အရာတော်မှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် နေအိမ် နှစ်ရာခန့် မီးရှို့ခံရ

အရာတော်မြို့နယ် တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လေကြောင်းကပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် နှစ်ရာခန့် မီးလောင်ပျက်စီးပြီး သေဆုံးတဲ့ အရပ်သား ငါးဦးအထိရှိလာပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ကို တွေ့ရစဥ်။ အရာတော်မြို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကျေးရွာတွေကို ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လေကြောင်းကပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် နှစ်ရာခန့် မီးလောင်ပျက်စီးပြီး သေဆုံးတဲ့ အရပ်သား ငါးဦးအထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့မနက်က အရာတော်မြို့နယ်တောင်ပိုင်း ဝါးတောမ၊ မကျီးစု၊ ရေယဉ်သာ၊ ဘော်ကုန်း စတဲ့ ကျေးရွာတွေကို အင်အား တစ်ရာကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အဲဒီရွာတွေက နေအိမ် နှစ်ရာခန့်ကို မီးရှို့ဖျက်ဆီးခဲ့ရသလို ဒေသခံ အမျိုးသားနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညနေပိုင်းမှာပဲ အရာတော်မြို့နယ်တောင်ပိုင်း မလဲသာနဲ့ ကန်ရင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ပြီးနောက် မြေပြင်ကနေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသားနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်မြို့နယ်တောင်ပိုင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်တာ မလဲသာရွာက တစ်ယောက်သေတယ်။ ၁၄ ရက်နေ့ညပိုင်းမှာကျတော့ ကန်ရင်းရွာက နှစ်ယောက် ရွာထဲပြန်ဝင်ပြီး ဆေးယူတဲ့အချိန် စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ တစ်ယောက်က ၁၄ နှစ်ပဲရှိသေးတယ်”

အရာတော်မြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းရွာတွေကို စစ်ကြောင်းထိုး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ငါးဦးလုံးဟာ အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလဲသာနဲ့ ကန်ရင်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မှာတော့ အရာတော်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို ဆက်လက်ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၈၈၄ ဦးအထိရှိလာနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org