အခြေခံဥပဒေ ပြင် ဆင်နိုင်ရေးကော်မတီ ပထမဆုံး အစီရင်ခံစာ တင်သွင်း
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည်ဖော် မှုကော်မတီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ အပါအဝင် အခန်းပေါင်း ၇ ခန်းကို လေ့လာဆွေးနွေး ပြီးဖြစ်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ ပါတယ်။
-
2014-07-23 -
-
-
Your browser doesn’t support HTML5 audio
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ အပါအဝင် အခန်းပေါင်း ၇ ခန်းကို လေ့လာဆွေးနွေးပြီးဖြစ်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ကော်မတီရဲ့ ပထမဆုံးအစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ တာဖြစ်ပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အစည်းအဝေး ၃ဝ ကြိမ်အတွင်း ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၅ ခန်း ပုဒ်မပေါင်း ၄၅၇ ခုနှင့် ဇယား ၁၊ ၂၊ ၃၊ ၄၊ ၅ ရှိသည့်အနက် အခန်း ၁၊ အခန်း ၂၊ အခန်း ၃၊ အခန်း ၄၊ အခန်း ၅၊ အခန်း ၆ နှင့် အခန်း ၁၂ တို့တွင် ပါရှိသည့် ပုဒ်မပေါင်း ၃၄ဝ ခုကို လေ့လာဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်"
ကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ ပြည်သူတွေ တပ်မတော်သား အစုအဖွဲ့တွေနဲ့ အဖွဲ့အစည်းအသီးသီးကပေးပို့တဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး လေ့လာသုံးသပ် တာဖြစ်ကြောင်းလည်း ဦးအေးမောက်က တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၁၄ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီနဲ့ ဖွဲ့စည်းထားတဲ့ ၃၁ ဦးကော်မတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းထွက်ပေါ်လာတဲ့အထိ တာဝန် ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
အဲ့ဒီကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွဲ့စည်းထားတာဖြစ်ပြီး အစည်းအဝေးပေါင်း အကြိမ် ၃၀ ကျင်းပ ပြီးနောက် ဒီနေ့မှာ ပထမဆုံးအစီရင်ခံစာကို တင်သွင်းတာဖြစ်ပါတယ်။
၃၁ ဦးကော်မတီမှာပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။