လက်ပံတန်း အကြမ်းဖက်မှု ဖမ်းထားသူ မြို့ခံ ၂၀ ပြန်လွတ်

လက်ပံတန်းမြို့ကျောင်းသားသပိတ် စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြို့ခံ ၂၀ ဦးကို သက်ဆိုင်ရာက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို ထောက်ခံကြောင်း မတ်လ ၄ ရက်နေ့က လက်ပံတန်းမြို့ခံတွေ ဆန္ဒပြစဉ်။ Photo: Kyaw Zaw Win,Myo Thant Khaing/ RFA

လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြို့ခံ ၂၀ ဦးကို သက်ဆိုင်ရာက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီမြို့ခံ ၂၀ ဦးဟာ ဗွီဒီယိုမှတ်တမ်းတွေကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်တာမရှိတဲ့အတွက် ဒီနေ့ နေ့လယ်က အပြီးလွှတ်ပေးလိုက်တာ ဖြစ် တယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းစိန်က ပြောပါတယ်။

"ဝန်ခံကတိလည်းမရှိဘူး၊ ရုံးချိန်းလည်းမရှိပါ ဘူး၊ ပြစ်မှုဆိုင်ရာ ကျင့်သုံးဥပဒေပုဒ်မ ၁၆၉ လို့ခေါ်ပါတယ်၊ အမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးတဲ့အခါမှာ ပြစ်မှုကျူးလွန်တဲ့အကြောင်း မပေါ်ဘူးပေါ့ခင်ဗျာ၊ တရားစွဲတင်ဖို့ ခိုင်လုံတဲ့အထောက်အထားတွေမရှိဘူပေါ့၊ အဲ့ဒါကြောင့်လွှတ်တာပါ၊ သက်သေတွေစစ်တယ်၊ တရားခံတွေစစ်တယ်၊ ဗွီဒီယိုမှတ်တမ်းတွေရှိတယ်၊ ဗွီဒီယိုမှတ်တမ်းတွေထဲမှာ ပြစ်မှုကျူးလွန်တဲ့သူတွေပါရင် အဲ့လိုလူမျုးိတွေက လွှတ်တဲ့အထဲပါမှာမဟုတ်ဘူး၊ တရားစွဲတဲ့အထဲပါမှာ"

ဒီနေ့ လွတ်မြောက်လာသူတွေဟာ  လက်ပံတန်းမြို့ခံ ၁၉ ဦးနဲ့ မင်းလှမြို့ခံတစ်ဦး ဖြစ်ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ဟာ လက်ပံတန်း မြို့ အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ တားဆီးခံရပြီး ၉ ရက်အကြာမှာ အကြမ်းဖက်ဖြိုခွင်းခံရတာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုကြောင့် ကျောင်းသား ကျောင်းသူတွေနဲ့ သပိတ်စစ်ကြောင်းကိုကူညီသူ စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီထဲက အမှန်တကယ် ကျောင်းတက်ရောက်နေသူ ၂၈ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ့ဝန်ထမ်းကို နာကျင်စေမှုစတဲ့ ပုဒ်မ ၅ခုနဲ့ တရားစွဲခံထားရတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူ ၈၀ နီးပါး ကျန်နေပါတယ်။

ပဲခူးတိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းစိန်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org