။